ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၈/၂၀၂၃)ကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၈/၂၀၂၃)ကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ - ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ မှန်မှန်ကန်ကန်လည်ပတ်နိုင်ရေးနှင့် မြေနေရာများကို အကျိုးရှိရှိအသုံးချနိုင်ရေး စီမံဆောင်ရွက်ရန်လို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများနှင့်ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက် ရာ၌ ဈေးကွက်စီးပွားရေးစနစ်ဖြင့်ဆောင်ရွက်ချိန်တွင် ဝန်ကြီးဌာနများရှိ အချို့လုပ်ငန်း များဖျက်သိမ်းခြင်းများရှိသကဲ့သို့ အချို့လုပ်ငန်းများကို ပုဂ္ဂလိကသို့လုပ်ပိုင်ခွင့်များပေး ခြင်းနှင့် ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း၊ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်း အချို့ကိုရပ်တန့်ခဲ့သဖြင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် လည်ပတ်သင့်သည့် စက်ရုံများနှင့် လုပ်ငန်းများကိုပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူဝန်ကြီး ဌာနများ၌ လုပ်ငန်းလည်ပတ်မှုမရှိဘဲ ရပ်တန့်နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန်အကြောင်းအမျိုးမျိုးဖြင့် မြေနေရာများ ရယူထား ရှိပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသည်များ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့ အကျိုးအတွက် ကြည့်မည်ဆိုပါက ၎င်းမြေနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ လည်ပတ် နိုင်မည့်၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများက လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံအတွက်လိုအပ်သည့် ကုန်ထုတ်လုပ်မှု များဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရပိုင်းဆိုင်ရာနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာများ စသည်ဖြင့်အပိုင်းလိုက်ဆောင်ရွက်ရန်လိုကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများ နှင့်အညီဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လွှဲပြောင်း ပေးရာတွင်လည်း အမှန်တကယ်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများကို သာ ဆောင်ရွက်ခွင့်ပေးရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကိုအောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။

နိုင်ငံတော်ဘက်ဂျက်များကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေးနှင့် သတ်မှတ်ကာလများအတွင်း လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လို

မိမိတို့အနေဖြင့် နှစ်စဉ် ဘက်ဂျက်ငွေများကို ချထားပေးလျက်ရှိပြီး ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ ဝန်ကြီးချုပ်များအနေဖြင့်လည်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်တကယ် အကျိုးဖြစ်ထွန်းစေနိုင် မည့် လုပ်ငန်းများအတွက် အမှန်တကယ်လိုအပ်မည့် ငွေကြေးတောင်းခံမှုများကိုသာ ဖြစ်စေရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြား ကဏ္ဍများစွာတွင်  သုံးစွဲရမည့်ငွေကြေးပမာဏ များစွာ ရှိနေသည်ဖြစ်သည့်အတွက် စနစ်တကျတွက်ချက် တောင်းခံသွားစေလို ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော် ဘက်ဂျက်များကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး သတ်မှတ်ကာလများအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း။                     

စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းကောင်းမှသာ ပြည်တွင်းစားသုံးမှုကို ဖူလုံမည်ဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်

မိုးသီးနှံစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်သည့် နိုင်ငံဖြစ်ကြောင်း၊ မိုးသီးနှံများကို ပြည့်ဝစွာစိုက်ပျိုး နိုင်ရေး မိမိအနေဖြင့်တိုက်တွန်းဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးထားသည့် စိုက်ပျိုးမြေ များ၌ ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အထွက် နှုန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါးထွက်ရှိ မှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအနေဖြင့် ပျမ်းမျှ ၉၆ ဒသမ ၂၄ တင်းထွက်ရှိခဲ့ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ မိုးသီးနှံများစိုက်ပျိုးရာတွင် ရာနှုန်းပြည့်အောင်မြင်ရေးနှင့် အထွက်နှုန်း များကောင်းမွန်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်း ကောင်းမှသာ ပြည်တွင်းစားသုံးမှုဖူလုံမည်ဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့ နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့်ဝန်ကြီးဌာနများအားလုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် စီးပွားရေးရာကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စု ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

၎င်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ကံဇော်က ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်လျက်ရှိမှုများ ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်က မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှုများ မွေးမြူရေးထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိမှုနှင့် ယခုထက်ပိုမိုတင်ပို့ နိုင်ရေးနိုင်ငံတကာနှင့်ဆွေးနွေးဆောင်ရွက်လျက်ရှိမှုများနှင့်ပတ်သက်၍လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ရုံအလုပ်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် စည်းကမ်း စနစ်တကျဖြစ်စေရေး တို့နှင့်ပတ်သက်၍လည်းကောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦး က စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်း များဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး သဘောထား  မှတ်ချက်များ တောင်းခံမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်လျက်ရှိမှုနှင့် အခြားလိုအပ်သည် များကို အသီးသီးဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ဆွေးနွေးသည်။

ထို့နောက် စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများ အလိုက် ဥပဒေအကြံပေးများ ခန့်အပ်ထားရှိခြင်းသည် ဥပဒေပိုင်းဆိုင်ရာများတွင် မှန် မှန်ကန်ကန်နှင့် နည်းလမ်းတကျဖြစ်စေလို၍ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာ အကြံပေးချက်များကို အကျိုးရှိရှိအသုံးပြုရန်လိုကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအနေဖြင့် ခွင့်ပြုပေးထားသည့် ဘတ်ဂျက်ငွေများကို အကျိုးရှိရှိ ဖြင့် အသုံးချသွားရန်လိုကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေး ကော်မတီ တစ်ခုကို ဖွဲ့စည်း၍ ထိထိရောက်ရောက် စိစစ်ဆောင်ရွက်သင့်သည်ဟု မြင်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရေးအတွက် အမှန်တကယ်လုပ်ငန်းဆောင်ရွက်ရန်လိုပြီး လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက တိုင်းပြည်၏ GDP သည်လည်း များစွာပြောင်းလဲသွားမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။