တရုတ်နိုင်ငံသို့ အောက်တိုဘာလမှစ၍ ပြောင်းတန်ချိန် ၄၀၀၀၀ မှ ၆၀၀၀၀ ခန့် တင်ပို့ရန်စီစဉ်

တရုတ်နိုင်ငံသို့ အောက်တိုဘာလမှစ၍ ပြောင်းတန်ချိန် ၄၀၀၀၀ မှ ၆၀၀၀၀ ခန့် တင်ပို့ရန်စီစဉ်

ရန်ကုန်  စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများမှထွက်ရှိသော  ပြောင်းတန်ချိန် ၄၀၀၀၀ မှ ၆၀၀၀၀ ခန့်ကို တရုတ်နိုင်ငံသို့ အောက်တိုဘာလမှစ၍ တင်ပို့ရန်စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

နှစ်စဉ် အောက်တိုဘာလမှစ၍ မြန်မာနိုင်ငံမှ ထွက်ရှိသော ပြောင်းတန်ချိန် ၄၀၀၀၀ မှ ၆၀၀၀၀ ခန့်အားတရုတ်နိုင်ငံမှ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးကို အားပေးကူညီသည့် အနေဖြင့် ဝယ်ယူလျက်ရှိရာ အလားတူ ယခုနှစ်တွင်လည်း အောက်တိုဘာလမှစ၍တင်ပို့ရန်   စီစဉ်ဆောင်ရွက်လျက်ရှိပြီး    အဓိကအားဖြင့် ရှမ်းပြည်နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိသော    ပြောင်းများကို ဦးစားပေး  တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလကုန်တာနဲ့ တရုတ်နိုင်ငံဘက်ကနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့  အရှေ့ပိုင်းဒေသတွေကထွက်ရှိတဲ့ပြောင်းတွေကို Border Trade  ကနေ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးကို အားပေးကူညီတဲ့အနေနဲ့ ဝယ်ယူလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် နှစ်စဉ် ပြောင်းတန်ချိန်  ၄၀၀၀၀  ကနေ  ၆၀၀၀၀ လောက်အထိ ဝယ်ယူတယ်။ အဲဒီလိုတင်ပို့တာအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု  အာဏာပိုင်အဖွဲ့ (GACC) မှာ  မှတ်ပုံတင်လျှောက်ထားပြီးတော့လည်း   တင်ပို့နိုင်အောင်   စီစဉ်ဆောင်ရွက်နေပါတယ်။   ပြီးခဲ့တဲ့နှစ်က  GACC ကနေ  အသိအမှတ်ပြုထားတဲ့ ကုမ္ပဏီတွေလည်း ဆက်လက်တင်ပို့လို့ ရအောင်စီစဉ်နေပါတယ်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင်နာယက ဦးမင်းခိုင်ကပြောသည်။

ယခုဘဏ္ဍာနှစ်တွင် လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှထွက်ရှိသော ပြောင်းတန်ချိန် တစ်သန်းခွဲခန့်ကို   ပြည်ပနိုင်ငံများသို့ တင်ပို့ထားပြီးဖြစ်ကြောင်း၊ အဆိုပါပြောင်းများကို ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး ပင်လယ်ရေကြောင်း   ကုန်သွယ်ရေးမှတစ်ဆင့် ဗီယက်နမ်၊ အိန္ဒိယ စသည့်နိုင်ငံတို့သို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံများ၌ ပြောင်းလိုအပ်ချက် များပြားလာသည့်အတွက် ပြည်တွင်းမှ ထွက်ရှိသောပြောင်းများသည်   ပြည်ပဈေးကွက်တွင် ဝယ်လိုအားကောင်းမွန်ကာ နှစ်စဉ်ပြောင်းတန်ချိန် သန်းနှင့်ချီတင်ပို့နေရခြင်း ဖြစ်ကြောင်း၊ ထိုသို့ပြည်ပပြောင်းဈေးကွက် ရေရှည်ခိုင်မာစေရန် တောင်သူများအနေဖြင့် ပြောင်းအရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များနှင့်  ပြောင်းမျိုးစေ့များကို  အဆင့်မြှင့်တင်ရန် လိုအပ်သကဲ့သို့  ကုန်သည်များအနေဖြင့်လည်း   ပြည်ပနိုင်ငံများသို့  ပြောင်းများ တင်ပို့ရာတွင် အရည်အသွေးလျော့ကျမှုနှင့်   ပျက်စီးဆုံးရှုံးမှုမရှိစေရန်   စနစ်တကျစီစဉ် ဆောင်ရွက်သင့်ကြောင်း သိရသည်။                                    

ဆောင်းဦး