၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ ၂၀ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါပြပွဲဖွင့်ပွဲအခမ်းအနား၌ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်း

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ ၂၀ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါပြပွဲဖွင့်ပွဲအခမ်းအနား၌ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်း

 

ဦးကျော်သူထွန်း ဒုတိယအထွေထွေမန်နေဂျာ ကျောက်မျက်လုပ်ငန်းကော်မတီ အတွင်းရေးမှူး

    နိုင်ငံတော်အနေနဲ့ အခုလိုကျောက်မျက်ရတနာပြပွဲတွေ ကျင်းပပေးတဲ့ အတွက် ကျောက်မျက်ရတနာ လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ အများကြီး ရရှိစေမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်မျက်အချောထည် လုပ်ငန်းရှင် တွေအတွက် ပိုမိုအကျိုးရှိစေမှာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်နေပါတယ်။ အခုကျင်းပတဲ့ ကျောက်မျက် ရတနာပြပွဲမှာဆိုရင် လက်ဝတ်ရတနာတွေ ပြုလုပ်နိုင်မယ့် အသင့်သွေးပြီးပတ္တမြားတွေကို အရင်ကကျင်းပခဲ့တဲ့ကျောက်မျက်ရတနာ ပြပွဲတွေမှာ တင်ပြခဲ့တာထက် ပိုမိုပြီးတင်ပြ ထားပါတယ်။ကျောက်မျက်လုပ်ငန်း ကော်မတီအနေနဲ့ ကျောက်မျက်ရတနာပြပွဲတွေမှာတန်ဖိုးကြီးကျောက်မျက်ရတနာတွေ ပါဝင်သလို တန်ဖိုးသင့် ကျောက်မျက်ရတနာတွေနဲ့ တန်ဖိုးနည်းကျောက်မျက်ရတနာတွေကို ပါတင်ပြရောင်းချထားတာဖြစ်တဲ့ အတွက်အခုလက်ရှိကာလမှာ နိုင်ငံတော်က ဦးတည်ဆောင်ရွက်နေတဲ့၊ နိုင်ငံတော်က အားပေးကူညီပံ့ပိုးပေးနေတဲ့  SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက်များစွာအထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။  နိုင်ငံတော်က ကျင်းပပေးနေတဲ့ ကျောက်မျက်ရတနာပြပွဲတွေမှာ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ကျောက်မျက်ရတနာအချောထည်တွေကို အခုလိုပြပွဲတွေမှာပါဝင် ခင်းကျင်းပြသပြီး ရောင်းချနေတာဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပက ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေ အနေနဲ့ လာရောက်ကြည့်ရှုလေ့လာဝယ်ယူနိုင်ပါတယ်လို့ စကားလက်ဆောင်ပါးလိုက်ပါတယ်။

ဒေါ်မြမြဝင်း လက်ထောက်အထွေထွေမန်နေဂျာ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဌာနခွဲမှူး၊ ရောင်းချဖြန့်ဖြူးရေးဌာန

    မြန်မာ့ပုလဲရောင်းချမှုကို အောက်တိုဘာ လ၂၀ ရက်ကနေစပြီး အောက်တိုဘာလ၂၂ ရက်အထိ သုံးရက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် စနစ်ကတော့ တင်ဒါစနစ်နဲ့ဖြစ်ပါတယ်။ကြမ်းခင်းဈေးကိုတော့ အမေရိကန်ဒေါ်လာနဲ့ တင်ပြထားပါတယ်။ရောင်းချမှာကလည်း အမေရိကန်ဒေါ်လာနဲ့ဖြစ်ပါတယ်။ ငွေပေးချေရာမှာဆိုရင်တော့ နိုင်ငံသားတွေအနေနဲ့ အမေရိကန်ဒေါ်လာနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ပေးချေရပါမယ်။ ပြည်ပနိုင်ငံခြားသားတွေ အနေနဲ့ကတော့  အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ ယူရို၊ ယွမ်၊ ဘတ်ငွေတွေနဲ့ပေးချေနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ အခုလိုကျောက်မျက်ရတနာပြပွဲကြီးတွေ ကျင်းပပေးတဲ့အတွက် နိုင်ငံတော်အတွက်အများကြီး အကျိုးရှိပါတယ်။ အခုကျင်းပတဲ့ပြပွဲကြီးမှာဆိုရင် ပြည်ပနိုင်ငံခြားသားတွေ  တက်ရောက်ပြီး  ဝယ်ယူကြမှာဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ အများကြီးရရှိမှာဖြစ်ပါတယ်။ ပြည်တွင်းရတနာ ကုန်သည်တွေအတွက်လည်း ပြပွဲကြီးကို တက်ရောက်ဝယ်ယူပြီး ပြန်လည်ရောင်းဝယ်ကြမှာဖြစ်တဲ့အတွက် ပြည်တွင်းမှာရှိတဲ့ SME လုပ်ငန်းတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုမိုရရှိစေမှာဖြစ်ပါတယ်။ ပြည်တွင်းက နိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိစေမှာဖြစ်တဲ့အတွက် အကျိုးအမြတ်များစွာ ရရှိတဲ့ပြပွဲကြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပြပွဲမှာဆိုရင် မြန်မာ့ပုလဲအတွဲပေါင်း ၂၈၀ တင်ပြခဲ့ပါတယ်။  အခုကျင်းပတဲ့ပြပွဲကြီးမှာတော့ မြန်မာ့ပုလဲအတွဲပေါင်း ၃၀၀ တင်ပြထားပါတယ်။ အခုပြပွဲမှာဆိုရင် အရင်ကျင်းပခဲ့တဲ့ပြပွဲတွေမှာလိုပဲ အရည်အသွေးအစုံ မြန်မာ့ပုလဲတွေကို တင်ပြထားပါတယ်။ထူးခြားချက် အနေနဲ့ကတော့ပုလဲတွေရဲ့အရွယ်အစားဖြစ်ပါတယ်။ အရွယ်အစားကြီးမားတဲ့  ပုလဲအလုံးရေအများအပြားကို ပါဝင်ခင်းကျင်း တင်ပြထားပါတယ်။ပြည်တွင်းက နိုင်ငံသားရတနာကုန်သည်တွေ အနေနဲ့  တင်ဒါအောင်မြင်တဲ့ တန်ဖိုးအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကိုပေါင်းပြီး ထည့်သွင်းပေးချေရပါတယ်။ပြည်ပကနိုင်ငံခြားသား ရတနာကုန်သည်တွေ အနေနဲ့ကတော့  တိုက်ရိုက် Export  ဖြစ်တဲ့အတွက် တင်ဒါအောင်မြင်တဲ့ တန်ဖိုးအတိုင်းပဲ ပေးချေရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ပုလဲတွေကို   အများဆုံးဝယ်ယူတဲ့ ပြည်ပနိုင်ငံတွေကတော့ တရုတ်၊အိန္ဒိယ၊ ဂျပန်၊  ဟောင်ကောင်စတဲ့နိုင်ငံတွေဖြစ်ပါတယ်။

ဒေါ်ခင်မိုးဖြူ ချမ်းမြေ့မေတ္တာကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း

    ကျွန်မရဲ့ကျောက်မျက်ရတနာ အရောင်းဆိုင်ကို နေပြည်တော်မှာရှိတဲ့ မဏိရတနာ ကျောက်မျက်ပြတိုက်မှာ  ဖွင့်လှစ်ထားပါတယ်။ နေပြည်တော်မြို့ကြီး ဖြစ်ပေါ်လာပြီး ကျောက်မျက်ရတနာပြတိုက် စတင်ဖွင့်လှစ်စဉ်ကတည်းက အခုချိန်အထိ ဖွင့်လှစ်ပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ မြန်မာ့ကျောက်မျက် ရတနာပြပွဲတွေမှာလည်း အခုလိုအရောင်းဆိုင် ဖွင့်လှစ်ပြီးတော့ အမြဲတမ်း လာရောက်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အခုလိုကျောက်မျက် ရတနာပြပွဲတွေ ကျင်းပပေးတဲ့အတွက်  နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတွေ ပိုမိုရရှိမှာဖြစ်သလို ကျွန်မတို့လိုကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေအတွက်လည်း ဈေးကွက်အသစ်၊ ဝယ်သူအသစ်တွေ ပိုမိုရရှိစေပါတယ်။ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေတွေ အများအပြားရရှိစေတဲ့အတွက်  အင်မတန်အကျိုးရှိတဲ့ ပြပွဲကြီးဖြစ်တယ်လို့  ကျွန်မအနေနဲ့မြင်ပါတယ်။ အခုကျင်းပတဲ့ ကျောက်မျက်ရတနာ ပြပွဲကြီးကို နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်ပြီး ကြည့်ရှုအားပေးတဲ့အတွက်ကျွန်မတို့လို ပြည်တွင်းကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေအနေနဲ့ အများကြီးဝမ်းသာမိပါတယ်။ ဒီအတိုင်းပြပွဲကျင်းပပြီး ရောင်းချတာထက်စာရင် နိုင်ငံတော်က အသိအမှတ်ပြုတဲ့ပွဲ၊  နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်အသိအမှတ်ပြု တက်ရောက်တဲ့ပွဲမှာ ရောင်းချရတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင် အများကြီးအားအင်ဖြစ်စေပါတယ်။   နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့   အခုကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲကြီးကို ကိုယ်တိုင်တက်ရောက်ပြီး နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေကို လိုက်လံကြည့်ရှု အားပေးတဲ့အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကြီးကို  နိုင်ငံတကာကလည်း စိတ်ဝင်စားမှုတွေ အများကြီးရှိလာမှာဖြစ်ပါတယ်။  နိုင်ငံတကာကရတနာကုန်သည်တွေရဲ့ စိတ်ဝင်စားမှုတွေ အများကြီးရရှိလာရင် နောင်ကျင်းပမယ့် ကျောက်မျက်ရတနာ ပြပွဲတွေမှာ နိုင်ငံခြားသား ရတနာကုန်သည်တွေ အခုထက်ပိုပြီး လာရောက်ဝယ်ယူကြမှာဖြစ်တဲ့ အတွက်   နိုင်ငံတော်အတွက် အကျိုးအမြတ်များစွာ ရရှိမှာဖြစ်ပါတယ်။

ဦးသက်မောင်မြင့် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး(၃)

    အခုကျင်းပတဲ့၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ပြည်တွင်းမှာရှိတဲ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေနဲ့ ဆက်စပ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ပြည်သူလူထုတွေအတွက် အကျိုးအမြတ် ပိုမိုရရှိစေဖို့နဲ့ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေနဲ့ အခွန်အခတွေ ရရှိစေဖို့အတွက် ကျင်းပရခြင်းဖြစ်ပါတယ်။ အခုလို ကျောက်မျက်ရတနာပြပွဲတွေ ကျင်းပပေးတဲ့အတွက်  နိုင်ငံခြားဝင်ငွေ အများအပြားနဲ့ အခွန်အခတွေရရှိမှာဖြစ်ပြီး ပြည်သူလူထုအတွက် အကျိုးစီးပွားဖြစ်စေမယ့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတော်အတွက်သာမက ပြည်သူလူထုအတွက်ပါ များစွာအကျိုးရှိမှာဖြစ်ပါတယ်။ အခုကျင်းပတဲ့ပြပွဲမှာ ကျောက်မျက်အတွဲပေါင်း ၄၀၀၀ ကျော်လောက် ခင်းကျင်းပြသရောင်းချပေးမှာဖြစ်ပါတယ်။  အခုပြပွဲကိုပြည်တွင်းက  ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေ အများအပြား တက်ရောက်လာကြသလို ပြည်ပက  ကျောက်မျက်ရတနာလုပ်ငန်းရှင်  ၈၀၀  ကျော်လောက် တက်ရောက်လာကြပါတယ်။ တရုတ်နိုင်ငံကတော့ တက်ရောက်တဲ့လုပ်ငန်းရှင် ဦးရေအများဆုံးဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာနဲ့ရောင်းချပေးသလို မြန်မာကျပ်ငွေနဲ့လည်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဒေါ်သက်မှူးစံ မြတ်စံကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း

     ကချင်ပြည်နယ်   မြစ်ကြီးနားမြို့က လာရောက်ရောင်းချတာဖြစ်ပါတယ်။ မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ဒုတိယအကြိမ်မြောက် တက်ရောက်တာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ အခုလိုကျောက်မျက်ရတနာပြပွဲတွေ ကျင်းပပေးတဲ့အတွက် ကျွန်မတို့လို ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေအတွက် အများကြီးအကျိုးရှိပါတယ်။ နိုင်ငံတကာက ရတနာကုန်သည်တွေလည်း တက်ရောက်ကြတာဖြစ်တဲ့ အတွက် ကျွန်မတို့မြန်မာနိုင်ငံက ထွက်ရှိတဲ့အဖိုးတန် ကျောက်မျက်ရတနာတွေကို ကမ္ဘာက ပိုမိုသိရှိလာမှာဖြစ်ပါတယ်။ကျွန်မတို့မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မျက်ရတနာတွေကို   ကျွန်မတို့နိုင်ငံကထွက်တဲ့ ကျောက်မျက်ရတနာဆိုတာ ကမ္ဘာကသိမှဖြစ်မှာပါ။  ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့  မြန်မာနိုင်ငံက   ထွက်တဲ့ ကျောက်မျက်ရတနာ တချို့ဆိုရင်  အခုနောက်ပိုင်းမှာ  မြန်မာနိုင်ငံက ထွက်မှန်းတောင်မှ သိပ်မသိကြတော့ပါဘူး။ ဒါကြောင့် နိုင်ငံတော်က အခုလိုကျောက်မျက်ရတနာပြပွဲတွေကို ကျင်းပပေးတဲ့အတွက် ကျွန်မတို့နိုင်ငံရဲ့ အဖိုးတန်ကျောက်မျက်ရတနာတွေအကြောင်းကို ကမ္ဘာကပိုပြီး သိရှိလာမှာဖြစ်ပါတယ်။  ကျွန်မတို့အနေနဲ့ အခုပြပွဲမှာကျောက်စိမ်းနဲ့  မိုးကုတ်ကျောက်တွေနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို အစုံလိုက်ပါဝင် ခင်းကျင်းပြသ ရောင်းချမှာဖြစ်ပါတယ်။ ကျွန်မအသက်ကအခုမှ ၁၉ နှစ်ပဲ ရှိပါသေးတယ်။ အခုလိုခမ်းနားကြီးကျယ်တဲ့ ပွဲမျိုးကို တက်ရောက်ခွင့် ရလိမ့်မယ်လို့လည်း မထင်ထားခဲ့ပါဘူး။  ဒါပေမဲ့   အခုလို တက်ရောက်ရတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ အခုလိုအသက်အရွယ်နဲ့ အခုလိုပွဲမျိုးကို  တက်ရောက်ခွင့်ရတဲ့ အတွက်ကျောက်မျက်ရတနာ လုပ်ငန်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရပါတယ်။ ဒီပွဲကရရှိတဲ့အတွေ့အကြုံနဲ့  ဗဟုသုတတွေက ကျွန်မတို့လုပ်ငန်းကို    အခုထက်ပိုပြီး တိုးတက်အောင်မြင်အောင် လုပ်ဆောင်ဖို့အတွက် အများကြီးအကူအညီဖြစ်ပါတယ်။ကျွန်မအနေနဲ့   မြန်မာနိုင်ငံကထွက်တဲ့ အဖိုးတန်ကျောက်မျက် ရတနာတွေကို အခုထက်ပိုပြီး ကမ္ဘာကသိနိုင်ဖို့အတွက်လည်းတတ်စွမ်းသရွေ့ လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။     နောင်ကျင်းပမယ့် ကျောက်မျက်ရတနာပြပွဲတွေကိုလည်း ဆက်ပြီးတက်ရောက်နိုင်ဖို့အတွက် ရည်မှန်းထားပါတယ်။ ဒါမှလည်း ကျွန်မတို့လုပ်ငန်းအတွက် လိုအပ်တဲ့ အတွေ့အကြုံဗဟုသုတတွေ ပိုပြီးရမှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ အခုလိုကျောက်မျက်ရတနာ ပြပွဲတွေကို ခမ်းခမ်းနားနားနဲ့ စဉ်ဆက်မပြတ် ကျင်းပပေးနေတဲ့အတွက်လည်း ကျေးဇူးအရမ်းတင်ပါတယ်။   ပြည်တွင်းပြည်ပမှာရှိတဲ့

ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေအနေနဲ့လည်း နောင်ကျင်းပမယ့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွေကို တက်ရောက်ပြီး အဖိုးတန်မြန်မာ့ကျောက်မျက်ရတနာတွေကို လာရောက်လေ့လာ ကြည့်ရှုဝယ်ယူကြပါလို့   သတင်းစကားလေး ပါးချင်ပါတယ်ရှင့်။  ။        

ပြည့်ဖြိုး(မြဝတီ)