ဝါးခယ်မမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့်တစ်လအတွင်း မွေးမြူရေး အသားစား ကြက်ပိဿာချိန် ၁၇၀၀၀၀ အထိ တင်ပို့ရောင်းချ

ဝါးခယ်မမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့်တစ်လအတွင်း မွေးမြူရေး အသားစား ကြက်ပိဿာချိန် ၁၇၀၀၀၀ အထိ တင်ပို့ရောင်းချ

 

    ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့် တစ်လအတွင်း   မွေးမြူရေး အသားစား ကြက်ပိဿာချိန်  ၁၇၀၀၀၀ အထိ တင်ပို့ရောင်းချရကြောင်း   ဝါးခယ်မမြို့နယ် ကြက်၊ ဘဲ၊ ကြက်ဥ၊  ဘဲဥရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်  ဒေါ်မြင့်မြင့်အေးထံမှ သိရသည်။

ဝါးခယ်မမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့်သြဂုတ်လ တစ်လအတွင်းက မွေးမြူရေး အသားစားကြက်ပိဿာချိန် ၉၁၀၀၀ အထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး စက်တင်ဘာလ  ၁ ရက်မှ ယနေ့အထိ မွေးမြူရေး အသားစားကြက်ပိဿာချိန် ၁၇၀၀၀၀ အထိ တင်ပို့ရောင်းချရပြီး အဆိုပါဒေသမှ အသားစားကြက်များအား   ရန်ကုန်မြို့မှ ဝယ်လိုအားကောင်းလာကြောင်း သိရသည်။

“အသားစားကြက်တွေကို ရန်ကုန်ဈေးကွက်က စက်တင်ဘာလ ပထမပတ်ကနေ စတင်ပြီး ဒီကနေ့အထိ ဝယ်လိုအားကောင်းလာတယ်။ ဒေသထွက်  အသားစား ကြက်တွေကို ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချနေပါတယ်။ အခုနှစ်ထဲမှာ အသားစားကြက်မွေးမြူတဲ့သူတွေ ထပ်တိုးလာနေတယ်။ ဝယ်ယူအားကောင်းလာတော့  မွေးမြူရေး လုပ်ငန်းရှင်တွေ အဓိက အဆင်ပြေနေတာ တွေ့ရပါတယ်။ ဝါးခယ်မမြို့နယ်က မွေးမြူရေး လုပ်ငန်းရှင်တွေက အသားစားကြက်နဲ့ ဥစားကြက်ကို ယှဉ်ကြည့်တဲ့အခါ အသားစားကြက် အများဆုံး မွေးမြူကြပါတယ်။ အခုအသားစားကြက်ဈေးနည်းနည်း  ထပ်မြင့်လာပါတယ်။” ဟုဝါးခယ်မမြို့နယ် ကြက်၊ ဘဲ၊ ကြက်ဥ၊ ဘဲဥရောင်းဝယ်ရေး   ပွဲရုံလုပ်ငန်းရှင် ဒေါ်မြင့်မြင့်အေး ကပြောသည်။

ဝါးခယ်မမြို့နယ်မှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချခဲ့သည့် မွေးမြူရေး အသားစား ကြက်ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၈၅၀၀၀၀ အထိဈေးပေါက်ခဲ့သည်။ အဆိုပါ မွေးမြူရေးအသားစားကြက်၏ သက်တမ်းသည် ကြက်ပေါက်စတင်မွေးချိန်မှ ရောင်းချိန်အထိ ၄၅ ရက်မှ ရက် ၅၀ အထိကြာမြင့်ပြီး ယခင်က ကြက်ပေါက်တစ်ကောင်လျှင် ငွေကျပ် ၅၀၀ မှ ၉၀၀ အထိသာ ဈေးပေးဝယ်ယူ မွေးမြူခဲ့ရသည်။

လက်ရှိကြက်ပေါက် တစ်ကောင်လျှင် ငွေကျပ်  ၁၃၀၀  မှ ၁၅၀၀  အထိ ဈေးပေးဝယ်ယူ မွေးမြူရကြောင်း၊ ကြက်စပ်စာမှာလည်း ယခင်ကတစ်အိတ်လျှင် ငွေကျပ်  ၂၈၀၀၀ အထိသာဈေးရှိခဲ့ပြီး ယခုအခါ တစ်အိတ်လျှင်  ငွေကျပ်  ၄၀၀၀၀ အထိဈေးပေါက်လာကြောင်း    သိရသည်။