ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ တပ်မတော်စခန်းများအား KIA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ တပ်မတော်စခန်းများအား KIA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

 

နေပြည်တော် - ၂၀၂၃ အောက်တိုဘာ ၂၀ ရက်

          တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း အလေးထား လိုက်နာဆောင်ရွက်လျက်ရှိပြီး NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကြီးကိုလည်း အနှစ်သာရရှိစွာ နိုင်ငံတော်အဆင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။

   ထိုသို့ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလို သော ရည်ရွယ်ချက်များဖြင့် KIA တပ်မဟာ(၆)လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များ က အောက်တိုဘာ  ၁၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ် ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက်  ၁၀ မိုင်ခန့် အကွာရှိ တပ်မတော်မှ နယ်မြေထိန်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် နမ့်ကွတ်စခန်းအား နေရာ(၃)နေရာမှ အင်အားအလုံး အရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

       ထိုသို့ တိုက်ခိုက်လာရာ စခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ် ပြန်လည် ခုခံတိုက်ခိုက်ခဲ့သော်လည်း သောင်းကျန်းသူအင်အား များပြားလာမှုကြောင့် စစ်ကူ စစ်ကြောင်းများ မရောက်မှီ ညနေ ၄ နာရီခွဲခန့်တွင် စခန်းမှ ခေတ္တဆုတ်ခွာခဲ့ပြီး စစ်ကူစစ်ကြောင်းများဖြင့် ပြန်လည်ပူးပေါင်းလျက် စခန်းနေရာအား ပြန်လည်သိမ်းပိုက်နိုင် ရေး ဆောင်ရွက်လျက်ရှိသည်။

        ထိုသို့ တိုက်ခိုက်လာမှုကြောင့် တပ်မတော်စစ်ကြောင်းများကလည်း KIA တပ်မဟာ(၆)နေရာအား လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူတို့ဖြင့် တန်ပြန်တိုက်ခိုက်မှု များ ဆောင်ရွက်ခဲ့ရာ KIA အဖွဲ့၏ ကာကင်းနေရာတစ်ခုအား KIA တပ်ဖွဲ့ဝင် အလောင်း အချို့နှင့်အတူ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ သည်။

       ထို့အပြင် KIA ဌာနချုပ် လိုင်ဇာ၏ ရှေ့ကာနေရာဖြစ်သော မိုက်ဆာပါ တွင် အခြေပြုလျက်ရှိသည့် KIA အဖွဲ့များက ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ တပ်မတော်မှ ဗန်းမော်-ဝိုင်းမော် ကားလမ်းထိန်းစခန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် လဲလုံစခန်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈ ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်နေ့အထိ (၈၁)ကြိမ်တိုင် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြောက်နှင့် လေကြောင်းပစ်ကူရယူ၍ ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာမှ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် သောင်းကျန်းသူ အင်အားများပြား လာသည့်အတွက် စခန်းမှ ခေတ္တဆုတ်ခွာပေးလိုက်ရကြောင်း သိရှိရပြီး စစ်ကူစစ်ကြောင်း များဖြင့် ပူးပေါင်းလျက် အဆိုပါစခန်းအား အမြန်ဆုံးပြန်လည် သိမ်းပိုက်ရရှိရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။