မော်လမြိုင်ကျွန်းမြို့နယ်၌ တီလားဗီးယားငါးတစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ ဈေးကောင်းရ

မော်လမြိုင်ကျွန်းမြို့နယ်၌ တီလားဗီးယားငါးတစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ ဈေးကောင်းရ

မော်လမြိုင်ကျွန်း ၊ စီးပွားရေး

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်မော်လမြိုင်ကျွန်းမြို့နယ်၌ တီလားဗီးယား ငါးတစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ ဈေးကောင်းရရှိလာခြင်းကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက် ရှိကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်အေးမော်ထံမှ သိရ သည်။  

မော်လမြိုင်ကျွန်းမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံများထံ တီလားဗီးယားငါးများ ပုံမှန်ဝင်ရောက် လျက်ရှိပြီး  သြဂုတ်လအတွင်း  တီလားဗီးယားငါးတစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ အထိသာဈေးရှိခဲ့ကာ စက်တင်ဘာလ ပထမပတ်မှ ယနေ့အထိ တီလားဗီးယားငါး  တစ်ပိဿာလျှင်ငွေကျပ်  ၇၅၀၀  အထိ ဈေးကောင်းရရှိ ကြောင်းသိရသည်။ 

“တီလားဗီးယားငါးတွေ ပုံမှန်ဝင်ရောက်နေပါတယ်။ လက်ရှိမှာငါးတွေ အထွက်နှုန်းကောင်းပြီး ဈေးကောင်းနေတယ်။ ဒါ့အပြင် ဒေသငါးဈေးကွက်မှာ ငါးအရောင်းအဝယ်လုပ်ငန်းတွေလည်း  အပြိုင် ပြန်လည်လုပ်ကိုင်လာတော့ ဈေးတက်လာတာဖြစ်ပါတယ်။ အရင်ကငါးတစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ ပဲရှိတာ။ ခုတော့ တစ်ပိဿာကိုငွေကျပ် ၇၅၀၀ အထိဈေးကောင်းနေပြီး ဒီလအတွင်း အမှာကုန်ချိန် ကလည်း များနေပါတယ်။ ငါးဈေးကကောင်းပြီး အရောင်းအဝယ်ကလည်းကောင်းတော့  ရေလုပ်ငန်း လုပ်သူတွေအဆင်ပြေလျက်ရှိနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံ လုပ်ငန်းရှင် ဒေါ်အေးမော် ကပြောသည်။   

အဆိုပါ တီလားဗီးယား ငါးဈေးနှုန်းမြင့်တက်လာသော်လည်း အရောင်းအဝယ်ကောင်းနေပြီး လက်ရှိ တွင် တစ်ရက်လျှင် တီလားဗီးယားငါးပိဿာချိန်  ၅၀၀   မှ ၂၀၀၀  အထိ အရောင်းအဝယ်ဖြစ်နေသည်။  အဆိုပါ တီလားဗီးယားငါးများ အရောင်းအဝယ်သွက်လာသည့်အတွက် ကုန်တင်ယာဉ် အငှားလိုက် လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ရေလုပ်သားများနှင့် ကုန်ထမ်းလုပ်သားများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။      

သုတကျော်