နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း(၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့တက်ရောက်မိန့်ခွန်းပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း(၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၁  

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်မိန့်ခွန်း ပြောကြားသည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံတမန် များ ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ဌာနဆိုင် ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာနှင့် ဆက်စပ် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများ  နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

          ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အလံကို အလေးပြုကြပြီး တာဝန်ထမ်းဆောင်ရင်းကျဆုံးခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များ အားအမှတ်ရဂုဏ်ပြုသောအားဖြင့်(၁)မိနစ်ငြိမ်သက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က မိန့်ခွန်းပြောကြားရာတွင် လွတ်လပ် ရေးရပြီး နောက်ပိုင်း တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ကာ ရဲတပ်ဖွဲ့နေ့ အဖြစ်လည်း စတင်သတ်မှတ်ခဲ့ပါကြောင်း၊  ၁၉၉၅ ခုနှစ်၊အောက်တိုဘာလ ၁ ရက်နေ့တွင်  ပြည်သူ့ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊  မြန်မာနိုင်ငံရဲ တပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဆိုသည့် ဦးထိပ် ပန်ဆင်ထားသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန်  အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြောင်းလဲလာအောင် နှစ်အလိုက် အစီအမံများချမှတ် အကောင် အထည်ဖော်ဆောင် ရွက်လာရာယခုဆိုလျှင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် အောင်မြင်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေး ထားဆက်လက်ဆောင်ရွက်သွားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ညီနောင်အဖွဲ့ အစည်းဖြစ်သည့် တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ရန် အလေးထား မှာကြား လိုကြောင်း၊ ထို့အပြင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်း ဆောင်ရွက်ရေးဆိုသည့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄)ရပ် ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း။

နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝ ဖွံ့ဖြိုး တိုးတက် ရေးနှင့်  နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူသား လုံခြုံရေး အတွက်လည်း ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း၊  ၎င်းမှုခင်းများ ကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းဆောင်ရွက်ရန် ခက်ခဲသည့်အတွက် နိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်တုံ့ ပြန်မှုများနှင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။

၂၀၂၃ ခုနှစ်တွင်  မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအကြား နယ်စပ်ဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် မဲဆောက်မြို့ တို့တွင်  ကျင်းပပြုလုပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု( Online Scam )နှင့်  အွန်လိုင်း လောင်း ကစားမှု(Online Gambling)ဆိုင်ရာ ရှေ့ပြေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ ကြောင်း၊  မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအနေနှင့်  မြန်မာနိုင်ငံ၊ နယ်စပ်ဒေသများတွင် Online လိမ်လည်မှု ကျူးလွန်ရန် အဓမ္မစေခိုင်းသည့်  ဖြစ်စဉ်များကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၆ ရက်ထိ စစ်ဆင်ရေးကာလသတ်မှတ်ပြီး သုံးနိုင်ငံ နားလည်မှုရှိရှိနှင့်  ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊  ၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှ တရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှ တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးအတွက် နိုင်ငံ တကာအဖွဲ့အစည်းများနှင့်လည်း အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး (၃၈)ကြိမ်နှင့်  ၂၀၂၃ ခုနှစ်တွင်  ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင်တင်သွင်းမှုများကို တားဆီးဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး “Operation 39” ကို ဆောင်ရွက် လျက်ရှိကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက် အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့်  အမှုပေါင်း ၄၃၈၀ မှု၊ တရားခံပေါင်း ၅,၉၇၄ ဦး၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၂၃ ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့်  မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့်  ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေး ယူနိုင်ခဲ့ကြောင်း။

၂၀၂၃ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ကျရောက်သည့် (၃၆)ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ ဖျက်ဆီးပွဲတွင်  စုစုပေါင်းတန်ဖိုးကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော် (အမေရိ ကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း)ရှိသည့်  မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုးတို့ကို ဖျက်ဆီးခဲ့ကြောင်း။

မျက်မှောက်ခေတ် လူကုန်ကူးမှုအခြေအနေမှာ ကမ္ဘာတစ်ဝန်း တိုးတက်လာသည့် အင်တာနက်နည်းပညာများကို အသုံးပြုပြီး လူကုန်ကူးသူများက လူသစ်စုဆောင်းခြင်း များပြုလုပ်ပြီး လူကုန်ကူးမှုပုံစံများနှင့်  စီးဆင်းမှုများ ပြောင်းလဲလာပါကြောင်း၊ မြန်မာနိုင်ငံ အနေနှင့်  လူကုန်ကူးမှုများကို ထိရောက်စွာအရေးယူနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက် တွင်  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေသစ်ကို ပြဋ္ဌာန်းပေးခဲ့ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်အထိ လူကုန်ကူးမှု ၂,၂၄၅ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း၊  လူကုန်ကူးသူ တရားခံစုစုပေါင်း ၆,၅၁၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ဒေသတွင်းလူကုန်ကူး မှုခင်း များနှင့်  လူမှောင်ခိုမှုများ တားဆီးနှိမ်နင်းရေးစီမံကိန်းများတွင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့(ASEANAPOL)တို့နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ ကြောင်း။

ယနေ့အချိန်အခါတွင် ငွေကြေးခဝါချမှု၊ ငွေကြေးလိမ်လည်မှုနှင့် အဂတိလိုက်စားမှု အပါအဝင် ငွေကြေးဆိုင်ရာပြစ်မှု (Financial Crime)အွန်လိုင်းအသုံးပြုလိမ်လည်မှု အပါအဝင် ဆိုက်ဘာပြစ်မှု(Cyber Crime) ၊ အကြမ်းဖက်မှု (Terrorism) တို့သည် ကမ္ဘာလုံး ဆိုင်ရာ ခြိမ်းခြောက်မှု အဆင့်အမြင့်ဆုံးဖြစ်နေသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ငွေကြေး ခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့အား တိုက်ဖျက်ရန် မြန်မာနိုင်ငံရဲ တပ်ဖွဲ့အနေဖြင့်  သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ၊ တရား စီရင်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း။

တပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က အလေးထားအသိအမှတ် ပြုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များကို စိစစ်ချီးမြှင့်ပေးလျက်ရှိကြောင်း၊  မိမိကျရာကဏ္ဍတွင်  တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များ၏  ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုများအပေါ်တွင်လည်း ဂုဏ်ယူလေး စား အသိအမှတ်ပြုပါကြောင်းကို ထပ်လောင်း ပြောကြားလိုပါကြောင်း။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက် အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များကို ချီးမြှင့်ခဲ့ရာတွင်  ဝဏ္ဏကျော်ထင်ဘွဲ့ ၇ ဦး၊ ရဲသီဟတံဆိပ် ၁ ဦး၊ ရဲသူရတံဆိပ် ၁၉ ဦး၊ ရဲဗလတံဆိပ် ၃၆ ဦး၊ ရဲသူရိန်တံဆိပ် ၁ ဦး၊ ရဲကျော်သူ တံဆိပ် ၅ ဦး၊ လူမှု ထူးချွန်တံဆိပ်(တတိယအဆင့်) ၁ ဦး၊ ရဲမှုထမ်းကောင်း ၃၃၀ ဦး၊ နိုင်ငံတော်ရဲမှုထမ်း တံဆိပ် ၈၂၉ ဦး၊ မြန်မာနိုင်ငံရဲပူးတွဲတိုက်ပွဲဝင်တံဆိပ် ၁,၉၁၀ ဦး၊ ပြည်သူ့ ဝန်ထမ်းကောင်း တံဆိပ် ၂၅ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ၅၇ ဦး၊ ငြိမ်ဝပ်ပိပြားရေးနှင့်  တရား ဥပဒေစိုးမိုးရေး တံဆိပ် ၄,၁၆၇ ဦး၊ စုစုပေါင်း ၇,၃၈၈ ဦးကို ချီးမြှင့်ပေးခဲ့ကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်များနှင့်  တည်ဆောက်ရာတွင် လိုအပ်သည်များကို နိုင်ငံတော်က တိုးမြှင့်ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်ပေးနေသကဲ့သို့ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီအနေ ဖြင့် အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်း မွန် ရန်၊ စွမ်းရည် ပြည့်ဝရန်နှင့်  တာဝန်ကျေပွန်ရန် စသည်များကို  စဉ်ဆက်မပြတ် ဆက်လက်ခံယူ လေ့ကျင့် နေကြ ရမည်ဖြစ်သကဲ့သို့ လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကိုလည်း ဥပဒေနှင့်အညီ လုံခြုံအောင် ရိုးသားကြိုးစားမှုနှင့် ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး အကာအကွယ်ပေး စောင့် ရှောက်သွားကြရန် နှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး လုံခြုံတည်ငြိမ်မှု ရှိစေရေး ဆောင်ရွက်ရာတွင်  သက်ဆိုင်ရာ ဥပဒေဘက်တော်သား အဖွဲ့အစည်း များအပြင် မိမိတို့တာဝန်ကျရာ နယ်မြေအလိုက် ပြည်သူများနှင့်ပါလက်တွဲပူးပေါင်းပြီး ပြစ်မှုကျူးလွန်မှု မရှိစေရေး၊ ပြစ်မှုကျူးလွန်ပါကလည်း ပြေးစရာမြေနေရာ မရှိသည်အထိ တရားခံများကို နာရီမဆိုင်းဖော်ထုတ်ပြီး ပြစ်မှုအလိုက် ထိရောက်သည့် ပြစ်ဒဏ်ကျခံ နိုင်ရေးတို့ကို လုပ်ထုံး လုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ကြရန်နှင့်  ပြည်သူအားလုံးက မြန်မာ နိုင်ငံရဲတပ်ဖွဲ့ အပေါ် အထင်ကြီးလေးစားဂုဏ်ယူရသည့် အဖွဲ့အစည်းဖြစ်စေရေး စစ်သည် အဆင့်မှဝန်ကြီး အဆုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကျောသားရင်သားမခွဲခြားဘဲ အဆင့်ဆင့် အုပ်ချုပ်ကွပ်ကဲကာ ပေးအပ်လာသည့် တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ကြရန် အထူးတိုက်တွန်း မှာကြားလိုကြောင်း။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအား လုံးသည်လုပ်ငန်းတာဝန်များ ဆောင်ရွက် ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်တည်ကြည် မှန်ကန်စွာ အလေး ထား ဆောင်ရွက်သွားကြရန်၊ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ရာတွင်လည်း ရဲလုပ်ငန်း ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နှင့် ကြိုးပမ်း လုပ်ဆောင်သွားကြရန်၊လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း ပြည်သူ လူထု တစ်ရပ်လုံးက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်သွားကြရန်တိုက်တွန်း ပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကို ပြသသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် ၄ ဦးနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ ၁ ဦး ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က စွမ်းရည် သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် ၄ ဦး နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ် ရရှိသူ ၂ ဦး ကိုလည်းကောင်း ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး (၅၉)နှစ် မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်း ပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ရုပ်လုံးရုပ်ကြွများ၊ တပ်ဖွဲ့/ဌာနများတွင် အသုံးပြုလျက်ရှိသည့် စက်ကိရိယာများ၊ နည်းပညာ ဆိုင်ရာပစ္စည်းများ၊ လက်နက်များ၊ ဝတ်စုံများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ မူးယစ်ဆေးဝါး ရှာဖွေစစ်ဆေးရေးစက်များနှင့် ယာဉ်များကိုလှည့်လည်ကြည့်ရှုသည်။

          ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် က ရဲတပ်ဖွဲ့နေ့မိန့်ခွန်းပြောကြားပြီး  စံပြရဲအဆင့်တိုးဆုရရှိသူများနှင့် စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဒုတိယရဲချုပ်များက စွမ်းဆောင်မှုအတွက်ရာထူးအဆင့်တိုးဆုရရှိသူ များ နှင့် ရုံးဝန်ထမ်းထူးချွန်ဆုရရှိသူများ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ရဲချုပ်၏ဇနီးနှင့် ဒုတိယရဲချုပ်များ၏ ဇနီးများက အမျိုးသမီးစွမ်းဆောင်ရှင်ဆုနှင့် နေအိမ်လိုင်းခန်း သန့်ရှင်း ရေးဆုရရှိသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။