ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှ ဒေသတစ်ခု ထွက်ကုန်တစ်ခု ဖြစ်သည့် ဂရိတ်ဖရုသီးများ

ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှ ဒေသတစ်ခု ထွက်ကုန်တစ်ခု ဖြစ်သည့် ဂရိတ်ဖရုသီးများ

    ကချင်ပြည်နယ်    ပူတာအိုခရိုင် မချမ်းဘောမြို့နယ်၌ တောတောင်သဘာဝရှုခင်းများ၊   အထင်ကရနေရာများနှင့် သဘာဝအစားအစာများ၊ ဆေးဖက်ဝင်  သစ်သီးများပေါများလှပြီး ပူတာအိုဒေသ၏ပြယုဂ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဆေးဖက်ဝင်ပြီး လူကြိုက်များသော ဂရိတ်ဖရုသီး ထွက်ရှိရာဒေသလည်း   ဖြစ်ပေသည်။

အဆိုပါဂရိတ်ဖရုသီးသည် အချဉ်ဓာတ်ကဲ၍ အရည်ရွှမ်းသော သံပရာမျိုးနွယ်ဝင်ဖြစ်ပြီး ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝသော အသီးဖြစ်ရာ ဂရိတ်ဖရုသီး စားသုံးခြင်းဖြင့် သွေးတိုးရောဂါ၊  ဆီးချိုရောဂါ၊  နှလုံးရောဂါ၊ ကင်ဆာရောဂါနှင့် လေဖြတ်ရောဂါတို့ကို ကာကွယ်နိုင်ပြီး ကိုယ်ခန္ဓာအတွင်း အစာခြေစနစ်ကို  ထိန်းညှိပေးခြင်း၊ အသားအရေကို  လှပစေခြင်းတို့ကြောင့် ဒေသခံနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများက နှစ်ခြိုက်စွာစားသုံးကြကာ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များကပါ ပူတာအိုဒေသထွက် လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိသည်။

ဂရိတ်ဖရုသီးပင်များကို  ပူတာအိုခရိုင် မချမ်းဘောမြို့နယ် ကျေးရွားအုပ်စု ၁၂  စုရှိ ဥယျာဉ်ခြံမြေနှင့် အိမ်ခြံမြေများ၌ စိုက်ပျိုးလျက်ရှိရာ အင်ဘူးဘော့ကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်  ဂရိတ်ဖရုစိုက်ပျိုးရေး ဆောင်ရွက်နေသော တောင်သူ ဦးနန်မွန်ထင်၏ စိုက်ပျိုးရေးခြံ၌လည်း ဂရိတ်ဖရုသီးပင်များ စိုက်ပျိုးထားကြောင်း သိရသည်။

ဂရိတ်ဖရုစိုက်ပျိုးရေး တောင်သူ ဦးနန်မွန်ထင်က မိမိ၏စိုက်ပျိုးရေးခြံ၌ ၂၀၁၀ ပြည့်နှစ်မှစ၍  ဂရိတ်ဖရုပင် စမ်းသပ်စိုက်ပျိုးခဲ့ရာ ယခုကဲ့သို့ အောင်မြင်ဖြစ်ထွန်းလာခြင်း ဖြစ်ကြောင်း၊ ဂရိတ်ဖရုခြံ၌ ဂရိတ်ဖရုသီးပင်များကို အဓိကစိုက်ပျိုးကာ  အခြားအသီးများဖြစ်သော  ဘုရင်သီး၊ လိမ္မော်နှင့် အမေရိကန်သံပရာ၊ ဝါရှင်တန်သီးပင်တို့ကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမြေဧက ၃ ဒသမ ၅၀ ၌  အပင်ပေါင်း ၃၀၀ ကျော်စိုက်ပျိုးထားကြောင်း ရှင်းပြသည်။

ဂရိတ်ဖရုပင်များသည် စတင်စိုက်ပျိုးပြီး ၅ နှစ်၊ ၆ နှစ်ခန့်အကြာမှသာ အသီးစတင်သီးလာပြီး ၈ နှစ်ခန့် သက်တမ်းရှိချိန်တွင် အသီးလှိုင်လှိုင်သီးလာသည်။ ၎င်းအပင်များကို ၃ လလျှင်  တစ်ကြိမ်ပေါင်းမြက်များ  ရှင်းလင်းပေးရသည်။

အသီးပင်များစိုက်ပျိုးရာတွင် စိုက်ပျိုးပြီးလျှင် ပေါင်းမြက်ရှင်းလင်းခြင်း၊ အကိုင်းထွင်ခြင်း နှင့် မြေသြဇာကျွေးခြင်းတို့ကို ဂရုတစိုက် ပြုလုပ်ပေးရကြောင်း သိရသည်။

ဂရိတ်ဖရုသီးများကို  ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်းလောက်မှ စတင်ခူးဆွတ်ရပြီး တစ်နှစ်လျှင် အလုံးရေ တစ်သောင်းခန့်ထွက်ရှိသည်။  ဈေးကွက်တွင် ဂရိတ်ဖရုသီးတစ်လုံးလျှင် ငွေကျပ်တစ်ထောင်ထိရရှိကာ ယခင်နှစ်တစ်ဧကလျှင် တစ်နှစ်ဝင်ငွေကျပ် ၁၅ သိန်းထိရရှိသည်။ ယခုနှစ်တွင် အနည်းဆုံးငွေကျပ်သိန်း ၂၀ ထိရရှိနိုင်ကြောင်းနှင့် ဒေသနေ တိုင်းရင်းသားများလည်း အလုပ်အကိုင်ရရှိကာ ဝင်ငွေရရှိစေမည်ဖြစ်ကြောင်း  သိရသည်။

ပူတာအိုခရိုင် မချမ်းဘောမြို့နယ်၌ ဂရိတ်ဖရုစိုက်ပျိုးဧကပေါင်း ၆၂ ဒသမ ၀၅ ဧကရှိပြီး ဂရိတ်ဖရုပင် အပါအဝင် ကျန်အသီးပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး   ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနကလည်း  ဂရိတ်ဖရုအောက်ခံပျိုးပင်များကို အခမဲ့ပံ့ပိုးပေးလျက်ရှိကာ ဂရိတ်ဖရုခြံများ တိုးချဲ့စိုက်ပျိုးခြင်းကြောင့် ရောင်းတန်းဝင် ဂရိတ်ဖရုသီးများ အထွက်နှုန်းတိုးကာ  ဒေသခံပြည်သူများ၏ လူမှုစီးပွား ပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။