ရုပ်ရှင်အနုပညာလုပ်ငန်းများ မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် တွေ့ဆုံ

ရုပ်ရှင်အနုပညာလုပ်ငန်းများ မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် တွေ့ဆုံ

 

ရန်ကုန် အောက်တိုဘာ  ၁၂

    ရုပ်ရှင်အနုပညာ လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးနှင့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်    ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့အချိန်တွင် ရုပ်ရှင် အနုပညာလောက၏ အခြေအနေသည် ပုံမှန်အခြေအနေနီးပါးသို့ ရောက်ရှိလာပြီဟုပြော နိုင်ကြောင်း၊  ကိုဗစ်-၁၉ ရောဂါကြောင့် တုံ့ဆိုင်းရပ်ဆိုင်း သွားခဲ့သည့် ရုပ်ရှင်လုပ်ငန်း များ ယခုကဲ့သို့ ပုံမှန်လည်ပတ်နိုင်ရေးအတွက် အားလုံး  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ရ ကြောင်း။

ယခုအခါ ရိုက်ကူးပြီးဇာတ်ကားများ ရုံတင်ပြသနိုင်ရေးအတွက် ဖြစ်ပေါ်နေသည့် အခက်အခဲများနှင့် ကျော်လွှားဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေး အဖြေရှာပေးကြရမည်ဖြစ်ကြောင်း၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားများကို နိုင်ငံတော်က ဦးစီး၍ ကျင်းပဆောင်ရွက်ပေးခဲ့ပြီး  ယင်းအခမ်းအနားနှင့် ပတ်သက်၍ ပြည်သူများထံမှ ကောင်းမွန်သည့် သဘောထားတုံ့ပြန်ချက်များ ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူစရာ အခမ်းအနားကြီးတစ်ခုပင်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် မည်သို့စီမံဆောင်ရွက်သွားမည်ကို ယခုအစည်းအဝေး၌ ဆွေးနွေးပေးစေလိုပါကြောင်း။

ထို့ပြင်   နိုင်ငံတကာမှ ဖိတ်ခေါ်သည့် ရုပ်ရှင်ပွဲတော်များတွင် မြန်မာ့ရုပ်ရှင်ဇာတ်ကားများ  ပြသနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အရည်အသွေးရှိသည့်    ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်နိုင်ရေး အတွက်လည်း ကူညီပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက်  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် အစည်း အဝေးသို့ တက်ရောက်လာကြသူများက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။