သီတင်းကျွတ်ကာလ နီးလာသဖြင့် ပြည်တွင်းဖြစ် မြေထည်ဆီမီးခွက်များ ရောင်းအားကောင်းလာ

သီတင်းကျွတ်ကာလ နီးလာသဖြင့် ပြည်တွင်းဖြစ် မြေထည်ဆီမီးခွက်များ ရောင်းအားကောင်းလာ

    သီတင်းကျွတ်ကာလ နီးလာသဖြင့် ပြည်တွင်းဖြစ် မြေထည်ဆီမီးခွက်များ ရောင်းအားကောင်းလာပြီး ယခင်နှစ်ကထက် ပိုမိုရောင်းချနေရကြောင်း မန္တလေးမြို့ရှိ မြေထည်ပစ္စည်း အရောင်းဆိုင်များမှ   သိရသည်။

သဘာဝမြေစေးဖြင့်  ပြုလုပ်ထားသော ပြည်တွင်းဖြစ်    မြေထည်ဆီမီးခွက်များသည် တစ်နှစ်ထက်တစ်နှစ်  ဒီဇိုင်းပုံစံများ ဆန်းသစ်လာခြင်း၊ အရောင်အသွေး လှပခြင်း၊ ဖယောင်းလောင်းထည့်ထားခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ကြော်ငြာအား ကောင်းလာခြင်းများကြောင့် ယခုနှစ်တွင် ယခင်နှစ်ကထက်  ရောင်းအား ကောင်းလာခြင်းဖြစ်သည်။

“သီတင်းကျွတ်ကာလနီးလာတော့ ဆီမီးခွက်လေးတွေ အရောင်းသွက်လာတယ်။  ပြည်တွင်းဖြစ် မြေထည်ဆီမီးခွက်တွေက   ဈေးလည်းသက်သာတယ်။ အခုလိုရောင်းအား ကောင်းလာတော့ လုပ်ငန်းလုပ်ကိုင်သူတွေနဲ့  ဒေသခံတွေလည်း အဆင်ပြေလာကြတယ်”ဟု မန္တလေးမြို့ရှိ မြေထည်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

မြေထည်ဆီမီးခွက်အမျိုးအစားများတွင် ကြာခွက်၊ ရိုးရိုးဆီမီးခွက်ပြား၊ ပန်းအိုးပုံ ဆီမီးခွက်နှင့် သပိတ်ပုံဆီမီးခွက် စသည်ဖြင့်  ပုံစံမျိုးစုံပါဝင်ပြီး   ဆီမီးခွက်တစ်မျိုးလျှင် အရောင်ခုနစ်မျိုးခန့်    ထုတ်လုပ်ရောင်းချလျက်ရှိသည်။

ယခုအခါ   မြေထည်ဆီမီးခွက်များကို တောင်ကြီး၊ တာချီလိတ်နှင့် တနင်္သာရီတိုင်း ဒေသကြီး စသည့်ဒေသများသို့ အများဆုံး တင်ပို့ရောင်းချနေရပြီး ပြည်ပတင်ပို့မှု အနေဖြင့်  တနင်္သာရီတိုင်းဒေသကြီးမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည်။ လက်ရှိ  မြေထည်ဆီမီးခွက် ဈေးနှုန်းများမှာ လက်ကားဈေးအနေဖြင့် ဆီမီးခွက်တစ်ခွက်လျှင် ငွေကျပ် ၂၂ ကျပ်မှ ၄၀၀ အထိဈေးရှိပြီး ဒီဇိုင်းပုံစံနှင့် အရောင်အသွေးပေါ် မူတည်ကာ  ဈေးနှုန်းကွာခြားမှုရှိကြောင်း   သိရသည်။