လှေကားထစ်များကို အထစ်အငေါ့မရှိ တက်နိုင်မယ့်ဆိုင်ကယ် ဆူဇူကီးတီထွင်

လှေကားထစ်များကို အထစ်အငေါ့မရှိ တက်နိုင်မယ့်ဆိုင်ကယ် ဆူဇူကီးတီထွင်

 

    ဆူဇူကီးကုမ္ပဏီဆိုတာ   မော်တော်ဆိုင်ကယ်၊  မော်တော်ကား  အစရှိတဲ့သယ်ယူပို့ဆောင်ရေး ယာဉ်များကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အထူးသဖြင့် ဆူဇူကီးလို့ဆိုလိုက်တာနဲ့ မော်တော်ဆိုင်ကယ်ကိုသာ ပြေးမြင်ကြသူများမှာပါ။

အခုဆိုရင် ဆူဇူကီးက သူတို့ရဲ့မြို့ပြ သယ်ယူပို့ဆောင်ရေးယာဉ်  အတွက် နောက်ဆုံးပေါ်အနာဂတ် ပုံစံစိတ်ကူးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ သူ့ရဲ့ယာဉ်ကို MOQBA လို့နာမည်ပေးထားပါတယ်။

MOQBA ရဲ့ထူးခြားချက်က သမားရိုးကျ သယ်ယူပို့ဆောင်ရေး ယာဉ်တွေပုံစံကနေ လုံးဝကိုကွဲထွက်သွားပြီး ဘယ်လို အတားအဆီးမျိုးပဲ ရှိနေပါစေ အလွယ်တကူ ကျော်လွှားသွားနိုင်မှာပဲဖြစ်ပါတယ်။

ဆူဇူကီးကုမ္ပဏီက တီထွင်ဖန်တီးမှုရှိတဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်းများကို ရှာဖွေဖော်ထုတ် တင်ဆက်သွားဖို့  ကတိပေးထားပါတယ်။ အခုတော့ အဲဒီကတိကို တည်အောင်ကြိုးစားလိုက်နိုင်တယ်လို့ ဆိုလို့ရပါပြီ။

MOQBA  မော်တော်ဆိုင်ကယ်ကို Japan Mobility Show မှာ ထုတ်ဖော်ပြသခဲ့တာပါ။ ဘယ်သူနဲ့မှမတူတဲ့ မော်တော် ဆိုင်ကယ်ပုံစံက ဘီးများကိုခြေထောက်များကဲ့သို့ ဖန်တီးထားတာဖြစ်ပါတယ်။

သူ့ရဲ့ကိုယ်ထည်မှာ လျှပ်စစ်စွမ်းအင်သုံး အသေးစား ဘီးလေးလုံး ပါဝင်ပါတယ်။ အဲဒီဘီးတစ်လုံးစီက စက်ရုပ်ကဲ့သို့ ခြေထောက်တစ်ချောင်းစီပေါ်မှာ တပ်ဆင်ထားတာပါ။

MOQBA ရဲ့ သူမတူတဲ့ လုပ်ဆောင်ချက်များအနက် တစ်ခုက လှေကားထစ်များ အပါအဝင်  အတားအဆီးများကို ကျော်လွှားသွားနိုင်ခြင်းပဲဖြစ်ပါတယ်။

ဒီလို  ကျော်လွှားသွားစဉ်မှာလည်း လမ်းမညီမညာဖြစ်တဲ့  နေရာတွေမှာ ဆိုင်ကယ်စီးသူကို သက်သောင့်သက်သာဖြစ်မှုကို ပေးစွမ်းဦးမှာပါ။

ဆူဇူကီးရဲ့  ထုတ်ပြန်ချက်အရဆိုရင် သူတို့ရဲ့ဆိုင်ကယ်အသစ်က  သယ်ယူပို့ဆောင်ရေး နေရာတွေမှာ လှေကားထစ်တွေ လိုမျိုး အတားအဆီးတွေရှိတဲ့ နေရာမျိုးတွေမှာ သွားလာရသူတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

MOQBA  အနေနဲ့ မတူညီတဲ့ လိုအပ်ချက်များအတွက် မတူညီတဲ့ သွားလာမှုအမျိုးအစား ပုံစံသုံးမျိုး ထည့်သွင်းပေးထားပါတယ်။ အဲဒီပုံစံတွေထဲမှာ Chair ပုံစံ၊ Standing ပုံစံ၊ Stretcher  ပုံစံတို့ပါဝင်ပါတယ်။

Chair ပုံစံမှာဆိုရင် ဆိုင်ကယ်စီးသူများအတွက်   သမားရိုးကျ ဆိုင်ကယ်ကဲ့သို့ သက်သောင့်သက်သာနဲ့ ထိုင်စီးလို့ရတဲ့ ပုံစံ ဖြစ်ပါတယ်။

Standing  ပုံစံကိုပြောင်းလိုက်မယ်ဆိုရင်တော့ ဆိုင်ကယ်ကို မတ်တတ်ရပ်ပြီး စီးချင်သူတွေအတွက် အဆင်ပြေမယ့်ပုံစံမျိုးကို ပြောင်းသွားမှာပါ။

နောက်ဆုံးပုံစံဖြစ်တဲ့   Stretcher  ပုံစံမှာတော့ ဒဏ်ရာရရှိသူတွေကို တည်တည်ငြိမ်ငြိမ်နဲ့ သက်သောင့်သက်သာဖြစ်စွာ သယ်ဆောင် သွားနိုင်အောင် ပုံစံပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။

နေ့စဉ်နေထိုင်လှုပ်ရှား သွားလာနေကြတဲ့ မြို့ပြဒေသတွေမှာ လိုအပ်ချက်တွေကရှိလာပါတယ်။ ဒီအချိန်မှာ MOQBA  ကဲ့သို့ ဖန်တီးမှုရှိတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေက မြို့ပြပတ်ဝန်းကျင် အသစ်အတွက် အဆင်အပြေဆုံး ဖြစ်လာမှာ ဖြစ်ပါလိမ့်မယ်။