ခေါက်ဖုန်းကိုပင် ပထမဆုံးအကြိမ်ထုတ်လုပ်လာပြီဖြစ်တဲ့ Tecno

ခေါက်ဖုန်းကိုပင် ပထမဆုံးအကြိမ်ထုတ်လုပ်လာပြီဖြစ်တဲ့ Tecno

ဒီကနေ့ခေတ် စမတ်ဖုန်းလောကမှာ ခေါက်ဖုန်းတွေခေတ်စားလာသလို ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီများက လည်း ခေါက်ဖုန်းတွေကို ထုတ်လုပ်လာကြပါတယ်။ အခုဆိုရင် နည်းပညာလောကမှာ သိပ်တောင် မထင်ရှားဘူးလို့ဆိုနိုင်တဲ့ Tecno ကုမ္ပဏီတောင်မှ သူတို့ရဲ့ပထမဆုံးခေါက်ဖုန်းကို ထုတ်လုပ်လာ ပါပြီ။

အဲဒီခေါက်ဖုန်းကိုတော့ Phantom V Flip လို့နာမည်ပေးထားပါတယ်။ သူ့ရဲ့ပုံစံက အပြင်ဘက်မှာ OLED ဖန်သားပြင် အဝိုင်းနဲ့ ကင်မရာနှစ်လုံးအပြင် ဖလက်ရှ်မီးတစ်ခုတို့ပါဝင်ပါတယ်။ ခေါက်ထားတဲ့ ဖုန်းကို ဖြန့်လိုက်မယ်ဆိုရင်တော့ ၆ ဒသမ ၉ လက်မရှိတဲ့ LTPO AMOLED ဖန်သားပြင်ကိုတွေ့ရမှာပါ။

သူ့ကိုအဓိကမောင်းနှင်ပေးမှာက Mediatek Dimensity 8050 chipset ဖြစ်ပြီး CPU ကတော့ octa-core CPU ကို အသုံးပြုပေးထားပါတယ်။ ဒါကြောင့် အမြန်နှုန်းက 3.0 GHz ရှိမှာပါ။ သိုလှောင်မှု စွမ်းဆောင်ရည် အတွက်ကတော့  RAM က   8 GB နဲ့ ROM က 256 GB ရှိပါတယ်။

သူ့ရဲ့ဖန်သားပြင်အကြောင်းကို ပြောရမယ်ဆိုရင် Refresh Rate က 120 Hz ရှိမှာဖြစ်ပြီး အလင်းထွက် ရှိမှုနှုန်းက 1000 nits ရှိမှာပါ။ ခေါက်ထားတဲ့အချိန် အသုံးပြုနိုင်တဲ့ ၁ ဒသမ ၃၂ လက်မရှိ ဖန်သားပြင် အသေးလေးကတော့ 64 MP ရှိတဲ့ ပင်မကင်မရာနဲ့ autofocus & 13 MP ရှိတဲ့ ကင်မရာတို့နဲ့ ရိုက်ကူးရာမှာ ကိုယ့်ရဲ့အခြေအနေကို ပြန်ကြည့်နိုင်တဲ့အပြင် တခြားသော လုပ်ဆောင်မှုတွေ အများကြီး ကိုလည်း  လုပ်ဆောင်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဖုန်းအားခံဖို့အတွက် 4000 mAh ရှိတဲ့ဘက်ထရီကိုတပ်ဆင်ပေးထားပြီး 45W ရှိတဲ့အားသွင်းစနစ်နဲ့   အားသွင်းနိုင်မှာကြောင့် အားအဝင်လည်းမြန်မှာပါ။ သူတို့ရဲ့ထုတ်ပြန်ချက်အရဆိုရင်တော့ ဖုန်းအား တစ်ဝက်ပြည့်ဖို့အတွက် ၁၅ မိနစ်ပဲ လိုအပ်မယ်လို့ဆိုပါတယ်။

နောက်တစ်ခု ထူးခြားတာက တခြားနာမည်ကြီးဖုန်းတွေလိုမျိုးပဲ တစ်ကိုယ်ရေသုံး လက်ထောက် စနစ်ဖြစ်တဲ့ EllaGPT ပါဝင်ပါတယ်။ iPhone မှာဆိုရင် Siri လိုပေါ့။ ဒီဖုန်းအမျိုးအစားအတွက် Tecno က အရောင်နှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ အနက်ရောင်နဲ့ခရမ်းရောင်ပါ။ ယောကျ်ား လေးတွေဆိုရင် အနက်ရောင်နဲ့ မိန်းကလေးတွေဆိုရင် ခရမ်းရောင်ပေါ့။ သိပ်ကိုရိုးရှင်းပါတယ်။ ဈေးနှုန်းအားဖြင့် ဆိုရင်လည်း သက်သာတယ်ဆိုတဲ့ အနေအထားမှာရှိပါတယ်။ လက်ရှိမှာ ဈေးကွက်ကို ရောင်းချမယ့် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၆၅၀ သာရှိတာကိုတွေ့ရပါတယ်။

Ref: GSMArena

ကိုထက်