မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံရေပိုလွှဲမှ ၅ ဒသမ ၃ ပေခန့်ဆက်လက်ရေကျော်ကျ စိုးရိမ်စရာ အခြေအနေမရှိ၊ တမံရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်

မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံရေပိုလွှဲမှ ၅ ဒသမ ၃ ပေခန့်ဆက်လက်ရေကျော်ကျ စိုးရိမ်စရာ အခြေအနေမရှိ၊ တမံရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်

ပွင့်ဖြူ စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခို အားထားရသည့် ကြီးအုံကြီးဝတမံသည် ယခုရက်ပိုင်း မိုးရွာသွန်းမှုများကြောင့်တမံအတွင်း မိုးရေ ဝင်ရောက်မှုတိုးလာပြီး စက်တင်ဘာ ၂၁ ရက် နံနက် ၆ နာရီတွင် တိုင်းထွာရာ၌ တမံရေပြည့် မှတ်ဖြစ်သည့် ပေ ၃၄၀ အထက် တမံရေပိုလွှဲမှ  ၅ ဒသမ ၃ ပေခန့် ဆက်လက်ရေကျော် ကျလျက်ရှိ ကြောင်း ကြီးအုံကြီးဝတမံမှ တာဝန်ခံ လက်ထောက်အင်ဂျင်နီယာ ဦးစိုးတင့်ထံမှသိရသည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် စက်တင်ဘာလဆန်းပိုင်းတွင် မိုးရွာသွန်းမှုလျော့နည်းသွားသဖြင့်   တမံရေပိုလွှဲမှ ရေကျော်ကျမှု တဖြည်းဖြည်းကျဆင်းလာရာ ယခုရက်ပိုင်းတွင် ထပ်မံမိုးရွာသွန်းမှုများ ကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာ၍  တမံရေပြည့်မှတ်ဖြစ်သည့်  ပေ ၃၄၀ အထက် ၅ ဒသမ ၃ ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိသည်။ 

ထိုသို့ တမံရေပိုလွှဲမှ   ရေကျော်ကျမှုရှိသော်လည်း တမံအောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာ အခြေအနေမရှိကြောင်းနှင့်  တမံရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ   ကြံ့ခိုင်ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

အဆိုပါတမံရေပိုလွှဲမှ ရေကျော်ကျမှုနှင့်ပတ်သက်ပြီး ဝန်ထမ်းများက အလှည့်ကျ စောင့်ကြပ်ကြည့်ရှု စစ်ဆေးပြီး တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသိရှိနိုင်ရန် သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးစီမံချက်အရ နေ့စဉ်တမံအတွင်း  မိုးရေဝင်ရောက်မှုအခြေအနေကို   အချိန်နှင့်တစ်ပြေး ညီ အသိပေးနှိုးဆော်ခြင်းများ  ဆောင်ရွက်ပေးလျက်ရှိသည်။

ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံသည်  မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး  သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေဖူလုံစွာ အကျိုးပြုပေး လျက်ရှိသည့်အပြင် ယခုလို မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာပါက  ရေအား လျှပ်စစ်စက်ရုံအား ၂၄ နာရီ စက်လည်ပတ်၍ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို မဟာ ဓာတ်အား လိုင်းသို့ပို့လွှတ်ကာ ပြည်သူလူထုလျှပ်စစ်မီးသုံးစွဲနိုင်ရန် အကျိုးပြုမည်ဖြစ်သည်။

ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်သဖြင့် တမံအတွင်း မိုးရေသိုလှောင်စုဆောင်းထားရှိနိုင်ပြီဖြစ်၍ ဒေသတွင်းရှိ တောင်သူများအတွက် ရာသီအလိုက် သီးနှံများအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန် မဲဇလီ ရေလွှဲဆည်သို့ ရေများပို့လွှတ်ကာစိုက်ပျိုးရေ အလုံအလောက်ရရှိအောင် ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)