၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

 

      ဒီကနေ့ပို့ချမှာတော့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးမှာ  သင်ရိုးသစ် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကိုဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဖြစ်ပါတယ်။ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဟာ မြန်မာစာကို စိတ်ဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အထူးသင့်လျော်တဲ့ ဘာသာရပ်ဖြစ်ပြီး   မြန်မာစာကို အသုံးချစာပေအနေနဲ့ လေ့လာနိုင်ဖို့အတွက် လမ်းခင်းပေးတဲ့ ဘာသာရပ်ဖြစ်ပါတယ်။

စိတ်ကြိုက်မြန်မာစာသင်ယူတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ မြန်မာစာကို ခြေခြေမြစ်မြစ် သိရှိလာမှာဖြစ်ပါတယ်။ မြန်မာစာအရေးအသား ပိုမိုကျွမ်းကျင်လာပြီး မြန်မာစာဝေါဟာရ အသုံးအနှုန်းတွေကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်လာနိုင်မှာဖြစ်ပါတယ်။  ဒါတင်မက မြန်မာစာပေရဲ့ စကားပြေတွေ၊ ကဗျာတွေကို ဝေဖန်အကဲဖြတ်လာနိုင်ပါမယ်။ မြန်မာစကားပြေ အရေးအသားတွေကို ကျွမ်းကျင်လာပြီး ကိုယ်တိုင်စာရေးသားရာမှာဖြစ်ဖြစ်၊ အခြားသူရေးထားတဲ့ စကားပြေတွေကို လေ့လာဆန်းစစ်ရာမှာဖြစ်ဖြစ် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစာပေ သမိုင်းစဉ်ကိုသိရှိပြီး  အစဉ်အလာကြီးမားတဲ့  မြန်မာစာပေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်တွေနိုးကြား တိုးပွားလာမှာဖြစ်ပါတယ်။

စိတ်ကြိုက်မြန်မာစာမေးခွန်းလွှာကို မဆွေးနွေးမီ စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာတွေကို ဦးစွာဖော်ပြပါမယ်။ စိတ်ကြိုက်မြန်မာစာမှာ စာအုပ်(၄)အုပ် ပြဋ္ဌာန်းထားပါတယ်။ အဲဒီစာအုပ်တွေကတော့ မြန်မာပြဇာတ်နှင့် မြန်မာဝတ္ထုတို၊ မြန်မာစကားပြေ၊ စာအရေးအသားလမ်းညွှန်နဲ့ မြန်မာ စာပေသမိုင်းတို့ ဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းစာတွေကို ဘယ်လိုလေ့လာသင့်တယ်။ စာမေးပွဲမှာ ဘယ်လိုမေးတယ်ဆိုတာကို ပြဋ္ဌာန်းစာအုပ်တစ်အုပ်ချင်း၊ မေးခွန်းတစ်ပုဒ်ချင်းအလိုက် ဆွေးနွေးပို့ချမှာဖြစ်ပါတယ်။

စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာအုပ်(၄)အုပ်ကို စာမေးပွဲ မေးခွန်းလွှာ အနေနဲ့ မေးခွန်းကြီး (၆)ပုဒ်မေးပါတယ်။ ဓမ္မဓိဋ္ဌာန်မေးခွန်းကြီး တစ်ပုဒ်၊ မှတ်စုတို မေးခွန်းကြီးတစ်ပုဒ်၊ မြန်မာပြဇာတ်နှင့် မြန်မာဝတ္ထုတိုတစ်ပုဒ်၊ မြန်မာစကားပြေတစ်ပုဒ်၊ စာအရေးအသား လမ်းညွှန်တစ်ပုဒ်၊ မြန်မာစာပေသမိုင်း တစ်ပုဒ်တို့ဖြစ်ပါတယ်။ (၃)နာရီမေးခွန်းလွှာဖြစ်ပြီး မေးခွန်းအပုဒ်တိုင်းမှာ   ပုဒ်ခွဲများ ပါဝင်ပါတယ်။  ဓမ္မဓိဋ္ဌာန်မေးခွန်းမှ အပ ကျန်မေးခွန်းတွေရဲ့ ပုဒ်ခွဲတိုင်းမှာလည်း ရွေးချယ်စရာပါရှိပါတယ်။ မြန်မာပြဇာတ်နဲ့မြန်မာဝတ္ထုတို ပြဋ္ဌာန်းစာအုပ်ရဲ့ မြန်မာပြဇာတ်အပိုင်းမှာ ကုန်းဘောင်ခေတ် မြန်မာပြဇာတ်ဆရာရဲ့ မြန်မာပြဇာတ်နဲ့ ခေတ်ပြဇာတ် ဆရာရဲ့ပြဇာတ်တစ်ပုဒ်တို့ကို   လေ့လာရမှာဖြစ်သလို မြန်မာဝတ္ထုတို အနေနဲ့ကိုလိုနီခေတ်က မျက်မှောက်ခေတ်အထိ စာရေးဆရာတွေရဲ့ ဝတ္ထုတိုတွေနဲ့ကို လေ့လာရမှာဖြစ်ပါတယ်။

    ဝတ္ထုတိုကို လေ့လာတဲ့အခါ ဝတ္ထုတိုရဲ့ သဘောသဘာဝကို ကောင်းစွာ သိထားသင့်ပါတယ်။ ဝတ္ထုဆိုတာ လူအကြောင်း၊ လောကအကြောင်းကို စာရေးသူရဲ့ စိတ်ကူးÓဏ်နဲ့ ဖန်တီးရေးဖွဲ့ထားတဲ့ ရသစာပေ တစ်မျိုးဖြစ်ပါတယ်။ ဝတ္ထုမှာ ဝတ္ထုရှည်နဲ့ ဝတ္ထုတိုနှစ်မျိုးရှိပါတယ်။ ဝတ္ထုရှည်ကတော့ ဇာတ်အိမ် ကြီးကြီးမားမားနဲ့ ရှည်ရှည်လျားလျားရေးဖွဲ့တဲ့ ဝတ္ထုမျိုးဖြစ်ပြီး ဝတ္ထုတိုကတော့ စာဖတ်သူ တစ်ထိုင်တည်းနဲ့ ဖတ်နိုင်အောင် တိုတိုရေးဖွဲ့ထားတဲ့ စာပေမျိုးဖြစ်ပါတယ်။

    ဝတ္ထုရေးဆရာက သူ့ဝတ္ထုမှာ စာဖတ်သူကို အာရုံကျက်စားစေလိုတဲ့ သဘောတစ်ရပ်၊ အချက်တစ်ချက် တစ်နည်းအားဖြင့် သူ့ရဲ့အာဘော်တစ်ခုခုကို တစ်ကွက်ကောင်း၊ တစ်ချက်ကောင်းနဲ့ ဖန်တီးရေးဖွဲ့လေ့ရှိပါတယ်။

    ဝတ္ထုတိုမှာ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ ကာလဒေသနောက်ခံဆိုတဲ့ အခြေခံအင်္ဂါရပ်တွေပါရှိပါတယ်။   ဝတ္ထုတိုတွေကို လေ့လာရာမှာ ဒီအခြေခံအင်္ဂါရပ်တွေပေါ် မူတည်ပြီး ဝတ္ထုရဲ့အာဘော်၊ ဇာတ်လမ်းဖန်တီးပုံ၊ ဇာတ်ဆောင်ဖန်တီးပုံ၊ ကာလဒေသနောက်ခံဖန်တီးပုံ၊ အရေးအဖွဲ့၊ ရသနဲ့အသိအမြင်ဆိုတဲ့ အစီအစဉ်တွေနဲ့ လေ့လာရမှာဖြစ်ပါတယ်။

    ဝတ္ထုအာဘော်ဆိုတာကတော့ ဝတ္ထုကိုရေးသူရဲ့  ဆိုလိုချက်ဖြစ်ပါတယ်။ ဝတ္ထုတိုရေးဆရာရဲ့ ရည်ရွယ်ချက်လို့လည်း ဆိုနိုင်ပါတယ်။ ဝတ္ထုတိုရေးသူဟာ ဝတ္ထုတိုမှာ မိမိရဲ့ဆိုလိုချက်(အာဘော်)ကို  ပေါ်လွင်အောင် ရေးဖွဲ့လေ့ရှိပါတယ်။ စာဖတ်သူအနေနဲ့လည်း ဝတ္ထုတိုတစ်ပုဒ်ဖတ်ပြီး သွားတဲ့အခါ  ဝတ္ထုတိုရေးဆရာဟာ  ဘာကိုဆိုလိုတယ်၊ သူ့ဝတ္ထုဟာ ဘာကိုပြောချင်တယ်၊ ဒီဝတ္ထုတိုရဲ့ရည်ရွယ်ချက်ဟာ ဘာဖြစ်တယ်ဆိုတဲ့ ဆိုလိုချက်(အာဘော်)ကို နားလည်သွားမြဲဖြစ်ပါတယ်။

   ဇာတ်လမ်းဖန်တီးပုံဆိုတာကတော့ ဇာတ်လမ်းဖြစ်ရပ်တွေကို ဖန်တီးတဲ့နေရာမှာ သူ့ဘက်ကိုယ့်ဘက် အားပြိုင်မှုတွေကိုဖန်တီးတာ၊ ဖြစ်ရပ်တွေကို ကြောင်းကျိုးဆက်စပ်ပြတာ၊ ရှေ့ပိုင်းမှာ မြှုပ်ထားတဲ့မြှုပ်ကွက်တွေကို နောက်ပိုင်းမှာ ပြန်ဖော်လိုက်တာ၊ နောက်ပိုင်းမှာ ဖြစ်လာမယ့် ဖြစ်ရပ်တွေကို ရှေ့ပိုင်းမှာ ကြိုတင်အရိပ်နိမိတ် ခင်းပြတာ စတဲ့အတတ်ပညာတွေနဲ့ ဇာတ်လမ်းတစ်ပုဒ် နှစ်သက် စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးတာကို ဆိုလိုတာဖြစ်ပါတယ်။

ဇာတ်ဆောင်ဖန်တီးပုံဆိုတာကတော့   ဇာတ်လမ်းမှာပါဝင်ရတဲ့ ဇာတ်ဆောင်တွေကို အသက်ဝင်လာအောင် စရိုက်သဘာဝထင်ရှားလာအောင် ဖန်တီးရေးဖွဲ့တာကို ဆိုလိုခြင်းဖြစ်တယ်။ ဇာတ်ဆောင်ဖန်တီးရာမှာ ဇာတ်ဆောင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်သဘာဝပေါ်လွင်လာအောင် ဇာတ်ဆောင်တွေရဲ့ ပုံပန်းသွင်ပြင်၊ အပြုအမူ၊ အပြောအဆို၊ ဇာတ်ဆောင်အချင်းချင်း  ပြောဆိုပြုမူပုံတွေနဲ့ ပုံဖော်ဖန်တီးလေ့ ရှိပါတယ်။  ဇာတ်ဆောင်တွေရဲ့ ကံသုံးပါး အမူအရာလို့ဆိုအပ်တဲ့ ကိုယ်နှုတ် နှလုံးသုံးပါးအမူအရာကို ပေါ်လွင်အောင်ရေးဖွဲ့တာဟာ ဇာတ်ဆောင်ဖန်တီးပုံပါပဲ။

နောက်ခံဖန်တီးပုံ ဆိုတာကတော့ ဇာတ်လမ်းဖြစ်ပျက်ရာ နောက်ခံအချိန်ကာလနဲ့ နေရာဒေသတွေကို ဖန်တီးရေးဖွဲ့ခြင်း ဖြစ်တယ်။ ဝတ္ထုတိုရေးသူဟာ   ဒီနောက်ခံအကြောင်းအချက်တွေကို  ဝတ္ထုတိုရေးတဲ့ ခေတ်အခြေအနေ၊ စာရေးဆရာကျင်လည်တဲ့ လူမှုဝန်းကျင် အခြေအနေတွေနဲ့ထင်ဟပ်ပြီး ဖန်တီးရေးဖွဲ့လေ့ရှိပါတယ်။

ဝတ္ထုတိုရဲ့အရေးအဖွဲ့ပိုင်းကို  လေ့လာရာမှာတော့  စာရေးသူရဲ့ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ နောက်ခံတို့ ပေါ်လွင်အောင် စကားသုံးနှုန်းပုံ၊ ဝါကျဖွဲ့ပုံ၊ အလင်္ကာ၊ အဆင်တန်ဆာသုံးပုံတို့ကို လေ့လာရမှာဖြစ်ပါတယ်။

ဝတ္ထုတိုကပေးတဲ့ ရသနဲ့အသိအမြင်ဆိုတာကတော့ ဝတ္ထုတိုတစ်ပုဒ်ကို ဖတ်ပြီးတဲ့နောက် စာဖတ်သူစိတ်ထဲ ဘယ်လိုနှစ်သက်မှုမျိုး ခံစားရပြီး ဘယ်လိုသင်ခန်းစာ၊ ဘယ်လိုဘဝအသိအမြင်မျိုး ရတယ်ဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဝတ္ထုတိုမှာ ဒီအချက်ဟာ အရေးပါတဲ့အလျောက် ဝတ္ထုတို လေ့လာသူတစ်ယောက်အနေနဲ့ ဒီအချက်ကိုလည်း အလေးထားရမှာ ဖြစ်တယ်။

ဝတ္ထုတိုလေ့လာမှုအနေနဲ့ စာရေးဆရာမောင်ထင်ရဲ့ ဝတ္ထုတိုတစ်ပုဒ်ဖြစ်တဲ့ ထားဝယ်လုံချည် ဝတ္ထုတိုကို သာဓကအဖြစ် လေ့လာပြပါမယ်။

ဒီဝတ္ထုတိုဟာ လူ့သဘော လူ့သဘာဝကိုဖော်ကျူးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တဲ့ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါတယ်။ လူသားတို့ရဲ့သဘာဝမှာ လင်နဲ့မယား ရန်ဖြစ်တတ်တယ်ဆိုတာ လူ့သဘာဝဖြစ်ပြီး မိမိနှင့် မသက်ဆိုင်ပါဘဲနှင့် သူတစ်ပါးလင်မယားအကြား ကြားဝင်ဖြေရှင်းရင် ဖြေရှင်းမိသူ မိမိသာ ဒုက္ခရောက်ရတတ်တယ်ဆိုတဲ့ လူ့သဘော လူ့သဘာဝကို သတိပြုမိစေလိုတဲ့ စာရေးသူရဲ့ အာဘော်ကို တွေ့ရမှာဖြစ်ပါတယ်။

ဒီအာဘော်ကို ပေါ်လွင်စေဖို့  စာရေးသူဟာ မြင်းပန်းထိမ်ဆရာနဲ့ မြင်းပန်းထိမ်မိန်းမတို့ နေ့စဉ်လိုလိုရန်ဖြစ်ရင်း လင်မယားအချစ်စမ်းတတ်ပုံ၊ အဲဒီလိုရန်ဖြစ်နေကျအတိုင်း ရန်ဖြစ်နေစဉ် မြင်းပန်းထိမ်ဆရာက သူ့မိန်းမကို နှိပ်စက်နေခိုက် ယင်းဖြစ်ရပ်ကိုမြင်သွားသော ကိုဒေါင်းဟာ ဘယ်လိုမှ ကြည့်မရတော့တဲ့အတွက် လောက်လေးဖြင့် ဝင်ပစ်ပုံ၊ ကိုဒေါင်းပစ်ခတ်လိုက်သော လောက်စာလုံးက မြင်းပန်းထိမ်ဆရာ၏ နားထင်ကို ပြင်းထန်စွာ ထိမှန်သွားပုံ၊ မြင်းပန်းထိမ်ဆရာ အိမ်ထဲဝင်ပြေးသွားသော်လည်း ကိုဒေါင်းက အိမ်တွင်းထရံကို တဖုန်းဖုန်းမြည်အောင် လောက်လေး ဖြင့် ဆက်ပစ်နေပုံ၊ နောက်ဆုံးတစ်ချက် ထပ်ပစ်မည်အလုပ်တွင် ထပ်ပစ်ခွင့်မရတော့ဘဲ မြင်းပန်းထိမ် မိန်းမကိုယ်တိုင် ကိုဒေါင်းကို လက်ရဖမ်း၍ ရဲစခန်းသို့ ခေါ်ဆောင်သွားပုံ၊ ရဲစခန်းတွင် မြင်းပန်းထိမ် မိန်းမရဲ့အတိုင်ခံရပုံ၊ ရာဇဝတ်အုပ်မင်းက ကိုဒေါင်းအား  ငွေငါးကျပ်ဒဏ်ရိုက်လိုက်ပုံ၊ ကိုဒေါင်းခမျာ သူ့အစ်မဝယ်ပေးထားသော ထားဝယ်လုံချည်အသစ်ကလေးကို အပေါင်ဆိုင်တွင် (အဆုံး) အပေါင်ခံ၍ ဒဏ်ငွေပေးဆောင်လိုက်ရပုံ ဖြစ်ရပ်ကလေးဖြင့် ဇာတ်လမ်းဆင်ကာ သူတစ်ပါးလင်မယားအကြားကို ကြားဝင်ဖြေရှင်းမိသဖြင့် ဒုက္ခလှလှရောက်ရသူ ကိုဒေါင်းရဲ့ စိတ်အမူအရာ၊ ကိုယ်အမူအရာတွေနဲ့  ဇာတ်လမ်း ဖန်တီးထားပါတယ်။ မတရားလုပ်တာကိုမြင်ပြီး  မခံချင်စိတ်ကြောင့်  ဝင်၍ဖြေရှင်းရာမှ ဒုက္ခရောက်ရသူ ကိုဒေါင်းရဲ့ထားဝယ်လုံချည်အသစ်ကလေး ဆုံးရှုံးသွားရပုံကို ရယ်စရာဖြစ်အောင် ဖြစ်ရပ်စဉ်ချိတ်ဆက်ပြီး ဇာတ်လမ်းဆင် ရေးဖွဲ့ထားတယ်။

ဒီဝတ္ထုတိုမှာ  အဓိကဇာတ်ဆောင်တွေကတော့  မြင်းပန်းထိမ် လင်မယားနဲ့ မခံချင်သူ ကိုဒေါင်းတို့ပဲဖြစ်ပါတယ်။ မြင်းပန်းထိမ်လင်မယားဟာ ဘေးပတ်ဝန်းကျင်ကို အားမနာဘဲ  မကြာခဏ လင်မယားချင်း ရန်ဖြစ်ရင်း အချစ်စမ်းတတ်ကြပါတယ်။ အဲဒီလို လူမြင်မကောင်း လူကြားမကောင်း ရန်ဖြစ်နေတာကို  ကြားကနေမခံချင်ဘဲ   ဝင်ဖြေရှင်းတဲ့ ကိုဒေါင်းဟာ လင်မယားတို့ရဲ့သဘာဝကို နားမလည်တဲ့ အတွက်ကြောင့် ရဲစခန်းမှာ အမှုဖြစ်ရပြီး ဒဏ်ငွေငါးကျပ် အတပ်ခံခဲ့ရပုံ၊ ဒဏ်ငွေဆောင်စရာ ပိုက်ဆံမရှိတဲ့ ကိုဒေါင်းဟာ သူ့အစ်မလက်ဆောင် ဝယ်ပေးထားတဲ့ ထားဝယ်လုံချည်အသစ်ကလေးကို အပေါင်ဆိုင်မှာပေါင်ပြီး ဒဏ်ငွေ ဆောင်လိုက်ရပုံ၊ နောက်ပိုင်းမှာပြန်၍လည်း မရွေးနိုင်တော့သဖြင့် အဆုံးခံလိုက်ရပုံတို့ဖြင့် သရုပ်ဖော်ပြီး ထားဝယ်လုံချည်ဆိုတဲ့ လှပတဲ့ နိမိတ်ပုံကလေးဖြင့် ဇာတ်ဆောင်တို့ရဲ့ စရိုက်အမူအရာကို ပေါ်လွင်စွာ ရေးဖွဲ့ထားပါတယ်။

ကာလဒေသနောက်ခံအနေနဲ့ကတော့ မိုးကလေး တစိမ့်စိမ့်ရွာနေတဲ့အချိန်၊ မြင်းပန်းထိမ်  လင်မယား၏ အိမ်ရှေ့လမ်းမပေါ်တို့ဖြစ်ပြီး ရဲစခန်းအရောက်တွင် ရဲများဝိုင်းလာပုံ၊ လူစုလူဝေး ဖြစ်ပေါ်လာပုံတို့ဖြင့် သရုပ်ဖော်ပြီး ကာလနောက်ခံ၊ ဒေသနောက်ခံ၊ လူမှုနောက်ခံတွေကို ဖန်တီးတင်ပြထားခြင်းဖြစ်ပါတယ်။

ဒီဝတ္ထုရဲ့  အရေးအဖွဲ့ပိုင်းကို လေ့လာရာမှာတော့ ဇာတ်ဆောင်အချင်းချင်း အပြန်အလှန်ပြောစကားတွေ၊ လွယ်ကူရှင်းလင်းတဲ့ စကားသုံးတွေ၊ ဖျတ်လတ်သွက်လက်တဲ့ ရေးဟန်တွေ၊ ပေါ်လွင်ထိမိတဲ့ စကားလုံးတွေနဲ့ ရေးဖွဲ့ထားပုံတွေကို ဖော်ထုတ်လေ့လာရမှာဖြစ်ပါတယ်။ ရေးဟန်အနေနဲ့ကတော့ စာဖတ်သူကို စာရေးသူရှုထောင့်က  ဝင်ကြည့်ခိုင်းတဲ့ ရေးဟန်မျိုးဖြစ်တယ်။

ရသနဲ့အသိအမြင်ပိုင်းမှာတော့ လင်မယားတို့သဘာဝ ရန်ဖြစ်ရင်း အချစ်စမ်းတတ်ပုံကို နှစ်သက်ကြည်နူးစိတ် ဖြစ်ပေါ်လာစေတဲ့ သိင်္ဂါရ ရသကို ပေးစွမ်းနိုင်တယ်။ လင်မယားရန်ဖြစ်နေတာ ကြမ်းတမ်းလွန်းလှတဲ့အတွက် ရုဒ္ဒရသကို ပေးစွမ်းနိုင်ပါတယ်။ ကြားကနေ မနေနိုင်မထိုင်နိုင် လောက်လေးနဲ့ဝင်ပစ်တဲ့ ကိုဒေါင်းရဲ့ အမူအရာကိုကြည့်ပြီး အံ့အားသင့်ရတဲ့ အဗ္ဘုတရသကို  အပြည့်အဝခံစားမိရနိုင်ပါတယ်။ မိမိဘက်က ဝင်ကူတဲ့ ကိုဒေါင်းကို ရဲစခန်းဆွဲခေါ်သွားတဲ့ မြင်းပန်းထိမ်မိန်းမရဲ့ အပြုအမူကလည်း အံ့အားသင့်စရာဖြစ်လို့ အဗ္ဘုတရသကို ခံစားရပြန်ပါတယ်။ နောက်ဆုံးမှာ ဒဏ်ငွေငါးကျပ် ဆောင်လိုက်ရတဲ့ ကိုဒေါင်းရဲ့အဖြစ်ကတော့ သနားစရာကောင်းတဲ့  ကရုဏာရသ ခံစားရပြီး ထားဝယ်လုံချည်ကို ပေါင်ပြီး အဆုံးခံလိုက်ရတဲ့ ကိုဒေါင်းရဲ့အဖြစ်ကတော့ ရယ်စရာကောင်းတဲ့ ဟဿရသကို ပေးစွမ်းနိုင်ပါတယ်။ အဲဒီလိုခံစားမိရင်း လူ့စိတ်လူ့သဘောဆိုတာ ဒီလိုပါလားဆိုတဲ့ အသိအမြင်ကို ရရှိစေတယ်။ လူဆိုတာပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်သင့်ပါလား၊ သူများလင်မယားကြားကို မဝင်သင့်ပါလားဆိုတဲ့ အသိအမြင်တွေကို ရရှိလာစေပါတယ်။

မေးခွန်းတစ်ပုဒ်ချင်း ရှင်းလင်းချက်

မေးခွန်းနံပါတ် ၁

    စိတ်ကြိုက်မြန်မာစာမေးခွန်းမှာ မေးခွန်းနံပါတ် ၁ ဟာ ဓမ္မဓိဋ္ဌာန် မေးခွန်းဖြစ်ပါတယ်။  မေးခွန်း(က)၊ မေးခွန်း(ခ)နဲ့ မေးခွန်း(ဂ)ဆိုပြီးပုဒ်ခွဲ (၃)ပုဒ် ပါဝင်ပါတယ်။

မေးခွန်း ၁။ (က)အနေနဲ့ မှား/မှန်ရောထွေး အမှန်ရွေးသည့်မေးခွန်းကို မေးပါတယ်။ ပြဋ္ဌာန်းစာအုပ်အားလုံးထဲက မေးမှာဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်)ဖြစ်ပါတယ်။

နမူနာ

၁။ (က) အောက်ပါတို့ကို မှားလျှင် (မှား)၊ မှန်လျှင် (မှန်)ဟု ဖြေပါ။     (၁၀ မှတ်)

          (၁) အီနောင်နန်းတွင်းဇာတ်တော်ကြီးကို မြဝတီမင်းကြီးဦးစ ရေးသားခဲ့သည်။ 

မေးခွန်း ၁။ (ခ)အနေနဲ့ကတော့ ကွက်လပ်ဖြည့်ရတဲ့ မေးခွန်းဖြစ်ပါတယ်။ ပြဋ္ဌာန်းစာအုပ်အားလုံးထဲက  မေးမှာဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။

နမူနာ

၁။ (ခ) အောက်ပါတို့ကို ကွက်လပ်ဖြည့်ပါ။           (၁၀ မှတ်)

          (၁) မဏိကက်ပြဇာတ်သည် တွေ့ရှိရသမျှ ပြဇာတ်များတွင်----------  ပြဇာတ်ဖြစ်သည်။

မေးခွန်း ၁။ (ဂ) အနေနဲ့ကတော့ ပေးထားတဲ့ ရွေးချယ်စရာ အများထဲက အမှန်တစ်ခုကိုသာ ရွေးချယ်ရသည့်မေးခွန်းဖြစ်ပါတယ်။ ပြဋ္ဌာန်းစာအုပ် အားလုံးထဲက မေးမှာဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်)ဖြစ်ပါတယ်။

နမူနာ

၁။ (ဂ) အောက်ပါတို့မှ အဖြေမှန်ကို ရွေးပါ။           (၁၀ မှတ်)

          (၁) လှိုင်ထိပ်ခေါင်တင်သည်-------------- နန်းတွင်းဇာတ်တော်ကြီးကို ရေးသားခဲ့သည်။

               (က) အီနောင် (ခ)ဣန္ဒာဝံသ (ဂ)ဝိဇယကာရီ

အခုမေးတဲ့ ဓမ္မဓိဋ္ဌာန်မေးခွန်းပုံစံဟာ သင်ရိုးသစ်၊ မေးခွန်းပုံစံသစ်ရဲ့ ထူးခြားချက်လို့ ဆိုနိုင်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ အမှန်တကယ် သဘောပေါက်၊ မပေါက်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။ ကျောင်းသား၊ကျောင်းသူတွေပြဋ္ဌာန်းစာတွေ ကျေညက်၊ မကျေညက်ကိုလည်း ဆန်းစစ် ကြည့်နိုင်ပါတယ်။ ဉာဏ်စမ်းမေးခွန်းတွေကိုလည်း ဖန်တီးမေးမြန်းနိုင်ပါတယ်။ ဒါကြောင့် အမှန်တကယ် သဘောပေါက်နားလည်ထားရင် အမှတ်ပြည့်ရနိုင်တဲ့ မေးခွန်းပုံစံဖြစ်ပါတယ်။

မေးခွန်းနံပါတ် ၂

မေးခွန်းနံပါတ် ၂ ကတော့ မှတ်စုတိုမေးခွန်းဖြစ်ပါတယ်။ မေးခွန်း (၅)ပုဒ်မေးပြီး (၄)ခုကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ တစ်ပုဒ်ကို (၅)မှတ်ပေးပြီး စုစုပေါင်းအမှတ် (၂၀)ရနိုင်တဲ့ မေးခွန်းဖြစ်ပါတယ်။ ပြဋ္ဌာန်းစာအုပ်(၄)အုပ်စလုံးထဲက မေးမှာဖြစ်ပါတယ်။ မြန်မာပြဇာတ်ထဲက (၁)ပုဒ်၊ မြန်မာဝတ္ထုတိုထဲက (၁)ပုဒ်၊ မြန်မာစကားပြေထဲက (၁)ပုဒ်၊ စာအရေးအသားလမ်းညွှန်ထဲက (၁)ပုဒ်၊ မြန်မာစာပေသမိုင်းထဲက (၁)ပုဒ်မေးမယ်လို့ ဆိုလိုပါတယ်။ ပေးမှတ်ကတော့ (၂၀ မှတ်) ဖြစ်ပါတယ်။

နမူနာ

၂။ အောက်ပါတို့မှ (၄)ခုကို မှတ်စုရေးပါ။  (၂၀ မှတ်)

          (က) ဒေဝကုမ္ဘန်ပြဇာတ်မှ ဆိုင်းဆင့်အဖွဲ့တစ်ခု

          (ခ)     ထားဝယ်လုံချည်ဝတ္ထုတိုမှ ဟာသအဖွဲ့တစ်ခု

          (ဂ)     ဥပါယ်တံမျဉ် ငါးပါး

          (ဃ)   မြန်မာစကားပြေ အရေးအသားတွင် သတိပြုရေးသားရမည့် အချက်များ

          (င) စာပေသစ်လှုပ်ရှားမှု

ဒီမေးခွန်းကို ဖြေဆိုတဲ့အခါမှာ မတိုမရှည်အပိုအလိုမရှိ ဖြေဆိုသင့်ကြပါတယ်။ အမှတ်ပြည့်ရနိုင်တဲ့ မေးခွန်းပုံစံဖြစ်ပါတယ်။

မေးခွန်းနံပါတ် ၃

မေးခွန်းနံပါတ် ၃ ကတော့ မြန်မာပြဇာတ်နှင့် မြန်မာဝတ္ထုတို မေးခွန်းရှည်ဖြစ်ပါတယ်။ မေးခွန်းနံပါတ် ၃ (က)မှာ မြန်မာဝတ္ထုတို မေးခွန်းရှည်(၂)ပုဒ်မေးထားပြီး နှစ်သက်ရာ (၁)ပုဒ်ကိုရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်)ဖြစ်ပါတယ်။ မေးခွန်းနံပါတ် ၃ (ခ)မှာ မြန်မာပြဇာတ်မေးခွန်းရှည် (၂)ပုဒ်မေးထားပြီး နှစ်သက်ရာ (၁)ပုဒ်ကိုရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်)ဖြစ်ပါတယ်။

နမူနာ

၃။ (က) အောက်ပါတို့အနက် နှစ်သက်ရာတစ်ခုကိုဖြေဆိုပါ။ (၁၀ မှတ်)

          ရာမမင်းသား လေးတင်ခန်းမှ ရာမမင်း၏ ဘုန်းလက်ရုံးနှင့် အောင်ပွဲဆင်ပုံ ထားဝယ်လုံချည်ဝတ္ထုတို၏  ဇာတ်လမ်းအတင်အပြ

    (ခ) အောက်ပါတို့အနက် နှစ်သက်ရာတစ်ခုကိုဖြေဆိုပါ။    (၁၀ မှတ်)

          ဒေဝကုမ္ဘန်ပြဇာတ်မှ ဒေဝကုမ္ဘန်၏စရိုက်

 ဗြဟ္မစရိယပြဇာတ်၏ ရည်ရွယ်ချက်နှင့်ပို့ဆောင်ပုံ ဒီမေးခွန်းအတွက် အကြံပေးလိုတာက မေးခွန်းက ဘာကိုတောင်းဆိုနေတယ်ဆိုတာ သေသေချာချာသိအောင် အားထုတ်ပြီးမှ ဖြေဆိုသင့်ကြပါတယ်။ မေးခွန်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုမှအမှတ်များများ ရနိုင်တဲ့မေးခွန်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။

မေးခွန်းနံပါတ် ၄

မေးခွန်းနံပါတ် ၄ ကတော့ မြန်မာစကားပြေ မေးခွန်းရှည်ဖြစ်ပါတယ်။

အခန်း(၁) ရှေးစကားပြေ၊  အခန်း(၂) ခေတ်စကားပြေ၊ အခန်း(၃) ရသစာတမ်းတွေထဲက မေးခွန်းရှည် (၂)ပုဒ် မေးထားပြီး နှစ်သက်ရာ (၁)ပုဒ်ကို ရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။

နမူနာ

၄။ အောက်ပါတို့အနက် နှစ်သက်ရာ တစ်ခုကို ဖြေဆိုပါ။  (၁၀ မှတ်)

-        တူရွင်းတောင်ဘုရားကျောက်စာပါ အကြောင်းအရာ

-        အနုအရင့် ရသစာတမ်းသည် စကားပြေကောင်းတစ်ပုဒ်ဖြစ်ကြောင်း

ဒီမေးခွန်းအတွက် အကြံပေးလိုတာကတော့ အထက်ကမေးခွန်းလိုပါပဲ။ မေးခွန်းက ဘာကိုတောင်းဆိုနေတယ်ဆိုတာ သေသေချာချာ သိအောင် အားထုတ်ပြီးမှ ဖြေဆိုသင့်ကြပါတယ်။ မေးခွန်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုမှအမှတ်များများ ရနိုင်တဲ့မေးခွန်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။

မေးခွန်းနံပါတ် ၅

မေးခွန်းနံပါတ် ၅ ကတော့ စာအရေးအသားလမ်းညွှန်ဆိုင်ရာ မေးခွန်းရှည်ဖြစ်ပါတယ်။ စာအရေးအသား လမ်းညွှန်စာအုပ်ပါအကြောင်းအရာ (၁၀)ခုထဲက မေးခွန်းရှည် (၂)ပုဒ်မေးထားပြီး နှစ်သက်ရာ (၁)ပုဒ်ကို ရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။

နမူနာ

၅။ အောက်ပါတို့အနက်နှစ်သက်ရာတစ်ခုကိုဖြေဆိုပါ။  (၁၀ မှတ်)

-        စိတ်ကိုရေးသောအတတ် ဆောင်းပါးမှ ပီမိုးနင်း၏ အမြင်

-        စု၊ တု၊ ပြု ဆောင်းပါးမှ စာရေးရာတွင် နည်းမှီးခံယူသင့်သော အချက်များ

ဒီမေးခွန်းအတွက် အကြံပေးလိုတာကလည်း အထက်ကမေးခွန်းလိုပါပဲ။ မေးခွန်းက ဘာကိုတောင်းဆိုနေတယ်ဆိုတာ သေသေချာချာ သိအောင် အားထုတ်ပြီးမှ ဖြေဆိုသင့်ကြပါတယ်။ မေးခွန်းနဲ့ အံဝင်ခွင်ကျ ဖြစ်အောင်ဖြေဆိုမှ အမှတ်များများရနိုင်တဲ့ မေးခွန်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။

မေးခွန်းနံပါတ် ၆

မေးခွန်းနံပါတ် ၆ ကတော့ မြန်မာစာပေသမိုင်းဆိုင်ရာ မေးခွန်းရှည် ဖြစ်ပါတယ်။   မြန်မာစာပေသမိုင်းစာအုပ်ပါ   ကိုလိုနီခေတ်စာပေနဲ့ လွတ်လပ်ရေးခေတ်စာပေ အကြောင်းအရာတွေထဲက မေးခွန်းရှည် (၂)ပုဒ်မေးထားပြီး နှစ်သက်ရာ(၁)ပုဒ်ကို  ရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁၀ မှတ်) ဖြစ်ပါတယ်။

နမူနာ

၆။ အောက်ပါတို့အနက် နှစ်သက်ရာ တစ်ခု ကို ဖြေဆိုပါ။ (၁၀ မှတ်)

-        မြန်မာစာပေသမိုင်းမှ လိုလိုနီခေတ် ခေတ်စမ်းစာပေလှုပ်ရှားမှု

-        မြန်မာစာပေသမိုင်းမှ လွတ်လပ်ရေးခေတ်ဝတ္ထုများ

စိတ်ကြိုက်မြန်မာစာဟာ မေးခွန်းကြီးအနေနဲ့  (၆)ပုဒ်ပဲဖြေရပြီးတော့ ဓမ္မဓိဋ္ဌာန်မေးခွန်းနဲ့ မှတ်စုတိုမေးခွန်းတို့ပါဝင်ပြီး မေးခွန်းရှည်အနေနဲ့ကတော့ ပြဋ္ဌာန်းစာအုပ် (၄)အုပ်မှာ မြန်မာပြဇာတ်နှင့် မြန်မာဝတ္ထုတိုက (၂)ပုဒ်မေးပြီး ကျန်(၃)အုပ်က (၁)အုပ်ကို (၁)ပုဒ်စီမေးမှာ  ဖြစ်ပါတယ်။ ဒါကြောင့် မေးခွန်းအားလုံးဖြေဆိုဖို့ အရေးကြီးပါတယ်။ ပြဋ္ဌာန်းစာအုပ်(၄)အုပ်လုံးကို စိတ်ပါဝင်စားစွာနဲ့ စနစ်တကျလေ့လာကျက်မှတ်ထားမယ်ဆိုရင် မေးခွန်းအားလုံးကို အခက်အခဲမရှိ ဖြေဆို နိုင်ကြမှာဖြစ်ပါတယ်။

သင်ရိုးသစ်စိတ်ကြိုက်မြန်မာစာဖြေဆိုကြမယ့်   ကျောင်းသား၊ ကျောင်းသူများ အားလုံး ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ထူးချွန်စွာဖြေဆိုနိုင်ပြီး မိမိရည်မှန်းချက် ပန်းတိုင်သို့ အောင်မြင်စွာ အရောက်လှမ်းနိုင်ကြပါစေလို့ဆန္ဒပြုရင်း ပို့ချချက်ကို ရပ်နားလိုက်ပါတယ်။ 

ဒေါက်တာထွန်းအောင်ကျော်၊ ပါမောက္ခ(ဌာနမှူး)၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်