လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၃) ကျင်းပ

လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၃) ကျင်းပ

နေပြည်တော်   စက်တင်ဘာ ၂၂

 

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ    အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့်    လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရှင်အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ကြသည်။

ဦးစွာ   ပြည်ထောင်စုဝန်ကြီးက လူမှု ဖူလုံရေးစီမံကိန်းအပေါ် အလုပ်ရှင်၊ အလုပ် သမားများ အားကိုးယုံကြည်မှု ပိုမိုရရှိစေရန်နှင့် ပိုမိုကောင်းမွန်သည့် လူမှုရေးရလဒ်များ ပေါ်ထွန်းစေရန် မျှော်မှန်းကာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပါဝင်သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်းပြီး သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်၍ အာမခံအလုပ်သမားများအတွက် ထိရောက်ကောင်းမွန်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုများ  အလွယ်တကူ လက်လှမ်းမီရယူနိုင်ရန်နှင့်   လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို   ဥပဒေနှင့်အညီ အမြန်ဆုံးပေးအပ်နိုင်ရန်  ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၂၂ မြို့နယ်ရှိ အလုပ်ဌာနများမှလူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမား ၁ ဒသမ၂၅ သန်းအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့်  ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း။

အာမခံအလုပ်သမားများအား ပိုမိုထိရောက်ကောင်းမွန်ပြီး  အလွယ်တကူ လက်လှမ်းမီသည့် ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် နိုင်ငံတကာ၌ လူမှုကျန်းမာရေးအာမခံစနစ်  (Social Health Insurance) အရ ဆောင်ရွက်နေသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်များကို   လေ့လာကာ Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများနှင့်စာချုပ်ချုပ်ဆို၍ Capitation   Payment    ဖြင့် ဆေးခန်း ၂၆ ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း ၂၀ ခန်းတို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ လူမှုဖူလုံရေးအဖွဲ့မှအာမခံအလုပ်သမားလူနာ ၂ ဒသမ၂၉ သန်းကျော်ကို  ကောင်းမွန်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း။

ထို့ပြင် လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်အာမခံအလုပ်သမားဦးရေ၏ ၅၀ ရာခိုင်နှုန်း ကျော်ခန့်သည် အမျိုးသမီးအာမခံအလုပ်သမားများ ဖြစ်သည့်အတွက် မီးဖွားခြင်း ဆိုင်ရာဝန်ဆောင်မှု အကျိုးခံစားခွင့်များကို ခွင့်ပြုပေးနိုင်ရန် ဆေးဖိုးပြန်အမ်းမှုဆိုင်ရာ ညွှန်ကြားချက်များထုတ်ပြန်၍  ဆေးဖိုးကုန်ကျမှုများ ပြန်လည် ပေးအမ်းလျက်ရှိရာ ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ အာမခံအမျိုးသမီး အလုပ်သမား ၁၁၃၁၄ ဦးအတွက် ငွေကျပ်သန်း ၁၂၉၅ ဒသမ ၇၇၇ သန်း ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည့်အပြင် မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဥပဒေအရ အာမခံအလုပ်သမားများက တင်ပြလာသည့် အကျိုးခံစားခွင့်အမှုတွဲများကို အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုထုတ်ပေး လျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ ငွေကျပ်သန်း ၅၄၄၄၃ ဒသမ ၅၀၁ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် အမျိုးသားအဆင့်  လူမှုဖူလုံရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များက လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ မှတ်တမ်းတင်ရန်အမှာစာများနှင့် ပတ်သက်၍ ဆွေးနွေးသုံးသပ်အကြံပြုကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်စေရန်နှင့် လက်ရှိ အကျုံးဝင်လွှမ်းခြုံမှုမှသည် တစ်မျိုးသားလုံး အကျုံးဝင်လွှမ်းခြုံနိုင်သည့်  စီမံကိန်းဖြစ်စေရန်  အိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးသည့် လူမှုဖူလုံရေးစနစ်များနှင့်  နှိုင်းယှဉ်လေ့လာသုံးသပ်မှုများ ပြုလုပ်၍ လိုအပ်သည့်ပြုပြင် ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း      သိရသည်။