ရန်ကုန်လေဆိပ်အတွင်း ခရီးသည်ပို့ဆောင်၊ ကြိုဆိုရန် ယာယီဝင်/ထွက်ခွင့်ကတ်ဖြင့်ဝင်ရောက်နိုင်

ရန်ကုန်လေဆိပ်အတွင်း ခရီးသည်ပို့ဆောင်၊ ကြိုဆိုရန် ယာယီဝင်/ထွက်ခွင့်ကတ်ဖြင့်ဝင်ရောက်နိုင်

ရန်ကုန် စက်တင်ဘာ ၂၀

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ခရီးသည်ပို့ဆောင်၊ ကြိုဆိုရန် ယာယီဝင်/ထွက်ခွင့်ကတ် ဖြင့် ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သိရသည်။

ခရီးသည် ပို့ဆောင်၊ ကြိုဆိုရန် လေဆိပ် Public Area  ယာယီဝင်/ထွက်ခွင့်ကတ်ထုတ်ယူရာတွင်  မည်သည့် အခကြေးငွေမျှပေးရန်မလိုဘဲ ယာယီဝင်/ထွက်ခွင့်ကတ်ပြားကိုချိတ်ဆွဲ၍ ဂိတ်အမှတ် (၂)မှ  အစစ်ဆေးခံဝင်ရောက်ကာ  ဂိတ်အမှတ်(၆)မှ  ပြန်လည်ထွက်ခွာရမည်ဖြစ်သည်။ ထို့ပြင် လေဆိပ် Terminal Public Area အတွင်း  ခရီးသည်ပို့ဆောင်၊  ကြိုဆိုစဉ် ယာယီဝင်/ထွက်ခွင့် ကတ်ပြားကို အမြဲတမ်း ချိတ်ဆွဲထားရမည် ဖြစ်သည်။

လေဆိပ် Terminal Public Area အတွင်း ခရီးသည်ပို့ဆောင်၊ ကြိုဆိုစဉ် လေဆိပ်၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာရမည်ဖြစ်သကဲ့သို့   ခရီးသည် ပို့ဆောင်၊  ကြိုဆိုရန် ထုတ်ယူထားသော လေဆိပ် Public Area ယာယီဝင်/ထွက်ခွင့် ကတ်အား  အလွဲသုံးစား ပြုလုပ်ပါက အဆိုပါကတ်ကိုဖြုတ်သိမ်း၍ သက်ဆိုင်ရာမှ အရေးယူခြင်းခံရမည် ဖြစ်သည်။ ထို့ပြင် ခရီးသည်လိုက်ပါ ပို့ဆောင်၊ ကြိုဆိုရန် ထုတ်ယူထားသောလေဆိပ် Public Area ယာယီဝင်/ထွက်ခွင့် ကတ်ပြားကို  ဂိတ်အမှတ်(၆)၌ ပြန်လည်အပ်နှံပြီးမှ ထွက်ခွာရမည်ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသွားပြည်သူများအတွက် စဉ်ဆက်မပြတ် ဘေးကင်း လုံခြုံစိတ်ချမှုရှိစေသော လေဆိပ်အသုံးပြု အတွေ့အကြုံကောင်းများဖြစ်စေရန် လိုက်ပါပို့ဆောင်သူ၊ ကြိုဆိုသူများ အနေဖြင့် သက်ဆိုင်ရာလုံခြုံရေးများ၏ စစ်ဆေးမှုကိုခံယူရမည်ဖြစ်ပြီး စုံစမ်းမေးမြန်း လိုပါက လေဆိပ် Terminal ဝင်ပေါက်အနီးရှိ Meet & Greet Counter တွင် မေးမြန်းနိုင်ကြောင်း သိရသည်။

 ခင်မောင်တင်