အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက တောင်ကြီးမြို့နယ်ရှိ သဘင် အစည်းအရုံးအဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၁၁
    
တပ်မတော်အနေဖြင့် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ နှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး တောင်ကြီးမြို့နယ်ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များအတွက် စားသောက်ရေးအထောက်အကူဖြစ်စေရန် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် သဘင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်ကြီး မြို့နယ် သဘင်အစည်းအရုံးအဖွဲ့ဝင် ၁၃၀ ဦးအတွက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆန် ၃၀ အိတ်၊ ဆီ ၃၀ ပိဿာ၊ ဆား ၇၅ ပိဿာ၊ ကုလားပဲ ၅ အိတ်၊ Surgical Mask  ၅၅၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး တောင်ကြီးမြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
    
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။