ရုရှားမှ ရေနံစိမ်းများ တရုတ်ကတင်သွင်းမှု ပိုမိုမြင့်တက်လာ

ရုရှားမှ ရေနံစိမ်းများ တရုတ်ကတင်သွင်းမှု ပိုမိုမြင့်တက်လာ

တရုတ်နိုင်ငံအနေဖြင့်  ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုသည် ယခုနှစ်ရှစ်လတာကာလအတွင်း သိသိသာသာ မြင့်တက်လာသည်ဟု သိရသည်။

တရုတ်အကောက်ခွန်ဌာနက ထုတ်ပြန်ခဲ့သည့် စာရင်းများအရ ယခုနှစ်ပထမရှစ်လ တာကာလအတွင်း ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုပမာဏမှာ ပြီးခဲ့သည့်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်ကို   တွေ့ရသည်။

ရေနံတင်သွင်းမှုပမာဏအရဆိုပါက ယခုနှစ် ဇန်နဝါရီလမှသြဂုတ်လအတွင်း တန်ချိန်သန်းပေါင်း ၇၁ ဒသမ ၂ သန်းကို တင်သွင်း ခဲ့ခြင်းဖြစ်သည်။

ငွေကြေးပမာဏအားဖြင့်ဆိုလျှင်မူ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၁ ဘီလီယံသာရှိသောကြောင့် ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက ၄ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားသည်ကို တွေ့ရသည်။

ရုရှားနိုင်ငံက ၎င်း၏အဓိက ဝယ်လက်နိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကို   လျှော့ဈေးများဖြင့်  ရေနံများကို ရောင်းချပေးခြင်း ဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ထိုအခွင့်အရေးကိုအမိအရ ရယူခြင်းဖြစ်သည်။

ထို့ကြောင့် တရုတ်နှင့်အိန္ဒိယတို့အနေဖြင့်    ရုရှားမှရေနံတင်သွင်းမှုပမာဏ မြင့်တက်လာသော်လည်း ငွေကြေးအားဖြင့် နည်းပါးသွားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည် ဆော်ဒီအာရေဗျကိုကျော်လွန်ကာ တရုတ် နိုင်ငံသို့ ရေနံအများဆုံး တင်ပို့နိုင်သည့် နိုင်ငံဖြစ်လာသည်။

ဆော်ဒီအာရေဗျသည် ယခုနှစ်ပထမရှစ်လအတွင်း တရုတ်နိုင်ငံသို့ရေနံတင်ပို့မှု ပမာဏ တန်ချိန်သန်း ၆၀ ကျော်သာရှိသည်။ ငွေကြေးပမာဏအားဖြင့်မူ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၄၉ ဘီလီယံရှိသည်။

ထို့ပြင် အီရတ်နိုင်ငံသည် တရုတ်နိုင်ငံ သို့ ရေနံတင်ပို့မှု တတိယအများဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ရေနံတင်ပို့နိုင်မှုပမာဏအားဖြင့် တန်ချိန်သန်းပေါင်း ၄၀ ကျော်နှင့် ငွေကြေးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၀၄ ဘီလီယံရှိသည်ကို တွေ့ရသည်။

အထူးသဖြင့် ရုရှားနိုင်ငံက တရုတ်နိုင်ငံသို့ ရေနံတင်ပို့မှုသည် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက သြဂုတ်လတွင် ၃၀ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာပြီး ငွေကြေးပမာဏအားဖြင့် ၄၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု တရုတ်အကောက်ခွန်ဌာန၏ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တစ်နှစ်လုံးတွင် တရုတ်နိုင်ငံက ရုရှားနိုင်ငံမှရေနံတင်သွင်းမှုသည် ၈ ဒသမ ၂ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် ဒေါ်လာ ၈၆ ဒသမ ၂ သန်းရှိသည်။

ရုရှား-ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်   အနောက်အုပ်စုမှနိုင်ငံများက ရုရှားမှရေနံဝယ်ယူမှုကို ရှောင်ရှားလာစဉ် တရုတ်က ရုရှားမှရေနံများကို တိုးမြှင့်ဝယ်ယူလာခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်  G-7 ထိပ်သီးညီလာခံတွင် ရုရှားနိုင်ငံ၏ရေနံဈေးနှုန်းကို ပုံသေဈေးနှုန်း သတ်မှတ်ပြီးနောက် ရုရှားအစိုးရ အနေဖြင့် ၎င်း၏ရေနံနှင့်ရေနံထွက်ကုန် ပစ္စည်းများကို အာရှဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့ခဲ့ခြင်း ဖြစ်သည်။

Ref: RT