ပုဂ္ဂလိကကျောင်းတည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တွေ့ဆုံ

ပုဂ္ဂလိကကျောင်းတည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တွေ့ဆုံ

ရန်ကုန် စက်တင်ဘာ ၂၁

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည်  ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် သထုံလမ်းရှိ  အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျောင်းတည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပုဂ္ဂလိကပညာရေး ဥပဒေလိုက်နာဆောင်ရွက်ရေးကိစ္စ၊ ပုဂ္ဂလိက ကျောင်းဆိုင်ရာ နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်ခွင့်ဗီဇာနှင့် ဗီဇာသက်တမ်းတိုးခွင့်ကိစ္စ၊ ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ရေးကိစ္စနှင့် ပုဂ္ဂလိကကျောင်းဆရာများ မှတ်ပုံတင်ရေးကိစ္စတို့ကို အပိုင်းလေးပိုင်းခွဲ၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပုဂ္ဂလိကကျောင်းများအနေဖြင့် နေ့စဉ်နိုင်ငံတော်အလံအလေးပြုခြင်း၊    နိုင်ငံတော် သီချင်းသီဆိုခြင်းတို့ကို  မပျက်မကွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျက်စီးစေရန်အတွက် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်ဘာသာရပ်များကို ဥပဒေနှင့်အညီသင်ကြားရမည်ဖြစ်ကြောင်း၊  ပုဂ္ဂလိကအခြေခံပညာ သင်ရိုးသင်ကျောင်းများ၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းသင် အခြေခံပညာကျောင်းများအားလုံး ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်၊ စာမေးပွဲကျင်းပရက်များသည် နိုင်ငံတော်က ဖွင့်လှစ်သည့်ကျောင်းများနှင့် တစ်ပြေးညီတူညီရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊    အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌ၊  ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးတို့က ဆရာဖြစ် လက်မှတ်ရရှိရေး၊ နိုင်ငံခြားသားဆရာများ ဗီဇာရရှိရေး၊ ပုဂ္ဂလိကကျောင်းများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပုဂ္ဂလိကကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြသော ပုဂ္ဂလိကကျောင်းများမှ   ကိုယ်စားလှယ်များက သိရှိလိုသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ သြဂုတ် ၁၆ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသော မြို့နယ်ပညာရေးမှူးများအတွက် ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းသို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း    သိရသည်။