သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ပြည်တွင်းဖြစ် မီးထွန်းအရုပ်များ ရောင်းအားကောင်း

သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ပြည်တွင်းဖြစ် မီးထွန်းအရုပ်များ ရောင်းအားကောင်း

 

မင်းလှ အောက်တိုဘာ  ၁၂

    ပဲခူးတိုင်းဒေသကြီး   မင်းလှမြို့နယ်၌ သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ပြည်တွင်းဖြစ် မီးထွန်းအရုပ်များ ရောင်းအားကောင်းနေသောကြောင့် ထိုဒေသမှ မီးထွန်းအရုပ်ပြုလုပ်ရောင်းချသူများ အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း ဒေသခံမီးထွန်း အရုပ်ပြုလုပ်ရောင်းချသူများ၏ ပြောဆိုချက်အရ သိရသည်။

နှစ်စဉ်    သီတင်းကျွတ်မီးထွန်းပွဲတော်ကာလ     နီးကပ်လာသောအခါ မင်းလှမြို့နယ်ရှိ ဒေသခံတချို့သည် ကလေးငယ်များဆော့ကစားသော မီးထွန်းအရုပ်များနှင့် နေအိမ်များ၌ ချိတ်ဆွဲအသုံးပြုသော မြန်မာ့ ရိုးရာမီးပုံးများကို ပြုလုပ်ရောင်းချကြသည်။

အဆိုပါ မီးထွန်းအရုပ်များနှင့် မီးပုံးများပြုလုပ်ရန် ကြသောင်းဝါး၊ သွပ်ကြိုး၊  သားရေကွင်း၊ သံ၊ ဆီစိမ် စက္ကူ၊ မှန်စာရွက်၊ ကော်၊ သင်္ဘောဆေး၊ သစ်သားဘီး၊ ကော်ဘီးနှင့် အသံဘူး စသည့်ပစ္စည်းများကို ဝါခေါင်လ အတွင်း ကြိုတင်ဝယ်ယူ စုဆောင်းထားပြီး တော်သလင်းလတွင် အပြီးပြုလုပ်ကာ ဈေးကွက်အသီးသီးသို့ တင်ပို့ ရောင်းချကြသည်။

“မြန်မာ့ရိုးရာ သီတင်းကျွတ် မီးထွန်းပွဲတော်အစဉ်အလာကို မပျောက်ပျက်စေဖို့နဲ့ ကလေးတွေကို ဈေးသက်သက်သာသာနဲ့  အရုပ်လေးတွေ  ပြုလုပ်ပေးချင်တာကြောင့်  မီးထွန်းအရုပ်လေးတွေ  ပြုလုပ်ရောင်းချတာပါ။  မီးပုံးတွေ၊  တိရစ္ဆာန်အရုပ်တွေ၊  လေယာဉ်ပျံ အရုပ်တွေ၊    ကားရုပ်တွေ   စတဲ့အရုပ်မျိုးစုံပြုလုပ်ရောင်းချပါတယ်” ဟု မင်းလှမြို့နယ်မှ  မီးထွန်းအရုပ်  ပြုလုပ်ရောင်းချသူ ဦးသောင်းညွန့်ကပြောသည်။

ထိုသို့သီတင်းကျွတ်မီးထွန်း ပွဲတော်အတွက် မီးထွန်း အရုပ်များ ပြုလုပ်ရောင်းချရာတွင် ယုန်ရုပ်၊ ကြွက်ရုပ်၊ ဆင်ရုပ်၊ ကြက်ရုပ်၊ ဘဲရုပ်၊ ငှက်ရုပ်၊ ဟင်္သာရုပ်၊ ဂျိုကာ ရုပ်၊ လေယာဉ်ပျံရုပ်၊ ကားရုပ်၊ သင်္ဘောရုပ်၊ အိမ်ဆွဲ မီးပုံး၊ ကြယ်ပုံစံမီးပုံးနှင့် အသည်းပုံမီးပုံး စသည့်အရုပ် မျိုးစုံအပြင် သီးသန့်အရုပ်ပုံစံများ  အော်ဒါမှာယူလျှင် လည်း ပြုလုပ်ပေးကြောင်း သိရသည်။

အများအားဖြင့် ထိုမီးထွန်း အရုပ်များနှင့် မီးပုံးများကို လက်ကားရောင်းချခြင်း ဖြစ်သော်လည်း လက်လီ ဝယ်ယူလိုပါက တစ်ရုပ်ချင်းဈေးနှုန်းဖြင့် ရောင်းချပေး ကြောင်း၊ မီးထွန်းအရုပ်တစ်ရုပ်လျှင် လက်ကားဈေး ငွေကျပ် ၂၃၀၀ နှင့် လက်လီဈေး ငွေကျပ် ၂၅၀၀၊ မီးပုံးတစ်ခုလျှင် လက်ကားဈေး ငွေကျပ် ၂၈၀၀ နှင့် လက်လီဈေး ငွေကျပ် ၃၀၀၀ ဖြင့် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။