ခုံသမာဓိကောင်စီ၊ ခုံသမာဓိအဖွဲ့၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

ခုံသမာဓိကောင်စီ၊ ခုံသမာဓိအဖွဲ့၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

ရန်ကုန်  စက်တင်ဘာ       ၂၁

 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းရန်ဖွဲ့စည်းထားသည့် ခုံသမာဓိ ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့     အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများ  တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီတွင်  ကနဦးဖြေရှင်း၍  ပြေလည်မှုများရရှိနေမှုကြောင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းမှုကို များစွာအထောက်အကူဖြစ်စေကြောင်း၊ ပြေငြိမ်းမှုမရသည့်  အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဖြင့်ဖြစ်စေ၊ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးရမည့် ကိစ္စရပ်များအတွက် အထူးညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (မြို့နယ်ပေါင်းစပ်အဖွဲ့)တို့ဖြင့်ဖြစ်စေ ဖြေရှင်းပေးလျက်ရှိကြောင်း။

ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အနေဖြင့် သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များနှင့် အညီ နှစ်ဖက်ခေါ်ယူ၍ ဖျန်ဖြေပေးရာတွင်  အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကိုသာ ညှိနှိုင်းဖျန်ဖြေပေးရန်လိုပြီး အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာဦးစီးဌာနများမှ ဖြေရှင်းပေးလျက်ရှိကြောင်း၊ ခုံသမာဓိ အဖွဲ့အနေဖြင့် သက်ဆိုင်ရာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တင်ပြလာသည့် အငြင်းပွားမှုများကို အဖွဲ့ဝင်များအနေဖြင့် အကျေအလည် ညှိနှိုင်းဆွေးနွေးပြီး အလုပ်ရှင်နှင့် အလုပ်သမားများ၏အကျိုးကို တရား မျှတမှန်ကန်စွာ ကြားနာစစ်ဆေးရမည်ဖြစ်ကြောင်း၊ ဥပဒေကအပ်နှင်းထားသည့်အခွင့် အာဏာထက် ကျော်လွန်ဆောင်ရွက်ခြင်း မပြုရန်နှင့် အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိစေရန်၊ အလုပ်ရှင်၊ အလုပ်သမားအကြား  ဘက်လိုက်မှုမရှိဘဲ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရေး လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ကြားနာစစ်ဆေးရန် အကျုံးမဝင်သည့် အငြင်းပွားမှုများကို သက်ဆိုင်ရာ သီးခြားဥပဒေဖြင့် စိစစ်ဖြေရှင်းနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများကို ရှင်းလင်းပြောကြားထားရန်လိုကြောင်း။

ခုံသမာဓိကောင်စီအဖွဲ့ဝင်အနေဖြင့် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသဖြင့် ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် တင်သွင်းသည့် လျှောက်ထားလွှာများကို လက်ခံရရှိသည်နှင့် ခုံအဖွဲ့ဖွဲ့စည်း၍ ကြားနာစစ်ဆေးရာတွင် စစ်ဆေးချက်များ၊ သက်သေခံခြင်းများအပေါ် အခြေခံပြီး လွတ်လပ်စွာဖြင့် အလုပ်ရှင်နှင့်အလုပ်သမားတို့အတွက် မျှတသောဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်ကြောင်း၊   ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များသည်  တိုင်းဒေသကြီး၊ ပြည်နယ် ခုံသမာဓိအဖွဲ့ဝင်များက အကိုးအကားပြုလေ့လာရမည့်   ဆုံးဖြတ်ချက်သာဓကများဖြစ်ရမည့်အပြင်   ခုံသမာဓိ ကောင်စီသည်အလုပ်ရှင်၊ အလုပ်သမားများအတွက်   အားကိုးအားထားပြုရသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း။

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)တွင် ဆွေးနွေးညှိနှိုင်းမှု အားကောင်းခြင်းဖြင့် အငြင်းပွားမှုများကို လျော့ကျစေနိုင်သဖြင့် စက်ရုံ၊  အလုပ်ရုံ၊ အလုပ်ဌာနများတွင် (WCC) တိုးမြှင့်ဖွဲ့စည်းရေး သက်ဆိုင်ရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖျန်ဖြေရေးအရာထမ်းများအနေဖြင့် အငြင်းပွားမှုဖြစ်ပွားသည့် အခြေခံအကြောင်းရင်းများ၊ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်သည့် စက်ရုံများ၏ အလေ့အထများနှင့် အငြင်းပွားမှု မဖြစ်ပွားစေရန်   ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို အလုပ်ရှင်နှင့်အလုပ်သမားများအား   အသိပညာပေးဆွေးနွေးခြင်း၊ တစ်ဦးချင်းညှိနှိုင်းဖျန်ဖြေမှု စွမ်းဆောင်ရည် မြင့်မားလာစေရန်  အရာထမ်း အချင်းချင်း အတွေ့အကြုံများ  အပြန်အလှန် ဆွေးနွေးဖလှယ်  ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေး  ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။