ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်၌ အမိုနီယမ်နိုက်ထရိတ်(ယမ်း) သိုလှောင်ရုံပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်၌ အမိုနီယမ်နိုက်ထရိတ်(ယမ်း) သိုလှောင်ရုံပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

ကချင်ပြည်နယ် လိုင်ဇာ မုန်လိုင်ချက်မှာ အောက်တိုဘာလ  ၉ ရက်နေ့ ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး KIA  အဖွဲ့ဝင်တချို့နဲ့ မိသားစုတချို့ ထိခိုက်ဒဏ်ရာရသေဆုံးတာ တွေရှိခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မနေ့ကလည်း  ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့မှာ ထပ်မံသတင်းဖော်ထုတ်ချက်တွေ၊ ကျွန်တော်တို့ရဲ့ အမာခံသတင်းပေးတွေရဲ့ သတင်းပေးပို့ဖော်ထုတ်ချက်တွေအရ ဖော်ထုတ်ရရှိတဲ့ သတင်းကို  ပြောပေးမှာဖြစ်ပါတယ်။ ပထမအချက်က မုန်လိုင်ချက်ဒုက္ခသည် စခန်းဆိုပြီး အမည်ခံထားတာဖြစ်ပါတယ်။ အဲ့ဒီနားလေးမှာ   KIA သင်တန်းကျောင်းတစ်ခုရှိတယ်။   အဲ့ဒီ သင်တန်းကျောင်းမှာ အမိုနီယမ် နိုက်ထရိတ်(ယမ်း)တွေ သိုလှောင်ထားတာရှိတယ်။ ကျွန်တော်တို့ရဲ့ ဖော်ထုတ်ချက်အရ အဲ့ဒီယမ်းတွေကို KIA အဖွဲ့ကခေါင်းဆောင်တွေ၊    နောက်ပြီး ဒေါ်အားလီ(ခေါ်) အားလီကျဲပိုင်တယ်ဆိုတာလည်း ဖော်ထုတ် ရရှိခဲ့ပါတယ်။ ၉ ရက်နေ့ ညပိုင်း အဲ့ဒီမှာ     မတော်တဆမှုဖြစ်ပွားပြီးတော့ ရုတ်တရက် ပေါက်ကွဲတာ ဖြစ်တယ်လို့လည်း  သတင်းဖော်ထုတ်ရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း တရုတ်နိုင်ငံ နယ်စပ်ဂိတ် တွေမှာလည်း တရုတ်နိုင်ငံရဲတပ်ဖွဲ့ဝင်တွေက အကြောင်းရင်းတွေ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်လျက် ရှိတယ်လို့ သတင်းရရှိခဲ့ပါတယ်။  ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း တချို့မီဒီယာတွေမှာ    တက်လာတဲ့ပုံတွေ တွေ့ရပါလိမ့်မယ်။ အဲ့ဒီပုံတွေကို သေသေချာချာကြည့်ကြည့်ရင်  ဒီဟာသည် ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာ၊ ပွင့်ထွက်သွားတဲ့ နေရာတစ်ခုဖြစ်မှန်း သိသာတယ်လို့ပြောချင်တယ်။ ဒုတိယအချက်အနေနဲ့ ဒီကိစ္စကို တပ်မတော်က ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘူး။ တပ်မတော်အနေနဲ့ သူတို့စွပ်စွဲသလို ဗုံးကြဲတာ၊ ပစ်ခတ်တာတွေ မရှိခဲ့ပါဘူး။ သူတို့အနေနဲ့ တပ်မတော်က ဗုံးကြဲပစ်ခတ်ခဲ့တယ်ဆိုရင် ယခင်ကလည်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကိုတွေ့ပါလိမ့်မယ်။ တပ်မတော်က ပစ်ခတ်ခဲ့တယ်ဆိုပြီး ကျည်ခွံတွေ၊ ကျည်စတွေ၊ သက်သေခံပစ္စည်းတွေထုတ်ပြပြီး လုပ်တာမျိုးတွေရှိခဲ့တယ်။  တချို့ကလည်း လုပ်ကြံပြီးလုပ်ပြတဲ့ ပုံစံမျိုးတွေ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒီပေါက်ကွဲမှုကြောင့် လူတွေဆုံးရှုံးခဲ့တာကိုလည်း ကျွန်တော်တို့ သိရပါတယ်။ အစိုးရအနေနဲ့ကတော့ ဒီကာလဟာ NCA လက်မှတ်ရေးထိုးထားတဲ့ ၈ နှစ်ပြည့်ကာလဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးကို   NCA နှစ်ပတ်လည်နေ့ တက်ဖို့အတွက် ဖိတ်ခေါ်ထားတယ်။ အနှစ်သာရရှိရှိလုပ်ဖို့ လုပ်နေတယ်။ အဲ့ဒီအချိန်အတွင်းမှာ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပစ်ခတ်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက် ကြိုးပမ်းလျက်ရှိတယ်။

ဒီအချိန်မျိုးမှာ တပ်မတော်အနေနဲ့ လုပ်စရာအကြောင်းမရှိဘူး။ မနေ့က ကျွန်တော်ပြောသလိုပဲ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထားပြီး ဆောင်ရွက်နေတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့   လုပ်စရာ အကြောင်းမရှိဘူးလို့   ပြောလိုပါတယ်။ ထိခိုက်ဒဏ်ရာ ရသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ သဘောထားကတော့ တိုက်ပွဲမှာပဲဖြစ်ဖြစ်၊ ပဋိပက္ခတွေမှာပဲဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရ သေဆုံးရင် ကျွန်တော်တို့ နိုင်ငံသားတွေပဲ သေဆုံးတာ၊ ဆုံးရှုံးတာဖြစ်တယ်။   KIA ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် သေဆုံးရင်လည်း ဒီလူတွေဟာ ကျွန်တော်တို့ နိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အစိုးရ အနေနဲ့ ဝမ်းနည်းကြောင်းပြောလိုပါတယ်။ နောက်ထပ် ပြောလိုတာက  KIA အနေနဲ့ ဒုက္ခသည်စခန်းအမည်ခံ လေ့ကျင့်ရေးစခန်းတွေ၊ ဒုက္ခသည်စခန်းအမည်ခံ KIA အဖွဲ့ အခြေချနေတဲ့ စစ်စခန်းတွေ   အမြဲတမ်းလုပ်လေ့လုပ်ထရှိပါတယ်။   ဒါတွေဟာ တိုင်းရင်းသား ပြည်သူလူထုတွေကို ထိခိုက်နစ်နာစေပါတယ်။ ဒါ့ကြောင့် လူသားချင်း လူသားတံတိုင်းသဖွယ် စစ်ရေးစစ်ရာမှာ အသုံးမပြုဖို့၊ ပြီးရင် ရပ်ရွာ၊ ကျေးရွာတွေနားလေးမှာ ခဲယမ်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ၊ သိုလှောင်တာတွေမလုပ်ဖို့၊ အန္တရာယ်များတဲ့ အလုပ်တွေဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။