မိုးစပါးဆင်းဧကရီ(၃)မျိုးစေ့ထုတ်စံပြကွက် ခြွေလှေ့စက်ဖြင့်ရိတ်သိမ်း

ကာမိုင်း၊ စိုက်ပျိုးရေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ နန့်စီးအင်ကျေးရွာ တောင်သူ ဦးစန်းလှိုင်၏ လယ်မြေ၌ ကာမိုင်းမြို့ နယ် စိုက်ပျိုးရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများပူးပေါင်း၍ နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ပိုင်းတွင် မိုးစပါးဆင်းဧကရီ(၃)မျိုးစေ့ထုတ်စံပြကွက်အား ခြွေလှေ့စက်ဖြင့်ရိတ်သိမ်းကြောင်း သိရသည်။

ထိုသို့ စံပြကွက်ရိတ်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ၌  မြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်၊ စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးတင်အောင်မိုးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးစိုးစိုးထွန်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများပူးပေါင်း၍ တောင်သူဦးစန်းလှိုင်၏ လယ်မြေတွင်  RS to CS အဆင့်မြင့်စိုက်ပျိုးထားသော မိုးစပါးဆင်းဧကရီ(၃)မျိုးသန့်ကို ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။

အဆိုပါ မိုးစပါးဆင်းဧကရီ(၃)မျိုးစေ့ထုတ်စံပြကွက်ရိတ်သိမ်းရာတွင် သုည ဒသမ ၁၀၊ ၆၆ ပေပတ်လည် ရိတ်သိမ်းကြရာ တစ်ဧကလျှင်  စပါးအစို ၁၂၅ တင်းကျော်ထွက်ရှိကြောင်း၊ ခေတ်မီစပါးရိတ်သိမ်း ခြွေလှေ့စက် များအသုံးပြုလာကြမည်ဆိုပါက တောင်သူဦးကြီးများအနေဖြင့် သီးနှံအရည်အသွေးများ ကောင်းမွန်လာ စေခြင်း၊ သီးနှံအထွက်နှုန်းများ၊ အလေအလွင့်ဆုံးရှုံးမှုများ သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးတင်အောင်မိုးထံမှ သိရသည်။

 မောင်ပြုံးမြင့်(ဘီလူးမြို့)