ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကျင်းပ

ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၁

ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဝင် ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်၏ အနာဂတ်သည် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၏ လက်ဝယ်တွင်ရှိကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် ဗလငါးတန်ပြည့်ဝရန်နှင့် အတတ်ပညာ၊ အသိပညာပြည့်ဝရန်လိုအပ်ကြောင်း၊ လက်ရှိတွင် ကျေးလက်နေပြည်သူများအပါအဝင် ဒေသခံတိုင်းရင်းသားများ၏ စာတတ် မြောက်မှုနှင့် အတန်းပညာတတ်မြောက်မှု အားနည်းလာသဖြင့်  ယခင်က အောင်မြင်မှုရခဲ့သည့် “အ” သုံးလုံးသင်တန်းများကဲ့သို့ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်စေရေး “ဝ၊ ထ၊ က၊ လ၊ သ” စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း။

ပညာရေးသည် နိုင်ငံအတွက် အရေးကြီးကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ် ကလေးတိုင်း လက်လှမ်းမီ သင်ယူနိုင်ရေးအပြင် ဘက်စုံပညာရေးကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ လူငယ်များ အနေဖြင့် ဗလငါးတန်ပြည့်စုံရုံသာမက မျိုးချစ်စိတ်ဓာတ်ရှိပြီး မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို  ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း  တိုက်တွန်းပြောကြားပြီး ကျောင်းစာကြည့် တိုက်အတွက်    စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းသည်။

ယင်းနောက် စာရေးဆရာ ရဲမွန်ကျော်က “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့်   ဟောပြော ဆွေးနွေးပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေး အစီအစဉ်များဖြင့်   သီဆိုတင်ဆက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗဟုသုတရရှိစေရန် “လှပသာယာပြည်မြန်မာ” ရောင်စုံ ဓာတ်ပုံများခင်းကျင်းပြသခြင်းနှင့်   ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အသိပညာပေးစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက် ပြိုင်ပွဲများကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပျော်ရွှင်ဖွယ်ဂိမ်းများကစား၍ အနိုင်ရရှိသူများကို အမျိုးသားစာပေဆုရှင် ဆရာစိုးတင့်(ဧရာဝတီ) မိသားစုကလှူဒါန်းသည့် စာရေးကိရိယာနှင့်  စားသောက်ဖွယ်ရာများ  ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)