ထင်မှတ်မထားလောက်အောင် လျင်မြန်တဲ့နှုန်းနဲ့ တိုးတက်လာနေတဲ့ တရုတ်ရဲ့ စစ်ဘက်အဆင့် မြှင့်တင်မှု

ထင်မှတ်မထားလောက်အောင် လျင်မြန်တဲ့နှုန်းနဲ့ တိုးတက်လာနေတဲ့ တရုတ်ရဲ့ စစ်ဘက်အဆင့် မြှင့်တင်မှု

တရုတ်နိုင်ငံကတော့ စီးပွားရေးအင်အား တစ်နေ့တခြား ခိုင်မာတောင့်တင်းလာတာနဲ့အမျှ စစ်ဘက် အဆင့်မြှင့်တင်မှုကို လည်းတစ်ဟုန်ထိုး တိုးတက်အောင်လုပ်ဆောင်နေသည်။

ဒီလိုအဆင့်မြှင့်တင်မှုဆိုတာ တစ်ရက်၊ နှစ်ရက်တည်းနဲ့ လုပ်လို့ရတာမျိုးမဟုတ်။ ရေရှည်စီမံကိန်းရေး ဆွဲချမှတ်ပြီး စနစ်တကျ အကောင်အထည်ဖော်ရတာမျိုး ဖြစ်သည်။

အခုတော့ ဒီလိုကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်တို့က ဝေဆာပွင့်ဖူးလာပြီဟု ဆိုနိုင်သည်။     အထူးသဖြင့် တရုတ်တပ်မတော်အတွက် တိုက်ခိုက်ရေးအင်အားစုအဖြစ် တည်ရှိလာမယ့် စစ်ရေယာဉ် များနဲ့ စစ်လေယာဉ်များကို အရှိန်အဟုန်နဲ့  တည်ဆောက်လာတာတွေ့ရသည်။

ဒါ့အပြင် ဒီလိုရေယာဉ်၊ လေယာဉ်များအတွက် လိုအပ်မယ့် အဓိကမောင်းနှင်အားဖြစ်တဲ့ အင်ဂျင်များကို လည်း အဆင့်မြှင့်တင်ထုတ်လုပ်လာနိုင်တာကိုတွေ့ရသည်။

တစ်ဖက်ကကြည့်ရင် ကိုယ့်နိုင်ငံရဲ့စစ်အင်အားကို တောင့်တင်းခိုင်မာအောင် လုပ်ဆောင်တာဖြစ်ပြီး နိုင်ငံရေးဘက်ကကြည့်ရင်တော့ လက်ရှိတင်းမာနေတဲ့ အာရှ-ပစိဖိတ်ဒေသအရေးမှာ တစ်ဖက်ပြိုင်ဘက် ကို ဟန့်တားပေးမယ့် အဟန့်ကောင်းတစ်ခုလည်းဖြစ်သည်ကိုတွေ့ရသည်။

ဒီတော့ မကြာသေးမီကာလအတွင်းက တရုတ်စစ်ဘက်အနေနဲ့ ဘယ်လိုစစ်လက်နက်ပစ္စည်းတွေကို အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီလဲဆိုတာ အောက်မှာဆက်ပြီး ဖတ်ရှုလိုက်ရအောင်။

ရဟတ်ယာဉ်အင်ဂျင်အသစ်

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ထျန်ကျင်းမှာလုပ်တဲ့ ရဟတ်ယာဉ်ပြပွဲတစ်ခုမှာ ရဟတ်ယာဉ်အင်ဂျင် အသစ်ကို ထုတ်ဖော်ပြသသွားသည်။

အဲဒီအင်ဂျင်အသစ်က ၁၁၀၀ ကီလိုဝပ် တာဘိုရှပ်အမျိုးအစား အင်ဂျင်ဖြစ်တာကြောင့် စွမ်းဆောင်ရည် အင်မတန်မြင့်မားတဲ့ အင်ဂျင် တစ်လုံးလို့လည်း ဆိုနိုင်သည်။

အခုလိုမျိုးစွမ်းဆောင်ရည်မြင့် ရဟတ်ယာဉ်အင်ဂျင်ကို ထုတ်ဖော်ပြသတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီအင်ဂျင်ဟာ တရုတ်နိုင်ငံရဲ့ အလတ်စားနဲ့အကြီးစား ရဟတ်ယာဉ်များ ထုတ်လုပ်မှုအတွက် အဓိက ကျတဲ့ခြေတစ်လှမ်းဖြစ်သည်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံအနေနဲ့ အကြီးစားစစ်လက်နက်ပစ္စည်းများနဲ့ ကုန်ပစ္စည်းများကို သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် အကြီးစားရဟတ်ယာဉ်များကို မထုတ်လုပ်နိုင်သေးပါဘူး။

ဒါပေမဲ့လည်း ဒီအခက်အခဲဟာ သိပ်မကြာခင်အချိန်အတွင်းမှာ အောင်မြင်စွာကျော်လွှားသွားနိုင်မယ့် အတွေ့အကြုံတစ်ခုသာ ဖြစ်လာမည်ဖြစ်ပါသည်။

ပိုကြီးပြီးပိုအဆင့်မြင့်တဲ့ ဖရီးဂိတ်များ

တရုတ်စစ်ဘက်က သြဂုတ်လကုန်ပိုင်းတုန်းက သူတို့ထုတ်လုပ်ခဲ့တဲ့ ဖရီးဂိတ်စစ်ရေယာဉ်အမျိုးအစား တစ်မျိုးထဲကမှ အရွယ်အစားအားဖြင့် ပိုမိုကြီးမားသလို စွမ်းဆောင်ရည်ပိုင်းမှာလည်း ပိုမိုအဆင့်မြင့်တဲ့ ဖရီးဂိတ်တစ်မျိုးကို ရေချခဲ့တာတွေ့ရသည်။

အဲဒီဖရီးဂိတ်ကတော့ Type 054B အမျိုးအစားဖြစ်ပြီး ပေါင်းစည်းလျှပ်စစ် တွန်းကန်အားစနစ်ကို အသုံးပြုထားဖွယ်ရှိနိုင်တယ်လို့ ဒေသတွင်းနဲ့ ဟောင်ကောင်သတင်းဌာနတွေက ဖော်ပြထားတာ တွေ့ရသည်။

ဒါ့အပြင် ရှာဖွေတွေ့ရှိ နိုင်စွမ်းပိုမိုမြင့်မားတဲ့ အဆင့်မြင့်ပေ့ဆိုတဲ့ ရေဒါတစ်မျိုးလည်း တပ်ဆင်ထားနိုင် သည်။ ဒါတင်မကသေးပါဘူး။   ဒီဇယ်နဲ့ဓာတ်ငွေ့ပေါင်းစပ်ထားတဲ့ စွမ်းအင်ပေးစနစ်ကြောင့် သူ့ကိုရန်သူ့ ရေဒါတွေကနေ ရှာဖွေတွေ့ရှိနိုင်စွမ်း အလွန်နည်းပါးစေမယ်လို့လည်း သတင်းဌာနများကဆိုကြသည်။

အဲဒီဖရီးဂိတ်အသစ်က တန်ချိန်အားဖြင့် မက်ထရစ်တန် ၆၀၀၀ ရှိသည်။ ဒါကြောင့် လက်ရှိအသုံးပြုနေတဲ့ Type 054A နဲ့ယှဉ်ပါက မက်ထရစ်တန်ချိန် ၂၀၀၀ ပိုလေးသည်ကိုတွေ့ရသည်။

သူ့ရဲ့ပင်မလက်နက်က ၁၀၀ မီလီမီတာ စက်အမြောက်ဖြစ်သည်။ Type 054A မှာတုန်းက ၇၆ မီလီမီတာ စက်သေနတ်ကိုသာအသုံးပြုထားခြင်းဖြစ်သည်။

အရှည်အားဖြင့် ၁၄၇ မီတာနဲ့ အကျယ်အားဖြင့် ၁၈ မီတာရှိသည်။ ဒါဟာ အရှည် ၁၃၄ ဒသမ ၁ မီတာနဲ့ အကျယ် ၁၅ ဒသမ ၂ မီတာသာရှိသည့် Type 054A ထက် အရွယ်အစားအားဖြင့် များစွာပိုကြီး နေကြောင်းဖော်ပြနေသည်။

Type 054B ရဲ့ စွမ်းဆောင်ရည်ကို ခြုံငုံပြောရမည်ဆိုလျှင် ပိုမိုလျင်မြန်စွာ သွားနိုင်သည်။ ပိုဝေးသော အကွာအဝေးကို ရောက်ရှိနိုင်သည်။ သူ့ကိုရှာဖွေတွေ့ရှိရန် ပိုမိုခက်ခဲသည်။

ဒါကြောင့် သူ့ကို ရေငုပ်သင်္ဘော တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အကောင်းဆုံးအသုံးချနိုင်သလို လေယာဉ်တင်သင်္ဘောရဲ့ အစောင့်လိုက် သင်္ဘောအဖြစ်လည်း အသုံးပြုနိုင်သည်။

တစ်နည်းဆိုရလျှင် Type 054B သည် အသေးစားဖျက် သင်္ဘောတစ်စင်းကဲ့သို့ အသုံးဝင်သည်ဟု သတင်းဌာနများက ဖော်ပြထားသည်။

သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားပြီဆိုရင်တော့ ပင်လယ်ပြင်လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။ လက်ရှိမှာတော့ ရှန်ဟိုင်းနဲ့ကွမ်ကျိုးတို့ရှိ သင်္ဘောကျင်းများမှာ အဲဒီဖရီးဂိတ် နှစ်စင်းကို တည်ဆောက်နေတာ တွေ့ရသည်။

ကိုယ်ပျောက်တိုက်လေယာဉ်အတွက် စွမ်းဆောင်ရည်မြင့်တဲ့ အင်ဂျင်ကိုယ်ပျောက် တိုက်လေယာဉ် ဆိုတာ အမှန်တကယ် ကိုယ်ပျောက်တာ မဟုတ်သော်လည်း တစ်ဖက်ရန်သူရဲ့ ရေဒါမှာတော့ ရှာဖွေ ထောက်လှမ်းရန် ခက်ခဲလှသည့် တိုက်လေယာဉ်မျိုးကိုခေါ်ခြင်း ဖြစ်သည်။

ဒီလိုတိုက်လေယာဉ်မျိုးကို တရုတ်ကပိုင်ဆိုင်ထားပြီး J-20 အမျိုးအစားဖြစ်သည်။ လက်ရှိမှာတော့ အဲဒီလိုမျိုး တိုက်လေယာဉ်အတွက် အင်ဂျင်အသစ်ဖြစ်တဲ့ WS-15 အင်ဂျင်များကို လေယာဉ်များပေါ် တင်ပြီး အသေးစား စမ်းသပ်မှုတွေလုပ်ဆောင်နေသည်။

အရင်တင်ထားတဲ့အင်ဂျင်များက WS-10 အင်ဂျင်များဖြစ်ပြီး နှစ်မျိုးစလုံးကို တရုတ်ပြည်တွင်းမှာ ပင်   ထုတ်လုပ်ထားခြင်းဖြစ်သည်။ J-20 မှာတော့ ဒီလိုအင်ဂျင်မျိုးကို နှစ်လုံးတပ်ဆင်ထားသည်။

WS-10 နဲ့ WS-15 တို့ကြားကွာခြားချက်မှာ အင်ဂျင်အသစ်က တွန်းကန်အားပိုများသည်။ အမြန်နှုန်း ပိုမြင့်သည်။ အသံထက် ငါးဆလောက်မြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်စေသည်။ ဒါပေမဲ့ ဆီစားနှုန်းက မများ။ ဒါကြောင့်  အကွာအဝေးပိုရောက်နိုင်သည်။

ဒီလိုစွမ်းဆောင်ရည်များကြောင့်ပင် J-20 တိုက်လေယာဉ်က တောင်ကိုရီးယား၊ ဂျပန်နဲ့ ဂူအမ်ကျွန်းတို့ရှိ အမေရိကန်စခန်းများကို ခြိမ်းခြောက်လာနိုင်သည်ဟု သတင်းဌာနတချို့က ဖော်ပြထားသည်။

လေယာဉ်တင်သင်္ဘောနောက်တစ်စင်း

တရုတ်နိုင်ငံက လေယာဉ်တင်သင်္ဘောများကို တစ်စင်းပြီးတစ်စင်း ထုတ်လုပ်အသုံးပြုနေသည်မှာ နှစ်အနည်းငယ် အတွင်းမှာပင် လေယာဉ်တင်သင်္ဘောအများဆုံး ထုတ်လုပ်နိုင်သည့် အဆင့်သို့  ရောက်ရှိ လာပြီဖြစ်သည်။

လက်ရှိမှာဆိုရင် တရုတ်နိုင်ငံက နိုင်ငံအတွက် တတိယမြောက် လေယာဉ်တင်သင်္ဘောကို နောက်ဆုံး အဆင့် တပ်ဆင်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်သည်။ ဒီလေယာဉ်တင်သင်္ဘောကို ဖူကျန်းလို့ နာမည်ပေး ထားပြီး သူကနိုင်ငံအတွက် တတိယမြောက်ဖြစ်ပေမယ့် ပြည်တွင်းနည်းပညာနဲ့ ထုတ်လုပ်မှုမှာတော့ ပထမဆုံးဖြစ်သည်။ သိပ်မကြာခင်အချိန်မှာ သူ့ကိုပင်လယ်ပြင်လက်တွ့စမ်းသပ်မှု လုပ်ဆောင်တော့ မည် ဖြစ်သည်။

အွန်လိုင်းပေါ်တက်လာတဲ့ ဓာတ်ပုံများအရ အဲဒီလေယာဉ်တင်သင်္ဘောဟာ ရှန်ဟိုင်းရှိသင်္ဘောကျင်းမှာ ဆိုက်ကပ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကိုတွေ့ရသည်။

တရုတ်ရေတပ်မှာ တာဝန်ထမ်းဆောင်နိုင်ဖို့ကတော့ နှစ်နှစ်လောက်လိုသေးသည်လို့ ဒေသတွင်း သတင်းဌာနများက ယခုလအတွင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောကိုအဆင့်မြှင့်တင်

Type 075 ဆိုသည်မှာ တရုတ်ရေတပ်မှာအသုံးပြုနေတဲ့ ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေး သင်္ဘော ဖြစ်သည်။ အခုဆိုရင် အဲဒီလို သင်္ဘောတည်ဆောက်မှုမှာ ပြောင်းလဲမှုတချို့ကို မြင်တွေ့ နေရပြီဟု အွန်လိုင်းပေါ်တက်လာတဲ့ ဓာတ်ပုံများမှာ တွေ့ရသည်။

တရုတ်နိုင်ငံမှာ ဒီလိုမျိုးကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘောမျိုးသုံးစင်းရှိသည်။ အဓိကအားဖြင့် ကမ်းတက်တိုက်ပွဲများတွင် ဒီလိုရေယာဉ်များက အသုံးအဝင်ဆုံး ဖြစ်သည်။

အွန်လိုင်းဓာတ်ပုံများမှာတွေ့ရတဲ့ ပြောင်းလဲမှုတချို့မှာတော့ အဲဒီရေယာဉ်တွေမှာ ပေါင်းစည်း လျှပ်စစ် တွန်းကန်အားစနစ်ကို အသုံးပြုနိုင်ဖို့ အဆင့်မြှင့်တင်နေဖွယ်ရှိတာကို တွေ့ရသည်။

ဖူကျန်းလေယာဉ်တင်သင်္ဘောမှာလည်း အခုလိုမျိုးအဆင့်မြှင့်တင်မှုတွေ လုပ်နေတာကို တွေ့ရသည်။ ဒါဟာ တရုတ်စစ်ဘက်အနေနဲ့ သူတို့ရဲ့လေကြောင်းတိုက်ခိုက်မှုစွမ်းပကားကို တိုးမြှင့်ခြင်းဖြစ်သည်ဟု  ကျွမ်းကျင်သူများက သုံးသပ်ထားသည်။    ။                     

Ref: TST

ထက်မြတ်