မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၉၉၀၀၀ အထိ တင်ပို့ရောင်းချ

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၉၉၀၀၀ အထိ တင်ပို့ရောင်းချ

 

    ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့  စက်တင်ဘာလ၁ ရက်မှ  အောက်တိုဘာလ ဒုတိယပတ်အထိ ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ  ၉၉၀၀၀ အထိတင်ပို့ ရောင်းချရကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်ဒေါ်ဥမ္မာထံမှ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါး၊ ဆန်ကွဲရောင်းဝယ်ရေး  ပွဲရုံလုပ်ငန်းရှင် များသည် ဒေသထွက်ကုန် ဆန်ကွဲများကို ရန်ကုန်မြို့သို့   တင်ပို့ရောင်းချလျက်ရှိသည်။ သြဂုတ်လတွင်  ဆန်ကွဲ  ၂၄ ပြည်ဝင် အိတ်ရေ ၆၇၀၀၀ အထိသာ တင်ပို့ရောင်းချခဲ့ရပြီး  စက်တင်ဘာလ ၁ ရက်မှ  အောက်တိုဘာလ ဒုတိယပတ်အထိ ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၉၉၀၀၀ အထိ တင်ပို့ရောင်းချရကြောင်း သိရသည်။

“ဒေသထွက် ဆန်ကွဲတွေကို ရန်ကုန်မြို့ဘက်ကိုပဲ တင်ပို့ရောင်းချတာများပါတယ်။ တစ်နိုင်တစ်ပိုင် တင်ပို့ရောင်းချတဲ့သူတွေလည်း ရှိသလို ပွဲရုံလုပ်ငန်းရှင်တွေလည်း တင်ပို့ရောင်းချနေပါတယ်။

ဆန်ကွဲတွေကတော့   ပြည်တွင်းမှာ ငါးစာ၊ ကြက်စာ ၊ ဝက်စာတွေ အဖြစ် အဓိကအသုံးပြုတာ များပါတယ်။ ရန်ကုန်ဘက်က ဈေးကောင်းလည်းရသလို  ကုန်ပစ္စည်းတွေကို တင်ပို့ရောင်းချတဲ့အခါမှာလည်း အခက်အခဲမရှိ တင်ပို့လို့ အဆင်ပြေပါတယ်။

ဆန်ကွဲအိတ်တွေကို စက်တင်ဘာလ ပထမပတ်ကနေစတင်ပြီး  ဝယ်လိုအားက သိသိသာသာကို လိုက်လာတာပါ။ ရန်ကုန်ဘက်ဝယ်လက်တွေက ဆန်ကွဲတွေမှာယူအား အရမ်းတက်နေပါတယ်။ ပြည်တွင်းမှာ ဆန်ကွဲကို လိုအပ်ချက်များနေတာပါ” ဟု မော်လမြိုင်ကျွန်းမြို့နယ်  ဆန်စပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်ဥမ္မာကပြောသည်။ 

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ လက်ရှိဆန်ကွဲ ၂၄ ပြည်ဝင် တစ်အိတ်လျှင်ငွေကျပ် ၃၅၀၀၀ မှ ၄၅၀၀၀ အထိဈေးရရှိကြောင်း ၊ အဆိုပါ ဆန်ကွဲများ တင်ပို့ရောင်းချအား တက်လာသည့်အတွက် ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ကားအငှား လိုက်သည့်  လုပ်ငန်းရှင်များ အဆင်ပြေကြောင်း သိရသည်။