လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် ပြည်သူလူထုကို အမှန်တကယ်တိုက်ရိုက် အကျိုးပြုသော လုပ်ငန်းများဖြစ်

လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် ပြည်သူလူထုကို အမှန်တကယ်တိုက်ရိုက် အကျိုးပြုသော လုပ်ငန်းများဖြစ်

နေပြည်တော် စက်တင်ဘာ ၂၂

 

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လူမှုကာကွယ်ရေးစောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း အကောင်အထည်ဖော်မှုများသည် လုပ်ငန်းပမာဏ များလာသည့်အတွက် Manual စနစ်မှ Digital Platform သို့ ပြောင်းလဲရန်လိုအပ်ပါ၍  လူမှုရေး စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) ကို တည်ထောင်ခဲ့ကြောင်း၊ SMIS  တွင်ပါရှိသည့် အစီအစဉ်လေးခု၏ Software  များကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သတင်းနည်းပညာဌာန၏ ကူညီပံ့ပိုးမှုဖြင့် ရေးဆွဲလျက်ရှိကြောင်း၊ မေ ၁၈ SMIS စနစ်ကို စတင်အသုံးပြုနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ SMIS စနစ်တွင် အကျိုးခံစားခွင့်ရှိသူ နံပါတ်ရရှိပြီးသူများအနက် နိုင်ငံသား အသိအမှတ်ပြုကတ်ပြား ကိုင်ဆောင်သူများ၏ စာရင်းကို  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာန၏ Electronic ID(e-ID) စနစ်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်မည်ဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ကြေးများကို Digital Payment နည်းလမ်းအသုံးပြုပြီး Electronic Cash Transfer စနစ်သို့ အောင်အောင်မြင်မြင် ကူးပြောင်း ထောက်ပံ့နိုင်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။      

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းရပ်များအား အကောင်အထည်ဖော်ခြင်းသည်  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများသည်  ပြည်သူလူထုကို   အမှန်တကယ်တိုက်ရိုက် အကျိုးပြုသော လုပ်ငန်းများဖြစ်ပြီး အစိုးရတစ်ရပ်အနေဖြင့်မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်သည့်အတွက် တက်ရောက်လာကြသည့်ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေး စေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးက လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၂) ၏ ဆောင်ရွက်ပြီးစီးမှုများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်    ရှေ့လုပ်ငန်းစဉ်များကို တင်ပြသည်။

ဆက်လက်၍ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး  ဆုံးဖြတ်ချက်ခုနစ်ခု ချမှတ်ခဲ့ကြကြောင်း သိရသည်။