ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား ပူးပေါင်းစိစစ်ခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား ပူးပေါင်းစိစစ်ခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပုသိမ် စက်တင်ဘာ ၂၂

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ/မရှိ၊ မြေပြင်တွင်အမှန်တကယ် နေထိုင်ခြင်း ရှိ/မရှိတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများနှင့်   မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ဧရာရွှေဝါ ခန်းမ၌ ကျင်းပသည်။

ဦးစွာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက သတ်မှတ်ကာလအတွင်း ပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြေပြင်တွင် ဥပဒေနှင့်အညီ နေထိုင်ခြင်းရှိ/မရှိ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်များ တူညီနေမှု ရှိ/မရှိ၊ ဝန်ထမ်းများပါဝင်နေမှု ရှိ/မရှိ၊ ပါတီတစ်ခုထက်ပို၍ ပါတီဝင်ဖြစ်နေမှု ရှိ/မရှိ၊ နေရပ်လိပ်စာပြည့်စုံမှု ရှိ/မရှိ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ တို့ကို   သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာ ပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တိုင်းဒေသကြီးပါတီကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းစိစစ်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့်  တိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။