မိုးယံသိမ်းပိုက် အောင်လံစိုက်သူများ၏ စကားသံ

မိုးယံသိမ်းပိုက် အောင်လံစိုက်သူများ၏ စကားသံ

 

    နေရောင်ခြည်အလင်းတန်းက  လှပသောနံနက်ခင်း၊   လမ်းဘေးဝဲယာ တစ်လျှောက် ကြီးမားသည့် သစ်ပင်ကြီးများဖြင့် မြင်ရသူအဖို့တော့ ရင်ကိုအေးမြစေသည်။ အနောက်ဘက်ကျကျတွင် တမျှော်တခေါ် ရှည်လျားနက်မှောင်သည့် လေယာဉ်ပြေးလမ်း  စစ်ရေးပြကွင်းနေရာ၊ တောင်ပံအပ်နှင်းပွဲ ကျင်းပမည့်နေရာ ပြင်ဆင်ထားမှု၊ ဌာနချုပ်/စခန်း/အုပ်တပ်များ၏ အလံများက တလူလူလွင့်လျက် လူပျံတော်ရုပ်တုနှင့် သိန်းငှက်နဖူးစည်းပါ မုခ်ဦးတို့ကလည်း သူ့နေရာနှင့်သူ အလွန်ကျက်သရေရှိလှ၏။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံ၏။

    တပ်မတော်(လေ) အနေဖြင့်လည်း လေကြောင်းစွမ်းအား အခြေခံသည့် လေယာဉ်မောင်း သင်ကျောင်းမှ လူချွန်လူမွန် လေသူရဲကောင်းများ နှစ်စဉ်မွေးထုတ် ပေးလျက်ရှိရာတွင် အရွယ်နုပျိုခြင်းနှင့်အတူ ပခုံးပြောင်းတာဝန် လက်ဆင့်ကမ်း အမွေရယူသူများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်တိုင်  ရွှေတောင်ပံတံဆိပ်ကို ချီးမြှင့်တပ်ဆင်အပ်နှင်း ဂုဏ်ပြုခြင်းပင်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက တိုက်ရိုက်ချီးမြှင့်အပ်နှင်းသည့် တာဝန်ဖြစ်၍ တံဆိပ်အဆင့်ထက် မြင့်မားသော ဂုဏ်ဒြပ်ကြီးမြတ်လှသည့် တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၅) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ ကျင်းပရာ အရွယ်နုပျိုခြင်းနှင့်အတူ ပခုံးပြောင်းတာဝန် လက်ဆင့်ကမ်း အမွေရယူသူများနှင့် တာဝန်ရှိသူများ၏ စကားသံများအား ဖော်ပြလိုက်ရပါသည်။

ဗိုလ်မှူးကြီးဇေထွန်း (တပ်မှူး လေယာဉ်မောင်းသင်ကျောင်း )

      လေယာဉ်မောင်းသင်ကျောင်းကတော့ ၁၉၅၀ ပြည့်နှစ်  ဇွန်လ ၁၆ ရက်နေ့တွင် လေယာဉ်မောင်း သင်တန်းကျောင်းကို မင်္ဂလာဒုံလေတပ်စခန်းမှာ   စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။   အဲဒီအချိန်က အမောင်းသင် လေယာဉ်အဖြစ် အတောင်နှစ်ထပ်တပ်  တိုက်ဂါးမော့သ်   (TigerMoth  ) လေယာဉ်များကို စတင်အသုံးပြုခဲ့ပါတယ်။ အဲ့ဒီနောက်   အမောင်းသင် လေယာဉ်များအဖြစ်    Chipmunk ၊ Provost လေယာဉ်၊ SF - 260 လေယာဉ်၊ PC - 7  လေယာဉ်၊  PT - 6 လေယာဉ်များဖြင့် သင်ကြားပို့ချခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှစတင်ပြီးတော့ ခေတ်မီအမောင်းသင် လေယာဉ်ဖြစ်တဲ့ Grob-120 TP လေယာဉ်များနဲ့   လေ့ကျင့်သင်ကြား ပေးလျက်ရှိပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလ ၆ရက်နေ့မှာ လက်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်ရှိ အမှတ် (၁) လေယာဉ်မောင်းသင်ကျောင်းကို လေယာဉ်မောင်းသင်ကျောင်းအဖြစ် အမည်ပြောင်းလဲခဲ့ပြီး ဖွဲ့စည်းပုံကိုလည်း တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် လေယာဉ်မောင်းသင်ကျောင်းရဲ့    သက်တမ်းကာလကို တွက်ချက်ကြည့်မည်ဆိုလျှင်  နှစ်ပေါင်း (၇၃)နှစ်ပြည့်ခဲ့ပြီး မြန်မာ့ဝေဟင်ပိုင်နက်ကို အသက်စွန့်ကြိုးပမ်း  ကာကွယ်ကြမယ့် အမျိုးသားလေသူရဲ ၂၀၂၃ ဦးနဲ့ အမျိုးသမီးလေသူရဲ ၂၆ ဦး စုစုပေါင်း လေသူရဲ ၂၀၄၉ ဦးအထိ အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ မိမိတို့ကျောင်းမှ မွေးထုတ်ပေးလိုက်တဲ့    လေယာဉ်မောင်း သင်တန်းဆင်း လေသူရဲများဟာ  သက်ဆိုင်ရာ ပျံသန်းရေးအုပ်သို့ ရောက်ရှိသည်နှင့် စစ်ဆင်ရေး တာဝန်များကို စတင် ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။  ကျောင်းဆင်းလေသူရဲတွေအပေါ်   ကြားချင်တဲ့ စကားလက်ဆောင်လေးကတော့   နိုင်ငံ့အန္တရာယ် ပြည့်ရန်စွယ်များကို ဝေဟင်ထက်က     စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ ကာကွယ်စောင့်ရှောက်ရင်း   ထူးချွန် ထက်မြက်တဲ့   လေသူရဲကောင်းများ ဖြစ်အောင် ကျင့်ကြံနေထိုင်ကြပြီး တပ်မတော်(လေ)ရဲ့    မြင့်မြတ်တဲ့ဂုဏ်ဒြပ်တွေကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ဖို့ ပြောကြားလိုပါတယ်။

ဒုတိယဗိုလ်မှူးကြီးဖြိုးဇင်ဦး (ခေတ္တပျံသန်းရေးဌာနမှူး)

     လေယာဉ်မောင်း သင်တန်းသားတွေကို ပျံသန်းမှုသင်ခန်းစာများကို   လက်တွေ့ သင်ကြားပို့ချရာမှာ အခြေခံ လေယာဉ်မောင်းသင်တန်း၊အကြိုတန်းမြင့် လေယာဉ်မောင်း သင်တန်းနဲ့   တန်းမြင့်လေယာဉ်မောင်း သင်တန်းဆိုပြီး  အပိုင်းသုံးပိုင်း ခွဲခြားပြီး ပို့ချပေးပါတယ်။ ပထမပိုင်းအနေနဲ့ အခြေခံလေယာဉ်မောင်း သင်တန်းတွင် လေကြောင်းဆိုင်ရာဘာသာရပ်များကို ၁၂ ပတ်ကြာ သင်ကြားရပြီး ဘာသာရပ်အားလုံး အောင်မြင်သူများကိုသာ   Grob - 120 TP အမောင်းသင်လေယာဉ်များဖြင့် တစ်ဦးတည်းပျံသန်းခြင်း မတိုင်မီအဆင့် (Pre - Solo Stage))ကို တက်ရောက် သင်ကြားကြရပါတယ်။  ပထမဆုံးအကြိမ် တစ်ဦးတည်း ပျံသန်းနိုင်ရန်အတွက် ပျံသန်းချိန် ၁၅ နာရီ သတ်မှတ်ထားပြီး ပျံသန်းရေး သင်ခန်းစာတွေကို ရှင်းလင်းသင်ကြားရာမှာလည်း ခေတ်မီသင်ကြားမှု နည်းစနစ်များဖြစ်တဲ့ ကွန်ပျူတာအခြေပြု လေ့ကျင့်သင်ကြားမှုစနစ် (Computer Based Training) များနဲ့    သင်ကြားလေ့ကျင့်စေခြင်း၊ အမှန်တကယ် ပျံသန်းမှု   မဆောင်ရွက်မီ လေယာဉ်တု(Simulator)များနဲ့ လေ့ကျင့်သင်ကြားခြင်းများကို ဆောင်ရွက်ကြရပါတယ်။ ပျံသန်းသင်ကြားချိန် ၁၅ နာရီဆိုတဲ့ အချိန်တိုအတွင်းမှာ    တစ်ဦးတည်း ပျံသန်းမောင်းနှင်နိုင်မှု   (Solo Flight) အောင်မြင်စွာ ပျံသန်းနိုင်ရမှာဖြစ်ပါတယ်။

တစ်ဦးချင်းပျံသန်းမှုကို ကျော်ဖြတ်အောင်မြင်လာကြတဲ့ လေသူရဲလောင်းတွေ အနေဖြင့် လေယာဉ်ကျွမ်းထိုး ပျံသန်းခြင်း၊ ခရီးဝေးပျံသန်းခြင်း၊ ချိန်ခွက်ကြည့်ပျံသန်းခြင်း၊ အုပ်ဖွဲ့ပျံသန်းခြင်းနဲ့ ညပျံသန်းခြင်း အစရှိတဲ့ ပျံသန်းရေး သင်ခန်းစာတွေကို ၄၅နာရီကြာ ဆက်လက်သင်ကြားရပြီး ပျံသန်းချိန် စုစုပေါင်း နာရီ ၆၀ လေ့ကျင့်ပျံသန်းပြီးချိန်မှာတော့      ပထမအဆင့်အခြေခံ လေယာဉ်မောင်း သင်တန်းပြီးဆုံးပြီပဲဖြစ်ပါတယ်။    ဒုတိယအဆင့် အကြိုတန်းမြင့် လေယာဉ်မောင်းသင်တန်းမှာ တိုက်လေယာဉ် လေသူရဲလောင်းများကို      K- 8W အမောင်းသင် ဂျက်တိုက်လေယာဉ်ဖြင့်၊ သယ်ယူပို့ဆောင်ရေး လေသူရဲလောင်းများကို Y 12 IV  လေယာဉ်ဖြင့်၊   ရဟတ်ယာဉ် လေသူရဲလောင်းများကို  H-120 ရဟတ်ယာဉ်ဖြင့် ဆက်လက်သင်ကြား ပို့ချပေးပါတယ်။    တတိယအဆင့် တန်းမြင့်လေယာဉ်မောင်း သင်တန်းတွင်လည်း တိုက်လေယာဉ် လေသူရဲလောင်းများကို K - 8 Wလေယာဉ်၊ သယ်ယူပို့ဆောင်ရေး လေသူရဲ လောင်းများကို  Y - 12 IV လေယာဉ်၊ ရဟတ်ယာဉ် လေသူရဲလောင်းများကို H-120  ရဟတ်ယာဉ်တို့ဖြင့် ပျံသန်းချိန် နာရီ ၆၀ကြာ ဆက်လက်သင်ကြား ပို့ချပေးပါတယ်။ တန်းမြင့်   လေယာဉ်မောင်းသင်တန်းကို တက်ရောက်ပြီးချိန်မှာတော့    လေသူရဲလောင်း အားလုံးဟာ ပျံသန်းချိန်စုစုပေါင်း နာရီ ၁၈၀ အား အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။  လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၈၅)မှာ သင်တန်းတက်ရောက်သော သင်တန်းသားများအနေနဲ့ ပျံသန်းမှု အတတ်ပညာကို တတ်မြောက်အောင်မြင်ပြီး အခုလို ရွှေတောင်ပံကို ရင်မှာဝင့်ကြွားစွာ တပ်ဆင်ထားသည်ကို မြင်တွေ့ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်။

ဗိုလ်မှူးသန်းထိုက်ဦး စာပေဌာန(ယာယီဌာနမှူး )

    လေယာဉ်မောင်းသင်ကျောင်းကို ကနဦး ကျောင်းဆင်း ရောက်ရှိလာတဲ့ သင်တန်းသားအရာရှိငယ်များကို   ပထမဦးဆုံး အခြေခံ လေယာဉ်သားလောင်းသင်တန်း စတင်တက် ရောက်စေပါတယ်။  အဲဒီသင်တန်းမှာ လေသူရဲတစ်ဦး မဖြစ်မနေ သိထားရမယ့် ဘာသာရပ်တွေကို သင်ကြားပို့ချပြီး အရည်အချင်း စစ်ဆေးပါတယ်။ အဲ့ဒီသင်တန်းမှာ သင်ကြားပေးတဲ့ ဘာသာရပ်တွေကတော့ Airmanship ၊ Principles of Flight ၊Meteorology ၊ Communication စတဲ့ ဘာသာရပ်တွေအပြင် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ အပါအဝင် ဘာသာရပ် ၁၂ ခုကို သင်တန်းကာလ ခြောက်ပတ် သင်ကြားပေးခဲ့ပါတယ်။ အဲ့ဒီနောက် အခြေခံလေယာဉ်မောင်းသင်တန်းကို လေယာဉ်သားလောင်း သင်တန်းမှာပါဝင်တဲ့ ဘာသာရပ်တွေအပြင် Survival ဘာသာရပ်ကို ထပ်တိုးသင်ကြားပေးပါတယ်။ သင်တန်းကာလကတော့  ၂၂  ပတ်ဖြစ်ပါတယ်။  အကြိုတန်းမြင့်လေယာဉ်မောင်း သင်တန်းမှာတော့ Weapons  ဘာသာရပ်ကို ထပ်တိုးသင်ကြားပေးပြီး သင်တန်းကာလ ၁၆ ပတ်ဖြစ်ပါတယ်။ နောက်ဆုံးတန်းမြင့် လေယာဉ်မောင်းသင်တန်းကိုတော့  သင်တန်းကာလ ၁၄ ပတ်နဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မြို့ပြလိုင်စင် လျှောက်ထားဖြေဆိုနိုင်တဲ့ အဆင့်ရရှိစေရန် ရည်ရွယ်ပြီး Air Law ၊ Flight ၊ Planning  ၊ Performance ၊ Mass & Balanceနဲ့ Operational Procedures  ဘာသာရပ်တွေကို   ထပ်တိုးပို့ချပေးနိုင်ခဲ့ပါတယ်။ကျောင်းဆင်း လေသူရဲတွေအပေါ် ယာယီ စာပေဌာနမှူး တစ်ဦးအနေနဲ့ မှာကြားချင်တဲ့   စကားလက်ဆောင်လေးကတော့ သင်တန်းဆင်းပြီးတာနဲ့   သက်ဆိုင်ရာ ပျံသန်းရေးအုပ်တွေကို ရောက်ရှိတဲ့အခါမှာ သင်ကြားပေးလိုက်တဲ့  ပျံသန်းရေးဆိုင်ရာ စာပေဘာသာရပ်တွေကို အခြေခံပြီး နိုင်ငံတကာ လေကြောင်းဆိုင်ရာ စာပေများကို ဆက်လက်လေ့လာသွားကြရင်း နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးရတဲ့ လေသူရဲကောင်းများ ဖြစ်ကြပါစေလို့  ဆုမွန်ကောင်း တောင်းပေးလိုပါတယ်။

ဗိုလ်အာကာထက်ညီ (စံပြလေသူရဲဆု)

      ပျံသန်းရေးနှင့် စာပေသင်ကြားမှုအပိုင်းတွေမှာ   ဆရာတွေရဲ့ သင်ကြားပြသမှု မှန်သမျှကို သေသေချာချာနဲ့ စိတ်ဝင်တစား လေ့လာကြိုးစားခဲ့တဲ့အတွက် ဒီဆုကိုချီးမြှင့် ခြင်းခံရတာဖြစ်ပါတယ်။ စံပြတပ်မတော်သား တစ်ဦးဖြစ်ဖို့ ကျွန်တော့်အနေနဲ့ အထက်က ပေးအပ်တဲ့အမိန့်နှင့်တာဝန်များကို ကျေပွန် စွာထမ်းဆောင်ပြီး တိုင်းပြည်နှင့်လူမျိုး အတွက်   အားထားရတဲ့ အရာရှိတစ်ဦးဖြစ်အောင် ကျင့်ကြံနေထိုင် သွားမှာဖြစ်ပါတယ်။

ဗိုလ်ရဝေအောင် (လေယာဉ်မောင်းထူးချွန်ဆု)

    ကျွန်တော့်အနေနဲ့  လေယာဉ်မောင်း ထူးချွန်ဆုရရှိအောင်   ကြိုးစားမှုအနေနဲ့ နောက်တစ်ရက်တွင် ပျံသန်းရေးလေ့ကျင့်ခန်း  ပြုလုပ်မည်ဆိုတာကို   သိရှိပြီဆိုတာနဲ့ ညစာကြည့်ချိန်မှာကတည်းက  ဆရာနှင့် မနက်ဖြန်မှာ ပြုလုပ်မည့် သင်ခန်းစာတွေ၊ Procedure awG? Exercise Plan တွေကို ဘယ်လိုပြုမည်ဆိုတာကို ဆွေးနွေးပြောပြပြီး ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရပါတယ်။ ပျံသန်းရေး ပြုလုပ်ပြီးချိန်တွင်လည်း ပြုလုပ်ခဲ့သည့်သင်ခန်းစာတွေကို ဆရာနှင့်ဆွေးနွေး၍ မရှင်းလင်းသည်များကို မေးမြန်းခြင်း၊ ဆရာ၏ ပြင်ဆင်ပေးသည့် ညွှန်ကြားချက်များကို လေ့လာမှတ်သားခြင်းများ ပြုလုပ်ရပါတယ်။ 

ပျံသန်းရေး စည်းကမ်းများ၊ မြေပြင်စည်းကမ်းများ၊ ဝေဟင်စည်းကမ်းများကို လိုက်နာရမည့်အပြင် ဆရာများ၏ သွန်သင်ဆုံးမမှုများကို တိတိကျကျနာယူ မှတ်သားလိုက်နာခဲ့ရပါတယ်။  ရှေ့ဆက်ပြီး  ဒို့တာဝန်အရေးသုံးပါးကို  ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးအားထားရတဲ့ လေသူရဲတစ်ဦးဖြစ်အောင်   ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။

ဗိုလ်ရဲမာန်(စာပေထူးချွန်)

    ရရှိခဲ့တဲ့ဆုကတော့  စာပေထူးချွန်ဆု ဖြစ်ပါတယ်။ စာပေထူးချွန်ဆု ရရှိအောင် အခြေခံလေယာဉ်သားလောင်းသင်တန်း ကစလို့ သင်တန်းကာလတစ်လျှောက်လုံး လေကြောင်းပညာရပ်ဆိုင်ရာ သီအိုရီတွေ၊ နည်းစနစ်တွေနဲ့ လုပ်ငန်းစဉ်တွေကို သေချာ သိအောင်၊ နားလည်လာအောင် လေ့လာဆည်းပူး သင်ယူခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ ဆရာတွေရဲ့အနီးကပ် သင်ကြားပြသမှုများ ပြန်လည်ဆွေးနွေးမှုများကို စူးစမ်းလေ့လာ လိုစိတ်နဲ့ ကြိုးစားသင်ယူခဲ့လို့ အခုလိုဆုရရှိခဲ့တာပါ။

    လေသူရဲမောင်မယ်လေးများသည် သူတို့၏ ဝီရိယစွမ်းအား၊ ရည်မှန်းချက်များဖြင့်  အလှသရဖူ ဆောင်းခဲ့ရသည့်အပြင် ဤကျောင်းတော်ကြီး၏ ရင်နှစ်သည်းချာ ရတနာများအဖြစ်  အနာဂတ်တွင် မိုးယံသိမ်းပိုက်   အောင်လံစိုက်သူများအဖြစ် တင်စားခေါ်ဆို ရေးသား ဖော်ပြလိုက်ရပါသည်။    ။