“NCA  မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့”

“NCA  မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့”

 

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ အခမ်းအနား တက်ရောက်လာကြသူများရဲ့ စကားသံများကို ဖော်ပြလိုက်ရပါတယ်-

ဦးကိုကိုလှိုင် (ပြည်ထောင်စုဝန်ကြီး)

    NCA ရဲ့နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံတကာက ဧည့်သည်တွေလည်း လာပြီး တက်ရောက်ကြပါတယ်။  ငြိမ်းချမ်းရေးရဖို့ အတွက် ဝိုင်းဝန်းကူညီနေကြတဲ့နိုင်ငံတွေလည်း ပါတယ်။ ဒါကိုပြချင်တာက နိုင်ငံတကာက ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စိတ်မပျက်သေးဘူး။ ဆက်ပြီးတော့ ကြိုးစားနေတယ်။ ဆက်ပြီးတော့မျှော်လင့်ချက်ရှိတယ်။ အရေးကြီးဆုံးက ဘာလဲဆိုတော့ လူတွေရဲ့စိတ်နေစိတ်ထား။ လူတွေရဲ့ စိတ်နေစိတ်ထား   ပြောင်းသွားတာနဲ့ ငြိမ်းချမ်းရေးက ပိုနီးသွားမယ်။ စိတ်နည်းနည်းပြောင်းရင်  နည်းနည်းနီးမယ်။

စိတ်များများပြောင်းရင် များများနီးမယ်။ NCA ဆိုတာက တစ်ဖက်တည်း ဆွဲထားတာမဟုတ်ဘူး။  နံပါတ် (၁)အချက် နှစ်ဦးနှစ်ဖက်စလုံးက  အချက်များကို   ထောင်နဲ့ချီညှိနှိုင်းပြီး လုပ်ထားတာဖြစ်တယ်။ ဒါကြောင့် နှစ်ဖက်စလုံး ပါဝင်ပါတယ်။ ဒါက NCA ဖြစ်တယ်။ ဒါမျိုးက မြန်မာ့သမိုင်းမှာမရှိခဲ့ဘူး။  နံပါတ် (၂) အချက် NCA ရဲ့  လမ်းကြောင်းက တိုင်းရင်းသားတွေ ကိုယ်စားအနေနဲ့ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက်   လမ်းစတစ်ခုရှိတယ်။ ဒါတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့မ ှပြင်ဆင်နိုင်မယ်။ အဲ့ဒါကြောင့် အခြေခံဥပဒေတစ်ခုကို ပြင်ဆင်တာ၊ ပြောင်းလဲတာ၊ ဖျက်သိမ်းတာ၊  အသစ်ရေးဆွဲတာတွေကို  နည်းလမ်းနှစ်ခုပဲရှိတယ်။  အင်အားနဲ့သုံးပြီးလုပ်မလား။ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးပွဲနဲ့ လုပ်ကြမလား။ အင်အားသုံးမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။ အခု ဂါဇာမှာ ပါလက်စတိုင်းနဲ့ အစ္စရေးငြိမ်းချမ်းရေးအတွက် စစ်ရေးနည်းလမ်းနဲ့  ဖြေရှင်းနေကြတယ်။

ဒီတော့ ဟိုဘက်ရောဒီဘက်ရော  လူပေါင်း ထောင်ချီသေကုန်ကြတယ်။ အဲ့ဒီလမ်းကို ရွေးမှာလား။ စားပွဲဝိုင်းပေါ်လာပြီး ညီရင်းအစ်ကို စိတ်ထားနဲ့  ဆွေးနွေးပြီး သွားကြမလား။  ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြတ်ကြပါ။ ဉာဏ်ပညာအမြော်အမြင်ရှိတဲ့လူဆိုရင် ဘာကိုရွေးမလဲ။ ဘယ်လမ်းကို ရွေးမလဲဆိုတာ ဒါကိုပဲ ကျွန်တော်ပြောချင်ပါတယ်။

ဦးအောင်မင်း(ပြည်ထောင်စုဝန်ကြီး(ငြိမ်း))

    (၈)နှစ်မြောက် NCA နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပတာကောင်းပါတယ်။ NCA တစ်ခုတည်းကပဲ ငြိမ်းချမ်းရေး စာချုပ်ကို ချုပ်ဆိုပေးနိုင်တာဖြစ်တယ်။ အားလုံးက ဒီအခမ်းအနားကို   တစုတစည်းတည်း

တက်လာတာကိုမြင်ရတော့ ဝမ်းသာမိပါတယ်။ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့် ရောင်ခြည်သန်းလာတဲ့ အတိတ်နိမိတ်လို့လည်း ပြောလို့ရပါတယ်။ လူတိုင်းလူတိုင်း၊ တိုင်းရင်းသားတိုင်း ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းကို သွားနေကြတာဖြစ်တယ်။   အဖွဲ့အစည်းအသီးသီးရဲ့ ဒီမိုကရေစီ   လမ်းကြောင်းကလည်း တစ်ထပ်တည်း သွားနေရမယ်။ တစ်ထပ်တည်းကျမှ ငြိမ်းချမ်းရေးက ပိုပြီးအောင်မြင်လာမှာဖြစ်တယ်။ ငြိမ်းချမ်းရေးမှာဆွေးနွေးတာက စားပွဲဝိုင်းပေါ် ဆွေးနွေးခြင်းက အဆုံးအဖြတ်ဖြစ်တယ်။ စားပွဲပေါ်မလာသေးတဲ့ အဖွဲ့အစည်းကို  လာအောင်၊ ပါဝင်အောင်ခေါ်ရမှာဖြစ်ပါတယ်။   ပါဝင်ပြီးသား အဖွဲ့အစည်းကိုလည်း ပြန်မထွက်သွားရအောင် ဆွေးနွေးရမယ်ဖြစ်တယ်။

NCA က ရှိသင့်တယ်။ NCA က ဖျက်လို့မရဘူး။  NCA မရှိရင်  ဥပဒေအရ ဆက်သွယ်ရမယ့် လမ်းကြောင်းပျောက်သွားမယ်။ NCA ကို ရပ်တည်ဖို့အတွက် ဒီပွဲကို တက်ရောက်ခြင်းဖြစ်ပါတယ်။

နိုင်ငံသားတစ်ယောက် အနေနဲ့ NCA နဲ့ပတ်သက်လို့   ကြုံရင်ကြုံသလို လူတိုင်း ကိုပြောပြတယ်။   နိုင်ငံသားအားလုံးကို ငြိမ်းချမ်းရေးကို   လိုလားလာအောင်ပြောလို့ရတယ်။  ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့အရွေ့က သတင်းထောက်ကြီးတို့ မျှော်မှန်းထားသလောက်တော့ ရွေ့ချင်မှရွေ့မယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကတော့ ယခင်ကထက်   တိုးတက်ရွေ့လာပြီလို့ ကျွန်တော်မြင်တယ်။ ဒါကြောင့် ဒီပွဲကိုလုပ်ခြင်း ဖြစ်ပါတယ်။

ခွန်ဥက္ကာ (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် - PNLO)

    ဒီနေ့အခမ်းအနားက  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်သွားနိုင်အောင် လမ်းဖွင့် ပေးတဲ့အခမ်းအနားပါ။ ဒါကြောင့် ဒီနေ့ အခမ်းအနားကို နိုင်ငံရေး အဓိပ္ပာယ်ပြည့်ဝမရှိဘူး။   သတင်းဌာနတွေကလည်း မရေးဘူး။ NCA က Legal Document ဖြစ်ပါတယ်။ ခိုင်မာပါတယ်ဆိုပြီး ရေးတဲ့သူမရှိဘူး။ ပျက်ပြယ်ပြီဆိုပြီး မီဒီယာတွေက အားရဝမ်းသာရေးကြတယ်။ ဒါကြောင့် ကျွန်တော်တို့က NCA ဆိုတာ ပျက်ပြယ်လို့ရတဲ့ စာချုပ်မဟုတ်ဘူး။ လွှတ်တော်က rectification လုပ်ထားတဲ့ စာချုပ်ဖြစ်တဲ့အတွက် Legal Document ဖြစ်တယ်။ လူတစ်ယောက်က ပျက်ပြီလို့ပြောတာနဲ့ မပျက်ဘူး။ အဖွဲ့အစည်းတစ်ခုက ဒီစာချုပ်ပျက်ပြီလို့ ပြောတာနဲ့ မပျက်ဘူး။ ဒါ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်သွားပါပြီ။ အဲ့ဒါကြောင့် NCA ခိုင်မာမှုရှိကြောင်းနဲ့ တရားဝင်မှုရှိကြောင်းကို များများရေးပေးကြပါလို့ ပြောချင်ပါတယ်။ ဒီပွဲကို လက်ရှိအစိုးရက ကျွန်တော်တို့ EAO တွေနဲ့ပေါင်းပြီး ကျင်းပတာ Joint Ownership အနေနဲ့ ကျင်းပတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က တစ်ဖွဲ့တည်း တစ်ဦး တစ်ယောက်တည်းက မပိုင်ပါဘူး။ အားလုံးပိုင်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ မလာတဲ့ အဖွဲ့တွေကိုလည်း ဒီ Political Dial-ogue မှာ Partner အဖြစ်ပါဝင်ကြပါလို့ ပြောချင်ပါတယ်။ Conflict မှာ Partner ဖြစ်တာလွယ်တယ်။ ဗုံးတစ်လုံး ပစ်တာနဲ့ပဲ Conflict   Partner  ဖြစ်လို့ရတယ်။ ဒါပေမဲ့   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ Partner ဖြစ်ဖို့က ယုံကြည်မှုရအောင် ပြန်ကြိုးစားရမှာပေါ့ဗျာ။   အဲ့ဒါကို ကျွန်တော်က သတင်းပေးချင်ပါတယ်။

ဒေါက်တာအေးမောင် (ရခိုင့်ဦးဆောင်ပါတီ (AFP) - ဥက္ကဋ္ဌ)

    ငြိမ်းချမ်းရေးဆိုတာ ကိုယ်တစ်ယောက်တည်းရဲ့ သဘောထား၊ ကိုယ့်လောဘ၊ ကိုယ့်အတ္တ၊ ကိုယ့်အဖွဲ့အစည်းတစ်ခုတည်းရဲ့ ရပ်တည်ချက်နဲ့မရဘူး။ အားလုံးကို ခြုံပြီး ဘယ်လို ဘုံသဘောတူညီချက်ရဖို့နဲ့ တည်ငြိမ်အေးချမ်းတဲ့   အခင်းအကျင်း တစ်ခုဖြစ်အောင် ကိုယ်တိုင်လည်း ပါဖို့လိုသလို၊ ကိုယ်လိုချင်တာမရလို့ နောက်ပြန်ဆုတ်တာထက် ကိုယ်တိုင်ပါဝင်ပြီး ဘယ်လိုပိုကောင်းအောင် လုပ်မှာလဲ၊ ဘာရအောင် လုပ်မှာလဲဆိုတဲ့ compromise တစ်ခုလိုအပ်တယ်။ အဲ့ဒီ compromise ရဲ့အစသည် NCA ဖြစ်တယ်။ တစ်ယောက်တည်း နိုင်ဖို့ထက် အားလုံးနိုင်ချင်ရင်၊ တစ်နိုင်ငံလုံးနိုင်ချင်ရင် ဆွေးနွေးညှိနှိုင်း အဖြေရှာရမယ်။ အခုကပထမခြေလှမ်း မဟုတ်ဘူး။ ရပြီးသား ၈ နှစ်ရှိပြီ။   ဒီအထိမ်းအမှတ်လေးကို memorize ပြန်လုပ်တာ။ ကျွန်တော်တို့တွေ ဒီလောက်ထိ ရောက်လာပြီးပြီ။ ဒါကို ထိန်းသိမ်းဖို့လိုတယ်။ ၈ နှစ်ဆိုတဲ့ NCA ကာလမှာ ငြိမ်းချမ်းရေး လိုလားတဲ့အဖွဲ့တွေက လက်နက်တွေ စွန့်ထားကြတယ်။ ဒီ ၈ နှစ်ဆိုတဲ့ အတောအတွင်းမှာ လက်နက်မစွန့်ခဲ့ဘူးဆိုရင် လူတွေဘယ်လောက်ထိ သေကျေခဲ့ကြမလဲ။   ဒီအခြေအနေကို compare လုပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးအတွက်   ငြိမ်းချမ်းရေးရဖို့ လိုအပ်တယ်။ အဲ့ဒီလိုအပ်ချက်ရဲ့ ရလဒ်သည် ဘာလဲ။ NCA ကို ဘယ်လိုကောင်းအောင်လုပ်မှာလဲ။ ဒါကို ရှေ့ဆက်သွားနိုင်အောင် ကျွန်တော်တို့ အားလုံး ဘယ်လိုဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြမလဲ။ ဒါကို  အဖြေရှာဖို့လိုအပ်သလို ဝိုင်းဝန်းပူးပေါင်း ပံ့ပိုးပေးကြတဲ့အဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဦးမြင့်လွင် (တာမိုးညဲဒေသ မုန်းဝန်းဗမာ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့- ဥက္ကဋ္ဌ)

    (၈)နှစ်မြောက် NCA နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပတာ ကောင်းပါတယ်။ အဲ့ဒီလို ကျင်းပခြင်းအားဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးရဲ့ မျှော်လင့်ချက် NCA က အရေးကြီးတာကို ပြသရာလည်း ရောက်ပါတယ်။ ငြိမ်းချမ်းရေး ရရှိမှသာ  တစ်ပြည်လုံး အေးချမ်းသာယာပြီး အစစအရာရာမှာ  ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီလို NCA ရဲ့ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့ဝင်များကိုလည်း ပါဝင်ကြဖို့   တိုက်တွန်းချင်ပါတယ်။ “ NCA မှသည်   ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့”ဆိုတဲ့ (၈)နှစ်မြောက် နှစ်ပတ်လည် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ပါစေ။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး အမြန် တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဦးခင်ရီ (ပြည်ထောင်စုဝန်ကြီး(ငြိမ်း))

    NCA စာချုပ်ချုပ်ဆိုကတည်းက ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အတော်ကို  ကြိုးစားပမ်းစားနဲ့ လုပ်ခဲ့ရပါတယ်။ ဒါကိုသဘောတူညီဖို့ ဥပဒေအကြောင်းအရာလည်း  ခိုင်မာအောင် လုပ်ရတယ်။   ပြည်တွင်းပြည်ပ  နိုင်ငံတကာ အဖွဲ့အစည်းတွေရှေ့မှာ သက်သေအဖြစ်   လက်မှတ်ရေးထိုးခဲ့တယ်။ NCA က   မြန်မာနိုင်ငံငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် တစ်ခုတည်းသော ဖောင်ဒေးရှင်းလို့   ပြောလို့ရပါတယ်။

တစ်နိုင်ငံလုံး  အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်   (NCA) စာချုပ်အခန်း(၆)မှာပါတဲ့    ရှေ့ဆက်ဆောင်ရွက်မယ့်   လုပ်ငန်းစဉ်အတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်သွားမယ်ဆိုရင်  ငြိမ်းချမ်းရေး ရရှိမှာဖြစ်တယ်။ NCA မှာပါဝင်ဖို့က တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းရဲ့ သဘောတရားဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် ဆွေးနွေးရမှာဖြစ်တယ်။ NCA ထဲမှာ ပါပါတယ်။ ဒီလိုဆောင်ရွက်ဖို့ လိုတယ်။

လဲ့ရည်လှိုင်