နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ - ၁၈

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန(၂) MICC – II ၌ပြုလုပ်ရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ပြည် ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂ နှင့် အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆုရရှိကြသည့် ကျောင်းသား ကျောင်း သူများနှင့် ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

ဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် (၂၀၀၀)ပြည့်နှစ်ကစပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction-2023  -IDDRR) အထိမ်းအမှတ် ကျင်းပရာတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ် တွင်ပါဝင်သည့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် ဆောင်ပုဒ်များကို နှစ်စဉ် သတ်မှတ်ခဲ့ကြောင်း။

အထူးသဖြင့် ဂျပန်နိုင်ငံ၊ ဆန်ဒိုင်းမြို့တွင် အတည်ပြုခဲ့သည့် ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) ပါ ပန်းတိုင် (၇)ခုကို နှစ်အလိုက် ဆောင်ပုဒ်များအဖြစ် သတ်မှတ်ပြီး အခမ်းအနားများကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခု(၂၀၂၃)ခုနှစ်တွင် ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ကုလသမဂ္ဂရုံး (UNDRR)က နိုင်ငံ အလိုက် ဆန်ဒိုင်းမူဘောင်ပါ ပန်းတိုင်(၇)ခုနှင့် အညွှန်းကိန်း (၃၈)ခုအပေါ် အကောင် အထည်ဖော်နိုင်မှု ကာလလယ်သုံးသပ်ချက် (Midterm Review)ကို ဆောင်ရွက်ခဲ့ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ကြရန် ၂၀၂၃ ခုနှစ်၊ မေလ တွင် မူဝါဒပိုင်းဆိုင်ရာ အနှစ်ချုပ်ကို ထုတ်ပြန်ခဲ့ကြောင်း။

အဆိုပါထုတ်ပြန်ချက်အရ အနာဂတ်ကာလတွင် ဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့် လူ့အဖွဲ့အစည်းဖြစ်ရန်၊  ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားမှုများ၊ ကျား-မ တန်းတူ ညီမျှရေး လိုအပ်မှုများ၊ ဖိနှိပ်ခွဲခြား‌ ဆက်ဆံခံရမှုနှင့် ရေရှည်ဖွံ့ဖြိုးမှု နည်းပါးသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် ဆောင်ရွက်နေရမှုများ၊ ကဏ္ဍစုံတွင် ထိခိုက် ဆုံးရှုံး နိုင်ခြေလျှော့ချရေး အစီအစဉ်များထည့်သွင်းရန် ပျက်ကွက်မှုများ၊ အရင်းအမြစ် မပြည့်စုံမှုများစသည့် အခြေခံအကြောင်းများကို ဖော်ထုတ်ကြရန် ဦးတည်ပြီး ယခုနှစ် ဆောင်ပုဒ်ကို “Fighting Inequality for a Resilient Future” ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ဖို့၊  မညီမျှမှုတွေ တိုက်ဖျက်စို့ဟုသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း။

ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ (၂၀၂၂)အရ ပျက်စီးဆုံးရှုံးမှုများသည့် သဘာဝဘေးကြီးများသည် ၂၀၁၅ ခုနှစ်အထိ (၁)နှစ်တွင် အကြိမ်(၄၀၀)ခန့် ဖြစ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်သို့ရောက်ပါက (၁)နှစ်ကို အကြိမ် (၅၆၀)ခန့်အထိ တိုးလာနိုင်ကြောင်း ကိုဖော်ပြထားပါကြောင်း၊ အထူးသဖြင့် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သည့်ဘေးများ ပိုမိုဖြစ်ပွားလာဖွယ်ရှိကြောင်း၊  ကမ္ဘာကြီးပူနွေးလာမှုများ အယ်လ်နီညို ဖြစ်စဉ်များကြောင့် ရေ နှင့်  ဆက်နွှယ်သည့် ဘေးအန္တရာယ်ကို  ပိုမို ဖြစ်ပွားစေပါကြောင်း၊  အင်အားပြင်းမုန်တိုင်းများ တိုက်ခတ်ခြင်း၊ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုဖြစ်စဉ်များ ပေါ်ပေါက်ခြင်းနှင့် ဆိုးရွားပြင်းထန်သည့် ရာသီဥတု ဖြစ်စဉ် များဖြစ်ပြီး လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်  ပုံမှန်ထက်ပိုမိုသည့် ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေပါကြောင်း။

ကမ္ဘာတစ်ဝန်းဘေးဖြစ်ပွားမှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရာသီဥတု ပြောင်းလဲမှု ကြောင့် သဘာဝဘေးများအဖြစ်များခဲ့ကြောင်း၊ ဥရောပ နိုင်ငံများတွင်  ပြင်းထန်သည့် အပူလှိုင်းကြောင့် လူ (၁၆,၃၀၅)ဦး သေဆုံးခဲ့ပြီး ကမ္ဘာနှင့်အဝန်း မိုးခေါင်ရေရှားခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသည့် ဘေးအန္တရာယ်များကြောင့် လူပေါင်း ထောင်နှင့်ချီပြီး သေဆုံးခဲ့ရသလို ပျက်စီးဆုံးရှုံးမှုများ များခဲ့ကြောင်း၊ ယခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တူကီယဲနှင့် ဆီးရီးယားနယ်စပ်တွင် အင်အား ၇ ဒသမ ၈ ရစ်ချ်တာစကေးရှိသည့် ငလျင်လှုပ်ခဲ့ပြီး လူ (၅၀,၀၀၀)ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊  အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ ကလည်း ကြီးမားလှကြောင်း၊ အလားတူ ဖိလစ်ပိုင်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ က တိုင်ဖွန်း မုန်တိုင်းနှင့် ရေဘေးဖြစ်ပွားခဲ့ကြောင်း၊  အဆိုပါမုန်တိုင်း၏ အရှိန်သည် တရုတ်နိုင်ငံ Fujian (ဖီဂျန်း) ပြည်နယ်နှင့် ထိုင်ဝမ်တို့ကို တိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ် ခဲ့ရကြောင်း။

ထို့အပြင် မိမိတို့နိုင်ငံတွင်လည်း ယခုနှစ် မေလ (၁၄)ရက်နေတွင် အင်အား အလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ခဲ့၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊  မိမိတို့အနေဖြင့် ပင်လယ် ပြင်တွင် မုန်တိုင်းအစပျိုးဖြစ်စဉ် ကတည်းကပင်  နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လိုအပ်သည့် စောင့်ကြည့်လေ့လာမှုများ လမ်းညွှန်ပေးခဲ့ပြီး ရေးဆွဲထားပြီးဖြစ် သော သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံချက်ပါအတိုင်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ကိုဆောင်ရွက်ခဲ့ကြောင်း၊  မုန်တိုင်းလမ်းကြောင်းတွင်ရှိသည့် ပြည်သူများကို ဘေးလွတ် ရာနေရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခဲ့ ပြီး သတိပေးချက်များ၊ ဆောင် ရန် ရှောင်ရန် အချက်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန(DMC)ကို ဖွင့်လှစ်ခဲ့ပြီး လိုအပ်သည့်  ကူညီကယ်ဆယ်ရေး၊ တုံ့ပြန် ရေး၊ သယ်ယူပို့ဆောင်ရေးများကို ဒေသခံအစိုးရအဖွဲ့၊ နယ်မြေတာဝန်ခံများနှင့် ညှိနှိုင်း ပေါင်းစပ်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း။

မုန်တိုင်းဝင်ရောက်သည့်အခါတွင်လည်း တုံ့ပြန်မှုလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ အဆင့်လိုက် ဆောင်ရွက်နိုင်ခဲ့၍ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းနှင့် နှိုင်းယှဉ်ပါက သေဆုံးမှု၊ ဆုံးရှုံးမှုများသည် အဆပေါင်းများစွာ လျော့နည်းခဲ့ ခြင်းဖြစ်ကြောင်း၊ တုံ့ပြန်ရေး လုပ်ငန်းများ၊ ထောက်ပံ့ကူညီမှုများ လုပ်ဆောင်သည့် အခါတွင်လည်း မည်သူတစ်ဦး တစ်ယောက်မျှ အကူအညီမရသူ မရှိစေရ မူဝါဒ ထားရှိ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ များ၏ အနီးကပ်ကြီးကြပ်မှု၊ ပြည်တွင်းပြည်ပနိုင်ငံများမှ စေတနာရှင်များ၏ လှူဒါန်းမှု၊ ဘေးသင့်သူများက ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် အချိန်တိုတွင်းတွင် မူလအခြေ အနေကို အမြန်ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊  အခုအခါ ဘေးသင့် ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို မူလအနေအထားထက် သာလွန် ကောင်းမွန် အောင် ရည်မှန်းပြီး ဘေးဒဏ်က ကြံ့ကြံ့ခံနိုင်သည့် ဒေသဖြစ်အောင် ဆောင်ရွက် လျက်ရှိကြောင်း။

သဘာဝဘေး ကျရောက်မှုများသည် ဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံ၊ ဆင်းရဲမှုနှုန်း များသည့်နိုင်ငံ၊ ဘေးကျရောက်နိုင်ခြေများသည့်နိုင်ငံ၊ ထိခိုက်လွယ်သူများဖြစ်သည့်  ကိုယ်ဝန်ဆောင်မိခင်များ၊  ကလေးသူငယ်များ၊  သက်ကြီးပုဂ္ဂိုလ်များ၊  မသန်စွမ်း သူများကို ဆိုးကျိုးပိုပြီး ခံစားရစေပါကြောင်း၊ ဘေးအန္တရာယ်ကျရောက်မှုသည် ဆင်းရဲမှု ကို တွန်းပို့ပေး သကဲ့သို့ ဆင်းရဲမှုကြောင့်ပင် ဘေးဒဏ်ကို နှစ်ဆ ပိုခံစား စေနိုင်သည် ဆိုသည့် သံသရာစက်ဝန်းကို ဖြတ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် သဘာဝဘေး အန္တရာယ်များနှင့် ယှဉ်တွဲနေထိုင်နေရသည့် လူမှုအသိုက်အဝန်းများသည်  ဖြစ်လာနိုင် သည့် ဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်ရန် ကြိုတင်ပြင်ဆင်မှုများ အားကောင်း အောင်၊ ခိုင်မာ အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်း။

ပညာတတ်မြောက်မှု မညီမျှခြင်း၊ နည်းပညာဆိုင်ရာကွာဟခြင်း၊ လူနေမှု အဆင့် အတန်းနှင့် ဆင်းရဲချမ်းသာ ကွာဟချက်များရှိနေခြင်းကြောင့် ခွဲခြားဆက် ဆံမှုများ  နည်းပါးနိုင်သမျှ နည်းပါးအောင် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် အရေးကြီးကြောင်း။

ဘေးဖြစ်နိုင်ချေလျှော့ချရေးအစီအစဉ်များ ဖော်ဆောင်သည့်အခါတွင် ကျား-မ တန်းတူပါဝင်နိုင်ရေး၊ ထိခိုက်လွယ်သူများ၏ လိုအပ်ချက်နှင့် အရေးပါမှုကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရန်သည်  ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ အခြေခံ အဆောက်အအုံများ ဆောက်လုပ်ရာတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာ တွင် ဖြစ်စေ ဘေးအန္တရာယ်ဆိုင်ရာ ရှုထောင့်ကကြည့်ပြီး ရေရှည်ခိုင်ခံ့အောင် ထည့်သွင်း ဆောင်ရွက်ကြရန်လိုကြောင်း။

ရှုပ်ထွေးလှသည့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဘေးဖြစ်ပွားနိုင်မှု အခြေအနေများ၊ ပြင်းအားများသည် ခန့်မှန်းနိုင်ရန်  ခက်ခဲသည့်အတွက် ကြုံတွေ့ လာခဲ့ပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်မျှော်မှန်း လုပ်ဆောင် ထားကြရန်၊ သဘာဝဘေးကျရောက်နိုင်သည့်  ဒေသများ၏ လူမှုစီးပွား အခြေအနေ များကို ဘေးဒဏ်ကနေ ကြံ့ကြံ့ခံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးကြရန်၊ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် လူမှုပတ်ဝန်းကျင်ဖြစ်ရန်အတွက်  တန်းတူညီမျှသည့် ဖွံ့ဖြိုးမှု ရှိရန်နှင့် ဘေးဒဏ်ခံနိုင်စွမ်းမြင့်မားသည့် အခြေခံအဆောက်အအုံများဖြစ်ရန် အလေး ထားဆောင်ရွက်ပေးကြရန်၊ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျှော့ချ နိုင်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့်  ရေရှည်ဖွံ့ဖြိုးတိုးတက်သည့်  လူမှုစီးပွားဘဝများ ကို ဖော်ဆောင်နိုင်ရေးအတွက် အခမ်းအနား၏ ဆောင်ပုဒ်ဖြစ်သည့် “ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်ကြပါစို့ နှင့်အညီ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားကြ ရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးရုံး အကြီးအကဲထံမှ ပေးပို့သည့် သဝဏ်လွှာသတင်းစကားရုပ်သံကို ပြသ သည်။ ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော် မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုလုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက “မညီမျှခြင်း မှ သည် ညီမျှခြင်းဆီသို့” စင်တင်ပြဇာတ်ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး အမျိုးသားသဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) မကျ ရောက်မီ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှု မှတ်တမ်း ဗွီဒီယိုကိုပြသသည်။

ယင်းနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြ သည့် ကျောင်းသူများကိုဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးသန်းဆွေ၊ ဒေါက်တာညွန့်ဖေနှင့် ဒေါက်တာစိုးဝင်းတို့က ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ တို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊  ကျောင်းသူများကို ဂုဏ်ပြုဆုတံ ဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် “မညီမျှခြင်းမှသည် ညီမျှခြင်းဆီသို့” စင်တင်ပြ ဇာတ်ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ နမှ ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

ယင်းနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်သည် အခမ်း အ နား သို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။