မြန်မာငွေငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ်တန်ငွေစက္ကူများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဖြေကြားချက်

မြန်မာငွေငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ်တန်ငွေစက္ကူများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဖြေကြားချက်

လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာငွေ ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လာရောက်အပ်နှံကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အမည်ဖြင့် အမိန့်စာတစ်စောင် ထုတ်ပြန်ထားကြောင်း ပျံ့နှံ့လျက်ရှိရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလို ပြန်လည်ဖြေကြားပါသည်။

ကျွန်တော်တို့လည်း  ဒီစာကိုတွေ့ရတယ်။ နံပါတ် ၁ အချက်ပြောလိုတာက ဒီစာများသည် မမှန်ပါဘူး။ အတုများဖြစ်ပါတယ်။ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ ခဏခဏ ကောလာဟလထွက်ဖူးပါတယ်။   ဘယ်ငွေစက္ကူကို ဖျက်သိမ်းလိုက်ပြီတို့၊ ဘယ်လိုမျိုးလုပ်လိုက်ပြီတို့ ဒါအချိန်ကိုက် လုပ်ဆောင်တာပဲ ဖြစ်တယ်။  ကျွန်တော်တို့ရဲ့ အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းပြီးသား၊ ကျွန်တော်တို့လည်း ပြောပြီးသားဖြစ် တယ်။  ကျွန်တော်တို့သည် နိုင်ငံတော်တာဝန်ကိုရယူထားတာ၊ တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူထားတာသည် အခြေခံဥပဒေအရ ရယူထားတာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို တပ်မတော်အနေနဲ့ အမြဲတမ်းလေးစား လိုက်နာသွားမှာဖြစ်တယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆ တွင် အတိအလင်းပါပြီးဖြစ်တယ်။ ပုဒ်မ ၃၆ (ဃ) နဲ့ (င)မှာပါပြီးဖြစ်တယ်။ ပုဒ်မ ၃၆ (င) မှာ တရားဝင် ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုလို့ အတိအလင်း ပြဋ္ဌာန်းပြီးဖြစ်တယ်။ (ဃ) မှာလည်း စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြုလို့ အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်တယ်။

ဒီအခြေခံဥပဒေအတိုင်း ကျွန်တော်တို့က လိုက်နာသွားမှာဖြစ်တယ်။ ကျွန်တော်တို့သည် အခြေခံဥပဒေနဲ့ အညီ နိုင်ငံတော် တာဝန်ရယူထားတာဖြစ်တယ်။ အခြေခံဥပဒေကို အမြဲတမ်းလိုက်နာသွားမှာ ဖြစ်တယ် ဆိုတာကို ပထမဦးဆုံးအသိပေးလိုပါတယ်။ နောက်တစ်ချက်က ဘာကြောင့် ဒီလိုမျိုးကောလာဟလ တွေဖြစ်လဲ။ ဒါတော့ရှင်းရှင်းလေးပါ။ ဒီမြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီးရင် စီးပွားရေးအရ ထိုးနှက်ချက်တွေရှိတယ်။ ဒေါ်လာ ငွေဈေး၊ ရွှေဈေး တွေနဲ့ပတ်သက်ပြီးတော့ ဖြစ်သင့်တဲ့ဈေးနှုန်းထက် မြင့်အောင် လုပ်နေကြတာရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှု တွေရှိတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့က  ပြည်သူ လူထုရဲ့စားဝတ်နေရေး၊ ပြည်သူလူထုရဲ့သက်သာချောင်ချိရေး၊  ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းရေး အမြဲတမ်းဆောင်ရွက်တာ၊ အမျိုးသားရေး ရည်မှန်းချက်အနေနဲ့ထားရှိပြီးတော့ ဒါကို ဆောင်ရွက် လျက်ရှိတယ်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ဒီအတွက်ဆောင်ရွက် တဲ့နေရာမှာ သင့်တင့်တဲ့ကုန်ဈေးနှုန်း၊ ဖြစ်သင့်တဲ့ကုန်ဈေးနှုန်းတွေ ဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက် လျက်ရှိတယ်။ အဲ့ဒီလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ တချို့သောအရေးယူ ဆောင်ရွက်ရမှုတွေရှိ တယ်။ အရေးယူဆောင်ရွက်ပြီးတဲ့ နောက်ပိုင်းမှာ အားလုံးမြင်တဲ့အတိုင်းပဲ ဒေါ်လာဈေး၊ ရွှေဈေး၊ ပြီးရင် အခြေခံစားကုန်ဈေးတွေ ကျဆင်းလာတယ်။ ဒီအပေါ်မှာ မကျေနပ်တဲ့ သူတွေလည်းရှိတယ်။   ဒီမကျေနပ်တဲ့ လူတွေက  စီးပွားရေးအရ  ထိုးနှက်ဖို့၊ နိုင်ငံရေးအရထိုးနှက်ဖို့ကို   အချိန်ကိုက်လုပ်ဆောင် တာပဲဖြစ်တယ်။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ပြောချင်တာက ၅၀တန်၊ ၁၀၀ တန် ဒီငွေကြေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ ဖျက်သိမ်းဖို့မရှိပါဘူး။

အခြေခံဥပဒေပုဒ်မ ၃၆ မှာပါတဲ့ နိုင်ငံတော်ရဲ့တရားဝင်ငွေကြေးတွေကို တရားမဝင်အဖြစ်  သတ်မှတ်ခြင်း မပြုဟုဆိုတဲ့အတိုင်း ဆောင်ရွက်လျက်ရှိတယ်။ ကောလာဟလတွေပဲဖြစ်ပါတယ်။  မိဘပြည်သူများအနေနှင့် အားလုံး ဒီကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး မယုံကြည်ကြဖို့ပြီးရင် နိုင်ငံတော်အနေနဲ့ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ မည်သည့်လုပ်ငန်းကိုပဲ လုပ်သည်ဖြစ်စေ ပြည်သူလူထုကို   ကြိုတင်အသိပေးပြီးမှ ကျွန်တော်တို့  ဆောင်ရွက်မှာဖြစ်ပါတယ်။ အခြေခံဥပဒေအတိုင်း တိကျစွာ လိုက်နာလျက်ရှိပါတယ်ဆိုတာကို ပြောချင်ပါတယ်။