ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Vladivostok မြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း( Field Training Exer

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Vladivostok မြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း( Field Training Exercise) သို့တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ ၁

            ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်းသို့ တက်ရောက်ရန် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ရာ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် Vladivostok မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး  ပစိဖိတ်ရေတပ်ဖွဲ့ ဒုတိယအကြီးအကဲ Vice Admiral Denis Berezovsky၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် တာဝန်ရှိသူများမှ လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

              နေ့လည်ပိုင်းတွင် အရှေ့ဖျားပြည်နယ်တက္ကသိုလ်(FEFU)၌ ပစိဖိတ်ရေတပ်ဖွဲ့သို့ ရောက်ရှိရာ ဒုတိယပါမောက္ခချုပ် Mr. Maxim Vedyashkin Vice-Rector for Campus Management  က တက္ကသိုလ်နှင့်ပတ်သက်၍ သင်ကြားပေးသည့် ဘာသာရပ်များ၊ တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများနှင့် တက္ကသိုလ် လုပ်ငန်းဆောင်တာ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယအကြီးအကဲ Vice Admiral Denis Berezovsky နှင့် တာဝန်ရှိသူများမှ လေ့ကျင့်ခန်းအတွက် FEFU ခန်းမတွင် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ မှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော် ကွပ်ကဲမှုအဖွဲ့များ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှု လေ့လာသည်။

            စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် Vladivostok ဒေသရှိ Sergeevsky လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်သည့် အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) ဖွင့်ပွဲအခမ်းအနားသို့ ရုရှားတပ်မတော်မှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများနှင့်မိတ်ဖက်နိုင်ငံများမှ တက်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့များ နှင့်အတူ ပါဝင် တက်ရောက်ခဲ့သည်။ ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးပြီး မြေပြင်လက်တွေ့ လေ့ကျင့်ခန်း ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ၏ ယာယီအခြေချ စခန်း(Training Camp) အား လေ့လာခဲ့သည်။ နေ့လည်ပိုင်းတွင် Ussuriysk မြို့ရှိ Suvorov Military School သို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ကြီး Major General Nikolay Glinin နှင့် တာဝန်ရှိသူများက သင်တန်းကျောင်းဆောင်များ၊ သင်ထောက်ကူပြုစာသင်ခန်း များ၊ အားကစားခန်းမများ၊ စားရိပ်သာ၊ သင်တန်းသားများ၏ အိပ်ဆောင်နှင့်နေရာ ချထားမှုပုံစံများအား လိုက်လံရှင်းလင်းပြသသည်။

            စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ပစိဖိတ်ရေတပ်ဖွဲ့ဌာနချုပ် House of Naval Officers အစည်းအဝေးခန်းမ၌ ပစိဖိတ်ရေတပ်ဖွဲ့အကြီးအကဲ Admiral Viktor Nikolayevich Liina နှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်စေရေးကိစ္စရပ်နှင့်  အာဆီယံအပေါင်း အကြမ်း ဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာမြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise)နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး အထိမ်း အမှတ်လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။ ညနေပိုင်းတွင် ပစိဖိတ် ရေတပ်ဖွဲ့အကြီးအကဲ Admiral Viktor Nikolayevich Liina မှ တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို တက်ရောက်သည်။

            စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် အမှတ်(၃၆)ရေပြင်သွား စစ်ရေယာဉ် တပ်မဟာသို့ ရောက်ရှိပြီး စစ်ရေယာဉ်ဆိပ်ခံ၌ Commander of the Primorsky Flotilla, Rear Admiral Valery Kazakov၊ အရာရှိများနှင့် စစ်​ရေယာဉ်ဂုဏ်ပြုတပ်ဖွဲ့တို့မှ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် ဂုဏ်ပြုကြိုဆိုကြသည်။ ၎င်းနောက် အမှတ်(၅၄၃)ဖရီးဂိတ် စစ်ရေယာဉ် Marshal Shaposhnikov သို့သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများ၏  ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကာ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် အမှတ်(၁၉) ရေငုပ်သင်္ဘောတပ်မသို့ ရောက်ရှိပြီး Captain 2nd Rank Derbenev ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။

              စက်တင်ဘာလ ၂၉ ရက်နေ့တွင် အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) လက်တွေ့ဆောင်ရွက်နေမှုများအား ရုရှားတပ်မတော်မှ တာဝန် ရှိသူများ၊ နိုင်ငံပေါင်းစုံပါဝင်သည့် တပ်ဖွဲ့ဝင်များ၊ လေ့ကျင့်ခန်းသို့ တက်ရောက်လာသည့် အာဆီယံ နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ကြည့်ရှုအား ပေးပြီး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။ ညနေပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပစိဖိတ်ရေတပ်ဖွဲ့အကြီးအကဲ Admiral Viktor Nikolayevich Liina မှ တည့်ခင်းဧည့်ခံသော မြေပြင်လေ့ကျင့်ခန်း ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် VLADIVOSTOK မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိကြောင်း သတင်းရရှိသည်။