(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ အခမ်းအနား တက်ရောက်လာကြသူများရဲ့ စကားသံများ

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ အခမ်းအနား တက်ရောက်လာကြသူများရဲ့ စကားသံများကို ဖော်ပြလိုက်ရပါတယ် -

ဦးစန်းကို (ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး)     

    (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ  ကရင်ပြည်နယ် တိုင်းရင်းသားရေးရာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ  ပါဝင်ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့အဖွဲ့က ဒီနှစ်ပြိုင်ပွဲမှာ ဇာတ်တော်ကြီးကလွဲလို့  ကျန်တဲ့ပြိုင်ပွဲအားလုံးကို ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။  ပြိုင်ပွဲမှာ အဖွဲ့ဝင်အားလုံး ၁၇၄ ယောက် ပါဝင်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးက  ၁၉၉၃ ခုနှစ် ကတည်းက စတင်ကျင်းပ လာခဲ့တာဖြစ်တယ်။   အခုဆိုရင်  (၂၄)ကြိမ်မြောက် ရောက်သည်အထိ ပြိုင်ပွဲကြီးကို ကျင်းပလာနိုင်ခဲ့ပြီဖြစ်တယ်။ ပြောရရင် ကြွေသွားတဲ့ သစ်ရွက်တွေရဲ့နေရာမှာ  အသစ်အသစ်သော သစ်ရွက်တွေ  ထွက်လာသလိုပါပဲ။

အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပပေးခြင်းအားဖြင့် အနုပညာရှင်မျိုးဆက်သစ်၊ ရွက်ပုန်းသီးမျိုးဆက်သစ် လူငယ်တွေ ပေါ်ထွန်းလာမယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို   နှစ်စဉ်ကျင်းပပေးသင့်ပါတယ်။  ဒီလိုကျင်းပပေးခြင်းအားဖြင့် ကောင်းမွန်တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို လက်ဆင့်ကမ်း အမွေဆက်ခံတယ်လို့လည်း မြင်ပါတယ်။ နိုင်ငံတော်အဆင့်ဖြစ်ပြီး  နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးတဲ့အတွက်ဝမ်းသာဂုဏ်ယူမိပါတယ်။

ဒေါ်ထား(ခေတ်ဟောင်း/ကာလပေါ်) အကဲဖြတ်ပညာရှင်

    အန်တီက (ခေတ်ဟောင်း/ကာလပေါ်) အကဲဖြတ်အဖွဲ့မှာ ပါဝင်ပါတယ်။ အကဲဖြတ် စည်းမျဉ်းများကတော့ ပင်ကိုအသံကောင်းခြင်း၊ စည်းဝါးပိုင်နိုင်ခြင်း၊ ပရိသတ်အပေါ် စွဲဆောင်မှုရှိအောင်ဆိုနိုင်ခြင်း၊ သီချင်းကို ရသပေါ်လွင်အောင်သီဆိုခြင်း အစရှိတဲ့ အားလုံးအပေါ် မူတည်ပြီး  အကဲဖြတ်ပေးပါတယ်။  အခုလို နိုင်ငံတော်အစိုးရက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို (၂၄) ကြိမ်မြောက်အောင်  ဆက်လက်ကျင်းပပေးတဲ့ အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့  အနုပညာရှင်တွေ၊ ဂီတပညာရှင်တွေနဲ့ အချင်းချင်း ပညာရပ်တွေကို ဖလှယ်ခွင့်ရတယ်။ တွေ့ခွင့်ရတဲ့ပွဲလည်းဖြစ်တယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေကို  ပျိုးထောင်ပေးတဲ့ ပြိုင်ပွဲကြီးလည်းဖြစ်တယ်။   အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးက အန်တီတို့ရဲ့ အသက်လို့ပြောလို့ရပါတယ်။ အဆို၊ အက၊ အရေး၊ အတီးမရှိရင်  အန်တီတို့မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုတွေ ပျောက်ကုန်မယ်။  အဆို၊ အက၊ အရေး၊ အတီးက အန်တီတို့ရဲ့ မြန်မာ့ယဉ်ကျေးမှုကို အခြေခံတာဖြစ်တယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပနိုင်ဖို့ အတွက်လည်း ကြိုဆိုပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်လူငယ်တွေ ပိုမိုပါဝင်ယှဉ်ပြိုင် လာကြတဲ့အပေါ်မှာ သိပ်ကျေနပ်ပါတယ်။ လက်ရှိမှာပညာရှင်တွေက ရှားပါးလာပြီ။  ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊   ကိုယ့်ဘာသာက အလွန်အရေးကြီးတယ်။ ဒါကြောင့် ကိုယ့်အမွေအနှစ်တွေကို   မပျောက်ပျက်အောင်နဲ့   တိုးတက်ရှင်သန်အောင် စဉ်ဆက်မပြတ် ဖန်တီးကြဖို့ မျိုးဆက်သစ် လူငယ်တွေကို   တိုက်တွန်းချင်ပါတယ်။ လူငယ်တွေကိုလည်း   ကိုယ့်တိုင်းပြည်ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက်အောင် လက်ဆင့်ကမ်းသယ်ဆောင် ထိန်းသိမ်းပေးကြပါလို့ ပြောချင်ပါတယ်။

ဒေါ်ခင်အေးချို(ရခိုင်ပြည်နယ် - (အက) နည်းပြ)

    ကျွန်မက ရခိုင်ပြည်နယ် ကိုယ်စားပြုအဖွဲ့မှာ အကနည်းပြအဖြစ် ပါဝင်ဆောင်ရွက်ပါတယ်။ ကျွန်မတို့အဖွဲ့က(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင် ၉၆ ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ၉၆ ဦးမှာ ကဗျာလွတ်အက၊  ရခိုင်ကျေးလက်၊ ရခိုင်တိုင်းရင်းသား ရိုးရာအက အစရှိတဲ့ အကတွေလည်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မေဂျာအလိုက် ဘာသာရပ် ၂၀ ကျော်ပါဝင်ပါတယ်။ ယခင်နှစ်ကလည်း ကျွန်မတို့အဖွဲ့က ယိမ်းအကတွေ၊ ကဗျာလွတ်အကတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ပြိုင်ပွဲဝင်ဖို့အတွက် ကလေးတွေကို အောက်တိုဘာလ ၃ ရက်မှာ စခန်းသွင်း လေ့ကျင့်ပေးထားပါတယ်။ လေ့ကျင့်ရက် နည်းပေမယ့်   ကလေးတွေကလည်း တော်တော်ကြိုးစားကြပါတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပပေးတဲ့အတွက် ကောင်းပါတယ်။

    ကျွန်မတို့က တိုင်းရင်းသားဆိုတော့ တခြားတိုင်းရင်းသား ရိုးရာတွေကိုလည်း ပိုမိုသိရှိလေ့လာခွင့်ရပါတယ်။ မျိုးဆက်သစ်လူငယ်တွေကိုလည်း အနုပညာ၊ မြန်မာ့ယဉ်ကျေးမှုတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရာလည်း ရောက်အောင် ပွဲထုတ်ပေးတဲ့ပြိုင်ပွဲကြီးလို့မြင်ပါတယ်။   အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ နောင်အလားအလာရှိတဲ့ မျိုးဆက်သစ် အနုပညာရှင်များပေါ် ထွန်းလာပါစေ။  (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်  နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဂုဏ်ပြုပေးတဲ့ အတွက်လည်း ဝမ်းသာဂုဏ်ယူပါတယ်။ ပြိုင်ပွဲကြီးကိုလည်း   နှစ်စဉ်ကျင်းပစေချင်ပါတယ်။ ဒါမှသာ မြန်မာမှုရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ပျက်မှာဖြစ်ပါတယ်။   အားကစားဖြစ်ဖြစ်၊   အနုပညာဖြစ်ဖြစ် ဘယ်ပညာရပ်မဆို   သင်ယူစရာတွေက အများကြီးရှိတယ်။ မိမိဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင် လုပ်ပါလို့ ပြောချင်ပါတယ်။

ဝိုင်းလမင်းအောင် (အဆိုတော်)

    ကျွန်တော့် အနေနဲ့ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ဖွင့်ပွဲသီချင်းအနေနဲ့ ဖျော်ဖြေရေးအပိုင်းမှာ သီဆိုပါဝင်ပါတယ်။ ဗဟိုအဆင့်မရောက်ခင်က ရန်ကုန်တိုင်းအနေနဲ့ ဖျော်ဖြေဧည့်ခံမှုမှာလည်း ပါဝင်ခဲ့ပါတယ်။ ကျွန်တော်က ယခင် (၁၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကနေစပြီးတော့ (၂၁)ကြိမ်မြောက်အထိ ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးပါတယ်။

အဲဒီမှာ အဆို (မဟာဂီတ/ကာလပေါ်)၊ အတီးတွေမှာဆို စောင်း၊ တယော စတာတွေကို  ကျွန်တော်ဝင်ပြိုင်ခဲ့ဖူးပါတယ်။  ကျွန်တော်ဆိုရင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကြောင့်  လူသိများလာခဲ့တယ်။ အများပြည်သူရှေ့မှာ ဖျော်ဖြေနိုင်တဲ့ တေးသံရှင်အဖြစ် ရောက်ရှိခဲ့တာဖြစ်တယ်။ ဒါကြောင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲက ကျွန်တော့်အတွက်  ကျေးဇူးရှိပါတယ်။ တစိုက်မတ်မတ် လုပ်မယ်ဆိုရင် ပရိသတ်ရှေ့မှာ ဖျော်ဖြေသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ကိုယ်တိုင်မပြိုင်ဖြစ်ပေမယ့်လည်း သူများတွေ ယှဉ်ပြိုင်တာကိုမြင်ရတော့ စိတ်ထဲမှာဝမ်းသာပီတိဖြစ်မိပါတယ်။ မြန်မာ့ ဂီတကို  မြှင့်တင်ပေးတဲ့ ပွဲကြီးဖြစ်တဲ့အတွက်ကြောင့်   မြန်မာ့ရိုးရာယဉ်ကျေးမှုလည်း

အဓွန့်ရှည်တည်တံ့ပါစေလို့ ဆုတောင်းပေးပါတယ်။   ပြိုင်ပွဲမှာ ကိုယ့်ရဲ့မြန်မာမှု၊ ယဉ်ကျေးမှုအမွေအနှစ်ကို   ထိန်းသိမ်းချစ်မြတ်နိုးတဲ့ စိတ်ထားနဲ့  ပါဝင်ယှဉ်ပြိုင်ကြတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒါကလည်း ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက် ပါတယ်။ ဒီလိုပြိုင်ပွဲကြီးကနေ အတွေ့အကြုံတွေကိုရယူပြီး ရိုးရာအမွေကို ထိန်းသိမ်းကြပါလို့ မျိုးဆက်သစ်မောင်မယ်တွေကို ပြောချင်ပါတယ်။ လူငယ်တွေက မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို  သိတာနည်းပါးတဲ့အတွက် ထိန်းသိမ်းဖို့၊ လေ့လာဖို့၊ သိဖို့အတွက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို    နှစ်စဉ်ကျင်းပပေးနိုင်ဖို့ ပြောချင်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကိုလည်း  နှစ်စဉ်မပြတ် ကျင်းပနိုင်ဖို့အတွက်လည်း အားပေးပါတယ်။

မောင်ဝင်းဗိုလ်(တစ်ပင်တိုင်အကပြိုင်ပွဲဝင်)

    ကျွန်တော်ကတော့   ရှမ်းပြည်နယ် ကိုယ်စားပြု လာရောက်ယှဉ်ပြိုင်တာပဲဖြစ်ပါတယ်။  ကျွန်တော်တို့  ရှမ်းပြည်နယ် ကိုယ်စားပြုအနေနဲ့  ကဏ္ဍပေါင်းစုံမှာ ပြိုင်ပွဲဝင် ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။  ကျွန်တော်ကတော့ တစ်ပင်တိုင်အကနဲ့  ပါဝင်ယှဉ်ပြိုင်မှာပါ။

ကျွန်တော့်အနေနဲ့ ခရိုင်အဆင့်၊ ပြည်နယ် အဆင့်တွေမှာ ပထမဆုရအောင် ကြိုးစားယှဉ်ပြိုင်ခဲ့လို့ အခုလိုဗဟိုအဆင့်အထိ ပါဝင်ခွင့်ရခဲ့တာပါ။ အခုလိုဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ကျွန်တော့်အနေနဲ့ ပြိုင်ပွဲမတိုင်မီ တစ်လကျော်လောက်ကတည်းက  အချိန်ယူပြီး  သေသေချာချာ လေ့ကျင့်ခဲ့ပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ ဒီပြိုင်ပွဲကြီးကို ကျင်းပလာတာ  အခုဆိုရင် (၂၄) ကြိမ်တိုင်ခဲ့ပါပြီ။ ကျွန်တော့်အနေနဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂၀၀၅ ခုနှစ်ကတည်းကစပြီး  ပြိုင်ပွဲဝင်ခဲ့တာပါ။ တစ်ပင်တိုင်အကဆိုတာ စည်းချက်ဝါးချက် ညီညီနဲ့ကရတဲ့ အကတစ်မျိုးပါ။ ကျွန်တော့်အနေနဲ့ လေးနိုင်ငံ ချစ်ကြည်ရေးပြိုင်ပွဲတွေကို လာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံမှာ   သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ပြိုင်ပွဲအတွေ့အကြုံ တွေလည်း ရခဲ့သလို ကိုယ့်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ချပြခွင့်လည်း ရခဲ့ပါတယ်။ အခုပြိုင်ပွဲမှာလည်း ကျွန်တော့်အနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားပါမယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရင်း မျိုးဆက်သစ်ညီငယ်၊ ညီမငယ်တွေကိုလည်း အတတ်နိုင်ဆုံး လက်ဆင့်ကမ်း အမွေပေးသွားပါ့မယ်ခင်ဗျာ။

လဲ့ရည်လှိုင်