တနင်္သာရီတိုင်း ဒေသကြီးရှိ ကင်းမွန်မီးထွန်းလှေများ ပင်လယ်ပြင်အတွင်းသို့ လုပ်ငန်းခွင် စတင်ဝင်ရောက်

တနင်္သာရီတိုင်း ဒေသကြီးရှိ ကင်းမွန်မီးထွန်းလှေများ ပင်လယ်ပြင်အတွင်းသို့ လုပ်ငန်းခွင် စတင်ဝင်ရောက်

 

မြိတ် အောက်တိုဘာ ၁၃

    တနင်္သာရီတိုင်းဒေသကြီးရှိ     ကင်းမွန် မီးထွန်းလှေများ ပင်လယ်ပြင် အတွင်းသို့  လုပ်ငန်းခွင် စတင်ဝင်ရောက်ပြီဖြစ်ကြောင်း    ကင်းမွန်လှေလုပ်ငန်း  လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်း ဆောင်ရွက်နေသည့်  ကင်းမွန်မီးထွန်းလှေများမှာ  ပွင့်လင်းရာသီတွင်  လုပ်ငန်းလုပ်ကိုင်ကြခြင်း ဖြစ်ပြီး    ရာသီအလိုက် လုပ်ကိုင်ရသည့်   ငါးဖမ်းလုပ်ငန်း တစ်မျိုးဖြစ်ကြောင်း၊ မိုးလေကင်းစင်သည့် သီတင်းကျွတ်ကာလမှ သင်္ကြန်ကာလအထိ လုပ်ကိုင်ရကြောင်း သိရသည်။

“ကင်းမွန်ရာသီက ပုံမှန်အားဖြင့် သီတင်း ကျွတ်ကနေ သင်္ကြန်ပြီးတဲ့အထိလို့ အလွယ် တကူ မှတ်သားထားလို့ရတယ်။ အောက်တိုဘာလကနေ မေလအထိ လုပ်ကိုင်ကြတဲ့ လှေတွေလည်းရှိပါတယ်။ လကွယ်ရက်တွေကို တွက်ချက်ပြီး ပင်လယ်ထဲမှာ ကင်းမွန် ဖမ်းဆီး လုပ်ကိုင်ရတာပါ။  အခုဆို  လှေတချို့ ပင်လယ်ပြင်ကို ထွက်ခွာနေကြပြီဆိုတော့ ရာသီစတင်ပြီလို့ ပြောလို့ရပါတယ်။ ကင်းမွန်လှေတွေက   မိုးရာသီကာလမှာ လုပ်ငန်းရပ်နားပြီး  လှေပြင်ဆင်တာတွေ လုပ်ပြီး ပွင့်လင်းရာသီရောက်မှသာ လုပ်ငန်း ခွင်ဝင်ကြတာပါ ဟု ကင်းမွန်လှေလုပ်ငန်း လုပ်ကိုင်သူ”တစ်ဦးကပြောသည်။

ကင်းမွန်လှေတစ်စင်း     ပင်လယ်ပြင်အထွက်စရိတ်မှာ လှေအရွယ်အစား အလိုက် ကွာခြားမှုရှိပြီး  ငွေကျပ်သိန်းရာချီ ကုန်ကျကြောင်းနှင့်     တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်အတွင်း     ကင်းမွန်လှေ(တ၀ လိုင်စင်)အစင်းရေ ၃၀၀ ခန့်ရှိပြီး ကင်းမွန် လှေငယ် ၅၀၀  ကျော်ရှိကြောင်း   မြိတ်ခရိုင် ကင်းမွန်လှေ လုပ်ငန်းရှင်များ အသင်း မှ သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း  ငါးမဖမ်းရ ရာသီအဖြစ် ဧပြီလ၊ မေလနှင့်ဇွန်လတို့ကို သတ်မှတ်ခဲ့ရာ ယင်းကာလအတွင်း ကမ်းဝေး ကင်းမွန်လှေကြီးများလည်း    ရပ်နားခဲ့ရ ကြောင်း၊ သို့ရာတွင် ငါးလုပ်ငန်းဦးစီးဌာန က မေလ ၂ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသငါးခု၌     ငါးဖမ်းခွင့် ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ အခြေပြု လုပ်ကိုင်နေသော ကင်းမွန်ငါးဖမ်းလှေများကို   မေလတွင်  ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။