အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၂၁

စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားလျက်ရှိ ကြောင်း၊ အဂတိလိုက်စားပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အညီ  အရေးယူခံကြရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရာထူးတာဝန်အဆင့်အလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောသားရင်သား မခွဲခြားဘဲ  မျှတစွာဖြင့် အဂတိကင်းရှင်းသည့်ဌာန၊ ပတ်ဝန်းကျင်ကောင်းတစ်ခုကို  အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု မရှိစေရေးနှင့် ပပျောက်စေရေး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit-CPU)ကို ညွှန်ကြားချက်နှင့်အညီ  ဖွဲ့စည်းထားရှိပြီး  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက် ရှိကြောင်း ပြောကြား သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ အဂတိကိုလက်မခံ သည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်  ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေ ဖြင့် ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ခြင်းဖြင့်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင်     အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်   ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဆိုင်ရာများ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိ လိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စုံစမ်းစစ်ဆေးရေး ကဏ္ဍတို့ကို ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြသည်။

ဆက်လက်၍   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများသည် စွမ်းအင်ဝန်ကြီး ဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အဂတိ လိုက်စားမှုဆိုင်ရာ ကာကွယ်တားဆီးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍  ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။

ယခုကဲ့သို့  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်း ဖြင့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ် ဒဏ်များကို ရှင်းရှင်းလင်းလင်းသိရှိပြီး အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်နစ်နာဆုံးရှုံးရသည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)