တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် တိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် တိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရန်ကုန်  စက်တင်ဘာ       ၂၁                                                 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသား စံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(မြန်မာ)မှ ကြီးမှူး၍ တရုတ်-မြန်မာပူးပေါင်း ဆောင်ရွက်သည့် တိကျစွာတိုင်းတာခြင်း နည်းပညာဆွေးနွေးပွဲ (China-Myanmar Cooperation Symposium on Metrology) ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI ဒုတိယဥက္ကဋ္ဌ၊ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(တရုတ်)၊ တိကျစွာတိုင်းတာခြင်း နည်းပညာ သိပ္ပံ(ကွမ်ရှီး)နှင့် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ)တို့မှ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ စက်ရုံအလုပ်ရုံများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့်  ဧည့်သည်တော်များတက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အဦနှင့် တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(မြန်မာ)၏ စံကိုက်ညီမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆွေးနွေးကြပြီး တရုတ်ကျွမ်းကျင်ပညာရှင်များက မြန်မာ-တရုတ်ပူးတွဲ သုတေသနလုပ်ငန်းများ၊ အလျားတိုင်းတာဆိုင်ရာ တိကျစွာတိုင်းတာခြင်းနည်းပညာ (Dimensional Metrology)၊ အပူချိန်တိုင်းတာခြင်းဆိုင်ရာ တိကျစွာတိုင်းတာခြင်း နည်းပညာ (Temperature Metrology) တို့ကို   အသိပညာပေးဆွေးနွေးသည်။

ယင်းနောက် လုပ်ငန်းရှင်များက စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် တိုင်းတာခြင်းဆိုင်ရာ လိုအပ်ချက် များကို ဆွေးနွေးတင်ပြကြပြီး တိကျစွာတိုင်းတာခြင်းနည်းပညာဖြင့် စက်မှုလက်မှုလုပ်ငန်းများသို့ ပံ့ပိုးနိုင်မည့် နည်းလမ်းများ ခေါင်းစဉ်ဖြင့် Stakeholder များနှင့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်သို့ ရောက်ရှိပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အား နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြု တက္ကသိုလ်ကြီးတစ်ခုဖြစ်ပေါ်လာစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးနိုင်ရေး၊ တက္ကသိုလ်၏ သင်ကြားသင်ယူဆောင်ရွက်နေမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သုတေသန ဆောင်ရွက်နေမှုများ၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ မွမ်းမံသင်တန်းများ ပို့ချနေမှုများ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန် စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊  သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးတို့ကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုရီးယားနိုင်ငံ Electronics and Telecommunications Research Institute(ERTI) အဖွဲ့အစည်းနှင့်ပူးပေါင်း၍ Robotics Programming Knowledge Sharing Seminar ကို ကြည့်ရှုအားပေးပြီး တက္ကသိုလ်ရှိ စာကြည့်တိုက်၊ သုတေသန ဆောင်ရွက်နေမှု၊ အခြေခံအဆောက်အဦများနှင့် အသစ်ဆောက်လုပ်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။       

(သတင်းစဉ်)