နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၄/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ - ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၄/၂၀၂၃)ကို ယနေ့နံနက်ပိုင်း တွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော် ကိုတာဝန်ယူရ သည့် နိုင်ငံ၏အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့်လုပ်ငန်းများဆောင်ရွက် ရာတွင် စံနမူနာပြလုပ်ဆောင်ကြရန်လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ ကောင်းကျိုးကိုဖော်ဆောင်၍ ယုံကြည်မှုရရှိအောင် တည်ဆောက်နိုင်ရမည်ဖြစ် ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရည်မှန်းချက်များ၊ ဦးတည်ချက်များချမှတ်၍ ဆောင်ရွက်ရကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတော်ကို ယခုအစိုးရလက်ထက်သာမက နောင်အနာဂတ်ကာလအထိ တည်ဆောက်လုပ်ဆောင်ရမည့် အချက်များဖြစ်ကြောင်း၊ ၎င်းကိုအကောင်အထည် ဖော်ရန် မိမိတို့အစိုးရလက်ထက်၌ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို ချမှတ်ထားကြောင်း၊ ၎င်းအချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များက မျက်ခြည်မပြတ် ထိန်းသိမ်းအကောင်အထည်ဖော်ရန်လိုကြောင်း။

ဦးတည်ချက်များ၊ ရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထိန်းသိမ်းကြပ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး၌ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအားနည်းလျက်ရှိသည်ကို မိမိအနေဖြင့်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက် သယံ ဇာတများ၊ သဘာဝရင်းမြစ်များ၊ လူသားအရင်းအမြစ်များ များစွာပိုင်ဆိုင်ထားရှိပြီး ဖြစ်သော်လည်း ထိရောက်အကျိုးရှိစွာ အသုံးချနိုင်မှုမရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး မျှော်မှန်းချက်များ၊ ဦးတည်ချက်များကို မှန်မှန်ကန်ကန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်အနည်းငယ်အတွင်း  ဒေသတွင်း နိုင်ငံများအကြား၌ အလယ်အလတ်အဆင့်၌ ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များကို တာဝန်ပေးအပ်ရာတွင် ယခင်ကနိုင်ငံတော်၏ တာဝန် ထမ်းဆောင်ခဲ့မှု၊ လုပ်ငန်းတာဝန်လုပ်ဆောင်မှုနှင့် ဖြတ်သန်းခဲ့မှုများကိုကြည့်၍ တပ်မတော်ပိုင်းဆိုင်ရာအရာရှိကြီးများ၊ နယ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များကို ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း။

တာဝန်ယူထားရသည့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကောင်စီဝင်များအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ဒေသဖွံ့ဖြိုးရေး သွားရောက် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ပြောကြားရာတွင် “ဒီလိုသွားခြင်းအားဖြင့် တစ် အချက်ကျွန်တော်လည်း ဒေသရဲ့အခြေအနေမှန်ကိုသိချင်တယ်။ ပြည်သူလူထုရဲ့ သဘောထားအမှန်ကို သိချင်တယ်။ စိတ်နေစိတ်ထား လိုအပ်ချက်ကို သိချင်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း တာဝန်ခွဲဝေပေးပြီးတော့မှသွားကြပါလို့ ပြောခဲ့ ခြင်းဖြစ်ပါတယ်။ သွားတဲ့အတွက်ကြောင့်လည်း အခြေအနေကို အရင်ထက်စာရင် ပိုပြီးတော့ သိလာရတာပေါ့။ ဥပမာအားဖြင့် ပညာရေးအခြေအနေတွေ၊ ဒေသရဲ့ ကျန်းမာရေး အခြေအနေတွေ၊ လိုအပ်ချက်တွေ၊ နောက်စီးပွားရေးအရ၊ ဒေသ ဖွံ့ဖြိုးရေးအရ လုပ်ရမယ့်ကိစ္စရပ်တွေမှာလိုအပ်ချက်တွေ၊ တစ်ဦးချင်းပြည်သူအားလုံး ကနေပြီးတော့  မလွဲမသွေလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်း တွေ၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေ၊ ကျွန်တော်တို့ ဒါတွေအဓိကတွေ့လာတဲ့ အခါကျတော့၊ အဲ့ဒီမှာ ကျွန်တော်တို့ ဘာလုပ် ဖို့သင့်သလဲဆိုတာ ဆုံးဖြတ်လို့၊ စဉ်းစားလို့ရတာပေါ့။ ဒီလိုသွားပြီး ဆောင်ရွက်နိုင်တဲ့ အတွက်ကြောင့်လည်း စောစောကပြောတဲ့ မျှော်မှန်းချက် ၂ ရပ်ကိုလည်း များစွာ အထောက်အကူဖြစ်လာမှာဖြစ်ပါတယ်။ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း အထောက်အကူဖြစ်လာနိုင်တယ်။ စောစောကပြောတဲ့ မျှော်မှန်း ချက်နှစ်ရပ်ထဲက နိုင်ငံရေးမျှော်မှန်းချက်ထဲမှာ ပါတီစုံလမ်းကြောင်းကိုသွားနိုင်ဖို့ အတွက် သူတို့ရဲ့ Concept ကိုသိလာလို့ရှိရင် ကျွန်တော်တို့ဘယ်လိုဖြည့်ဆည်းပြီး ဆောင်ရွက်ပေးမယ်၊ ကျွန်တော်တို့အပေါ် ယုံကြည်မှုရှိလာတဲ့အတွက်ကြောင့် မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်လာနိုင်မယ်ဆိုတဲ့ အထောက်အပံ့ရလာမယ်။ ဒီလိုပဲ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံရေးစနစ်ကို သွားတဲ့အချိန်မှာလည်း သူတို့ရဲ့ပြောဆိုချက်တွေ၊ လိုလားချက်တွေကို ဆောင်ရွက်ပေးခြင်းအားဖြင့် ဒီအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင် အထောက်အကူရလာမယ်၊ အလားတူစွာပဲ တိုင်းပြည်သာယာ ဝပြောရေး၊ ခုနကပြောတဲ့ စီးပွားရေးလုပ်ငန်းတွေကို သေချာဆောင်ရွက်နိုင်မယ်၊ ပညာသင်ကြားရေးကို ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ဘဝအပေါ်မှာ ကျေနပ်မှုရှိတဲ့အတွက်ကြောင့် သူတို့အားလုံးကနေ တူညီတဲ့စိတ် သဘောထားနဲ့ တိုင်းပြည်တိုးတက်ရာ၊ တိုးတက်ကြောင်း ဝိုင်းလုပ်ကြမယ်ဆိုရင် တိုင်းပြည်သာယာဝပြောဖို့ ဖြစ်လာမှာပဲဖြစ်ပါတယ်။ အလုပ်ကို များများလုပ်နိုင်မယ် ဆိုရင်တော့၊ စောစောက ကျွန်တော်ပထမဦးဆုံးပြောခဲ့တဲ့ တိုင်းပြည်မှာ မြေပေါ် မြေအောက် သယံဇာတပစ္စည်းတွေရှိတယ်၊ လူလည်းရှိတယ်၊ မြေလည်းရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ထိုက်သင့်သလောက် မတိုးတက်ဘူး၊ ဒါကိုသာကျွန်တော်တို့ ကျော်လွှားနိုင်မယ်ဆိုလို့ရှိရင် တိုင်းပြည်စားရေရိက္ခာပေါများရေးဟာ အလျှံပယ်ဖြစ် လာမှာ။ အလျှံပယ်ဖြစ်လာရင် ပထမအချက်ဖြစ်တဲ့ သာယာဝပြောရေးမှာလည်း သွားပြီးတော့ အထောက်အကူရမှာဖြစ်ပါတယ်။ ဒါတွေဟာ ဆက်စပ်နေပါတယ်၊ အဲ့ဒီတော့ နစကအဖွဲ့ဝင်များ အခုလိုသွားနိုင်ခဲ့တဲ့၊ ရတဲ့အကျိုးကတော့ တန်ဖိုးမဖြတ် နိုင်ဘူးလို့ ကျွန်တော်တော့ ပြောလိုပါတယ်။ တန်ဖိုးမဖြတ်နိုင်ဘူး။ ပေတံနဲ့တိုင်းလို့ မရဘူး၊ ဘာလို့လဲဆို သူတို့မြင်တွေ့လာခဲ့တာက တစ်ခုလည်းမဟုတ်ဘူး၊ နှစ်ခုလည်း မဟုတ်ဘူး။ ပြောရမယ်ဆို အပြန်ပြန်အလှန်လှန်ဖြစ်နေတယ်၊ ဒါ့ကြောင့် အဲ့ဒါကိုလည်း ကျွန်တော်တို့ ကောင်စီအနေနဲ့လည်း မျက်ခြည်မပြတ်ကြည့်ပြီး ဆောင်ရွက်ဖို့ လိုသလို တိုးတက်မှုရှိအောင်လည်း ဆောင်ရွက်ဖို့လိုပါတယ်။ ကျန်တဲ့ကောင်စီဝင်များ လည်း ကျွန်တော်တို့ ဒေသတွေခွဲပေးထားတာရှိပါတယ်။ ဆက်လက်သွားပြီးတော့ တတ်နိုင် သလောက် ဆောင်ရွက်ပေးသွားဖို့ လိုမယ်လို့ပြောလိုပါတယ်။” ဟုပြောကြားသည်။

ယင်းနောက်  ကောင်စီဝင်များက သက်ဆိုင်ရာဒေသအလိုက် သွားရောက်ခဲ့မှုနှင့် ဒေသအလိုက်လိုအပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဒေသဖွံဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များသိရှိခဲ့ရမှုအခြေအနေများ၊ ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာဖြင့်နေထိုင်လုပ်ကိုင်ဆောင်ရွက်လိုသည့် စိတ်ဆန္ဒများရှိသည့် အခြေအနေ များ၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိ သော်လည်း တိုင်းရင်းသားဒေသများ၌ ပြည်ပအဖွဲ့အစည်းတချို့က ပြည်တွင်းငြိမ်းချမ်း မှုမရှိစေရေး သွေးထိုးလှုံ့ဆော် လုပ်ဆောင်လျက်ရှိသော်လည်း  ပြည်တွင်းငြိမ်းချမ်းရေး အတွက် အလားအလားကောင်းများရှိသည့် အခြေအနေများ၊ ဒေသအလိုက် ထုတ်ကုန် များနှင့်ပတ်သက်၍ အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာနှင့် အခြေခံအဆောက်အဦများ လိုအပ်ချက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူးက လက်ရှိနိုင်ငံတော် တည်ငြိမ် အေးချမ်းရေးအတွက် အကြမ်းဖက်နှိမ်နင်းမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အကြမ်းဖက် သမားများထံမှ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိမှုအခြေအနေများ၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိမှုအခြေ အနေများ၊ တရားမဝင်ကုန်သွယ်မှုများဆောင်ရွက်နေမှုများကို ဖော်ထုတ်ဆောင်ရွက် ခဲ့မှုအခြေအနေများ၊ ဆီဈေးနှုန်းများနှင့် ကုန်ဈေးနှုန်းများကိုသတ်မှတ်ဈေးနှုန်းများ ထက် အလွန်အကျွံမြှင့်တင်ရောင်းချနေသူများနှင့် ပါဝင်ပတ်သက်လျက်ရှိသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ကောင်စီအတွင်းရေးမှူးက ကောင်စီလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဒေသအလိုက်တင်ပြချက်များအပေါ် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဒေသအလိုက်လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိသကဲ့သို့ ပြည်ထောင်စု အဆင့်မှ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များရှိကြောင်း၊ ယင်းတို့ကို အဆင့်အလိုက် ဖြည့် ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသအလိုက်လိုအပ်ချက်၊ တိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ သက်ဆိုင်ရာဒေသအလိုက် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိခြင်းကြောင့် ဒေသတွင်းရေအားလျှပ်စစ် ဓာတ်အားများ ထုတ်လုပ်နိုင်ရေးနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးပြောကြား သည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု များဖြစ်ပွားခဲ့ခြင်းသည် နိုင်ငံအတွက်အကျည်းတန်သည့် ကိစ္စရပ်တစ်ခုဖြစ်ခဲ့ကြောင်း၊ ယင်းကိုသင်ခန်းစာယူရမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း မှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်စာရင်းများ အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင်  ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ယူခဲ့ ကြောင်း၊ နိုင်ငံတကာစံချိန် စံနှုန်းများအရ ၁၀ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူလေ့ရှိကြောင်း၊ ထိုသို့သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့် မဲစာရင်း မှန်ကန်မှုအတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အချက် အလက်များကိုလည်း ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်အောက်တိုဘာ ၁ ရက် မှစ၍ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံး ကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။

ဖက်ဒရယ်စနစ်ကျင့်သုံးခြင်းနှင့်ပတ်သက်၍ လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်ကို ဆောင်ရွက်ခြင်း မဟုတ်ဘဲဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ဖက်ဒရယ်စနစ်ကိုကျင့်သုံးလျက်ရှိသည့် နိုင်ငံများ ရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင့်သုံးမှုခြင်းတူညီမှုမရှိကြောင်း၊  မိမိတို့နိုင်ငံ  အနေဖြင့် နိုင်ငံ၏အခြေအနေနှင့်လိုက်လျောညီထွေရှိသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံး ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှသာ လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်၏ပကတိအခြေအနေကို တိုင်းရင်းသား ပြည်သူများအားလုံး မှန်မှန်ကန်ကန် သိရှိရန်လိုပြီး ဒေသတစ်ခုချင်း၊ လူမျိုးတစ်မျိုးချင်း အကျိုးထက် တိုင်းပြည်၏အကျိုးကိုရှေးရှု၍ဆောင်ရွက်ကြစေလိုကြောင်း၊ စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြော ကြားသည်။

ထို့နောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက် နှစ်ပတ်လည်နေ့အား အနှစ်သာရရှိစွာဖြင့် ကျင်းပ ပြုလုပ်ရန်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ပြောကြားရာတွင် “လာမယ့် အောက်တိုဘာ လ ၁၅ ရက်နေ့ဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးသည့် ၈ နှစ်မြောက် နေ့ဖြစ်ပါတယ်။ ဒါကိုနိုင်ငံရေးအနှစ်သာရ ရှိရှိလုပ်ဖို့ရှိပါတယ်။ တိုင်းရင်း သားခေါင်းဆောင်တွေလည်း လက်လှမ်းမှီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပနိုင်ငံ တွေလည်းအခုဖိတ်နေပါပြီ။ ကျွန်တော် Personal အကုန်စာတွေရေးပြီး ဖိတ်ပါတယ်။ တစ်ချို့ကလည်းတယ်လီဖုန်းနဲ့၊ တစ်ချို့ကလည်းစာနဲ့ ရေးပြီးဖိတ်တာတွေရှိတယ်။ တစ်ချို့လာနိုင်တယ်လို့လည်းပြောတာရှိတယ်။ တစ်ချို့ကတော့သူလည်း မလာနိုင်ဘူး၊ သို့သော်လည်း အဓိကကျတဲ့သူတို့ကိုယ်စားလှယ်တွေလွှတ်ပေးမယ်လို့ ပြောတာတွေ ရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပိုပြီးလိုလားတဲ့စိတ်ရှိဖို့လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့လိုပါတယ်။ လက်မှတ်မထိုး ထားတဲ့အဖွဲ့တွေက လည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်း အားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါ တယ်။ အမုန်းတရားတွေဖြစ်နေပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိ တယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက် ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်။ အဲ့ဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့ အားလုံး သံသယရှင်းရှင်း၊ အာဃာတကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော် တို့ မျှော်မှန်းချက်လမ်းကြောင်းကတော့ ရှောရှောရှုရှုရောက်မယ်ဆိုတာကို တွေ့ပါ တယ်။ ဒါလေးတွေဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့ အတွက်တိုက်တွန်းလိုပါတယ်။” ဟု ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။