ဖွံ့ဖြိုးပြီးနိုင်ငံများအနက် ဗြိတိန်က အဆိုးဆုံးသော ငွေကြေးဖောင်းပွမှုနှင့်ရင်ဆိုင်နေရ

ဖွံ့ဖြိုးပြီးနိုင်ငံများအနက် ဗြိတိန်က အဆိုးဆုံးသော ငွေကြေးဖောင်းပွမှုနှင့်ရင်ဆိုင်နေရ

ယခုနှစ်အတွင်း ဗြိတိန်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများအနက် မည်သည့်နိုင်ငံမဆိုထက် အမြင့်ဆုံးသော ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်နေရကြောင်း   စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဗြိတိန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ပြီးခဲ့သည့်နှစ် နွေရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ခုဂဏန်းသို့ မကြာသေးမီက ကျဆင်းသွားသော်လည်း ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုသည်  ၇  ဒသမ ၂  ရာခိုင်နှုန်းရှိမည်ဟု ထိုအဖွဲ့၏စီးပွားရေးအလားအလာ အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံ၏ ကုန်ဈေးနှုန်းမြင့်တက်မှုနှုန်းသည် စက်မှုထိပ်သီးခုနစ်နိုင်ငံဖြစ်သော G-7 အဖွဲ့တွင် အမြန်ဆုံးဖြစ်လာပြီး G-20 အဖွဲ့တွင်မူ တတိယမြောက် အမြန်ဆုံးနိုင်ငံ ဖြစ်လာသည်။

အလားတူ ၂၀၂၄ ခုနှစ်အတွင်း ဗြိတိန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၁ ရာခိုင်နှုန်းမှ သုည ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု အဆိုပါအဖွဲ့က ခန့်မှန်းထားသည်။

ဗြိတိန်ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းတိုးမြှင့်မှုကို ၁၄ ကြိမ်ဆက်တိုက် လုပ်ဆောင်ပြီးနောက်   ဗြိတိန်နိုင်ငံ၏  စီးပွားရေး တိုးတက်နိုင်ခြေအလားအလာက ဇွန်လနောက်ပိုင်းမှစ၍ မှေးမှိန်လာသည်။

လာမည့်နှစ်မှစ၍ ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာ အသင့်အတင့်ပြန်လည်တိုးတက်လာနိုင်ခြေရှိသော်လည်း ထိုသို့တိုးတက်မှုသည် G-20 နိုင်ငံများအနက် နောက်ပိုင်းတွင်သာရှိနေနိုင်ကြောင်း    ထိုအဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။ ယခုနှစ်အတွက်မူ   ဗြိတိန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုပမာဏမှာ သုည ဒသမ ၃ ရာခိုင်နှုန်းသာရှိမည်ဟု  ယင်းအဖွဲ့က  ဆက်လက်ခန့်မှန်းထားသည်။ ထိုအခြေအနေသည် G-7 နိုင်ငံများအနက် ဒုတိယမြောက်အဆိုးဆုံးစီးပွားရေး တိုးတက်မှု အခြေအနေဖြစ်နေပြီး ၎င်းင်း၏နောက်တွင်  ဂျာမနီနိုင်ငံသာရှိတော့ကြောင်း သိရသည်။

လက်ရှိတွင် ဂျာမနီနိုင်ငံသည် စီးပွားရေး ကျဆင်းမှုနှင့်ရင်ဆိုင်နေရသည့် အခြေအနေတွင်ရှိနေကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။  

Ref: RT