၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်

၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်

နေပြည်တော်  စက်တင်ဘာ  ၂၁

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသော  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်   ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျန်းစုပြည်နယ် လဲ့ယွင်းဂန်(Lianyungang)မြို့ Lianyung New City Hotel ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်  ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်  (The 2023 Conference of Global Public Security Cooperation Forum) ဖွင့်ပွဲသို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း ၅၀ကျော်မှ လုံခြုံရေးဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်    တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiaohong က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံများမှ လုံခြုံရေးဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်ကိုယ်စားလှယ်များက နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ   နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mr. Wang Xiaohong တို့သည် အဆိုပါ ဟိုတယ်ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နှစ်ကာလရှည်ကြာစွာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ ဆောင်ရွက်ခဲ့မှု၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံပြည်သူများ  အပြန်အလှန် ကူးလူးဆက်ဆံသွားလာနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံနယ်စပ်မှ တရားမဝင် ဝင်/ထွက်မှု မရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် Online Game လောင်းကစားမှုများ မရှိစေရန် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်-မြန်မာ-ထိုင်း-လာအိုလေးနိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊   လူကုန်ကူးမှုများ၊   မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ငွေကြေးလိမ်လည်မှုများကို ထိရောက်စွာဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည့် အောင်မြင်မှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးမည့် အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ  ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-တရုတ် နယ်စပ်၊ မူဆယ်-ရွှေလီ ဝင်/ထွက်ဂိတ်မှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနှင့်တရုတ်နိုင်ငံသားများ အပြန်အလှန်ဝင်ထွက်

ခွင့်ပြုရေး စီစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။