ရန်ကုန်တိုင်းဒေသကြီးအတွင်း City Taxi အစီးရေ လေးသောင်းခွဲကျော် ဘေးစတေကာ မှတ်ပုံတင်ထားပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း City Taxi အစီးရေ လေးသောင်းခွဲကျော် ဘေးစတေကာ မှတ်ပုံတင်ထားပြီးဖြစ်

ရန်ကုန်၊ မော်တော်ယာဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ City Taxi အစီးရေ လေးသောင်းခွဲကျော် ဘေးစတေကာ မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) မှ  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

City Taxi ဘေးစတေကာနံပါတ်များကို မြို့နယ်အလိုက် ပြောင်းလဲသတ်မှတ်ရာတွင် ယာဉ် သင်္ကေတ အမှတ်အသားများအဖြစ် တိုက်ကြီးမြို့နယ်၌ ယာဉ် No-1 City Taxi YGN-1/0001၊ ထန်းတပင်မြို့နယ်၌ ယာဉ် No-2၊ မင်္ဂလာဒုံမြို့နယ်၌ ယာဉ် No-3 စသည်ဖြင့် မြို့နယ်အလိုက် ပြောင်းလဲ သတ်မှတ်ထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း City Taxi အစီးရေ ခြောက်သောင်းကျော်ရှိပြီး ဘေးစတေကာ ပြောင်းလဲတပ်ဆင်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၅ မြို့နယ်၌ မြို့နယ် တစ်မြို့နယ် ချင်းစီအလိုက် မြို့နယ်သင်္ကေတအမှတ်အသားများ သတ်မှတ်ဆောင်ရွက်နေကြောင်း သိရသည်။

City Taxi မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်ကနှုန်းထားများဖြင့် ဒဏ်ကြေးများ ကောက်ခံမည် မဟုတ်ဘဲ မှတ်ပုံတင်ခ ငွေကျပ် ၃၀၀၀၊ ယာဉ်မောင်းလိုင်စင်ခ ငွေကျပ် ၆၀၀၊ ယာဉ်မောင်း လိုင်စင်ကတ်စနစ် ငွေကျပ်   ၃၅၀၀၊ ဘေးစတေကာနံပါတ်အတွက် ငွေကျပ် ၁၂၀၀ စုစုပေါင်း ငွေကျပ် ၈၃၀၀ ကျသင့်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် City Taxi များ စည်းကမ်း သတ်မှတ်ချက် များနှင့်အညီ စနစ်တကျပြေးဆွဲနိုင်ရန်၊ ခရီးသည်ပို့ဆောင်ရေးကို ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှု ပေးနိုင်ရန်၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်သော City Taxi များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှု ပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး  ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) စီမံမှုအောက်ရှိ ‘ဂ’ စင်းလုံးငှားဌာနတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်မောင်တင်