သူမတူတဲ့ စွမ်းဆောင်ရည်များနဲ့ တိုယိုတာရဲ့ EV များ

သူမတူတဲ့ စွမ်းဆောင်ရည်များနဲ့ တိုယိုတာရဲ့ EV များ

 

    တိုယိုတာကုမ္ပဏီကတော့ ဘက်ထရီ လျှပ်စစ်ယာဉ်ဈေးကွက်မှာ လက်ဦးမှုရယူနိုင်ရေးအတွက် နောက်ထပ်ခြေလှမ်းအသစ်များစွာကို လျှောက်လှမ်းလာတာ တွေ့ရပါတယ်။

အထူးသဖြင့် ယနေ့နာမည်ကြီးနေတဲ့ တက်စလာတို့၊  ဂျင်နရယ်မော်တော်တို့လိုမျိုး အမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်ပြီး လျှပ်စစ်ကားဈေးကွက်မှာ နေရာတစ်ခုကို ခိုင်မာစွာရရှိစေရေး အတွက်ပါ။

ဒါနဲ့ပတ်သက်ပြီး တိုယိုတာ ကုမ္ပဏီက ဒီနှစ်ဇူလိုင်လမှာ   သူ့ရဲ့လျှပ်စစ်ယာဉ် လမ်းပြမြေပုံကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲ မှာ မိုင်ပေါင်း ၆၂၁ မိုင်အထိ ခရီးနှင်နိုင်တဲ့ လျှပ်စစ်ကားများလည်း ပါဝင်ပါတယ်။

အခုတော့ တိုယိုတာက သူတို့ရဲ့မျှော်မှန်းချက်အတွက် တစ်စိတ်တစ်ဒေသ အနေနဲ့ Land Cruiser SE နဲ့ EPU Pickup  တို့ကို ထုတ်ဖော်ပြသလိုက်ပါပြီ။ နှစ်မျိုးစလုံးက လျှပ်စစ်ယာဉ်ပါ။ ဒါပေမဲ့ လက်ရှိမှာ အယူအဆအဆင့်မှာပဲ ရှိပါသေးတယ်။

Land Cruiser ဆိုတာ တိုယိုတာရဲ့ နာမည်ကျော် ကားအမျိုးအစားပါ။ သူ့ကိုမသိတဲ့သူ မရှိပါဘူး။ အခုတော့ ခုံသုံးတန်း ပါဝင်တဲ့ Land Cruiser ကို လျှပ်စစ်ယာဉ်အဖြစ်နဲ့  ထုတ်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

တိုယိုတာက လျှပ်စစ်ကားအမျိုးအစားကို  ထုတ်လုပ်ခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပါ။ အားလုံးလည်းသိကြ မယ်ထင်ပါတယ်။ လက်ရှိကားဈေးကွက်မှာလည်း တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်နေပါပြီ။ သူကတော့ bZ4X ပါ။

လက်ရှိမှာတော့ တိုယိုတာက သူတို့ရဲ့ မျိုးဆက်သစ်လျှပ်စစ်သုံး ယာဉ်ဟာ ၂၀၃၀ ပြည့်နှစ်အရောက်မှာ အစီးရေသုံးသန်းခွဲအထိ  ရောင်းချနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

အခုစိတ်ကူးနဲ့ဖန်တီးထားတဲ့  Land Cruiser   SE     ဒီဇိုင်းက တစ်မူကွဲပြားတဲ့ အသွင်အပြင်နဲ့ ထွက်ပေါ်လာတာပါ။

ရှေ့ဘောနပ်ပိုင်းဆိုရင် တော်တော်လေး ရှည်ပါတယ်။

SE အမျိုးအစားမှာ  ဘီးတစ်လုံးနဲ့ တစ်လုံးကြား အကွာအဝေးက ၃၀၅၀ မီလီမီတာရှိတာကြောင့် ၂၈၄၄ မီလီမီတာသာရှိတဲ့  ၂၀၂၄  ခုနှစ်ထုတ်  ရိုးရိုး Land Cruiser ထက် အလျားပိုရှည်ပါတယ်။

ကားတစ်စီးလုံးရဲ့ အလျားက ၅၁၅၀ မီလီမီတာ၊ ဗြက်က ၁၉၉၀ မီလီမီတာနဲ့ အမြင့်က ၁၇၀၅ မီလီမီတာစီရှိပါတယ်။ ဒါကြောင့်  ကြည့်လိုက်မယ်ဆိုရင် ခံ့ညားထည်ဝါလှတဲ့ အသွင်အပြင်ကိုဆောင်နေတဲ့အတွက် ဒီဇိုင်းပိုင်းမှာတော့ ရိုးရိုး Land Cruiserတွေကို ယှဉ်နိုင်မှာ အမှန်ပါပဲ။

စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်ပြီး တိုယိုတာက အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေမယ့်  သူ့ရဲ့ဆွဲအားနဲ့ရုန်းအားက တခြားလျှပ်စစ်ကားများထက် တစ်မူထူးခြားနေရစေမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ထိန်းချုပ်ရလွယ်ကူစေပြီး ကြမ်းတမ်းတဲ့မြေပြင်တွေမှာ အလွယ်တကူ သွားလာနိုင်စေမယ်လို့လည်း ပြောထားပါသေးတယ်။

နောက်တစ်ခုက လျှပ်စစ်ကားများရဲ့  အားသာချက်ဖြစ်တဲ့ အင်ဂျင်သံမကြားရခြင်းကြောင့် ကားအတွင်းပိုင်းမှာ တိတ်ဆိတ်ငြိမ်သက်မှုနဲ့အတူ သက်သောင့်သက်သာ ဖြစ်မှုကိုဖန်တီးပေးနိုင်မှာပါ။

Land Cruiser SE  နဲ့အတူ တိုယိုတာက   နောက်ထပ်ထုတ်ဖော် ပြသလိုက်တဲ့ ကားအမျိုးအစားက  ဏငခုကစ ကားအမျိုးအစားဖြစ်ပါတယ်။ သူသည်လည်း လျှပ်စစ်သုံးကားပါ။

တံခါးလေးပေါက်ပါ Pickup ကလည်း အလျားအားဖြင့် ၅၀၇၀ မီလီမီတာ၊ ဗြက် ၁၉၁၀ မီလီမီတာနဲ့ အမြင့် ၁၇၁၀ မီလီ မီတာရှိပါတယ်။ ဘီးတစ်လုံးနဲ့တစ်လုံးကြား အကွာအဝေးက ၃၃၅၀  မီလီမီတာပါ။

သူ့ကိုဖန်တီးထားတဲ့ဒီဇိုင်းက ဗဟိုခွာအားနည်းပါးစေတဲ့   ဒီဇိုင်းဖြစ်တဲ့အတွက် အကောင်းဆုံးသော တည်ငြိမ်စွာ ထိန်းချုပ်မှုနဲ့ သက်သောင့်သက်သာဖြစ်မှုကို ဖန်တီးပေးမယ်လို့ တိုယိုတာက ဆိုထားပါတယ်။

တိုယိုတာက မော်တော်ကားတွေအပြင် တစ်ကိုယ်ရေသုံး  သယ်ယူပို့ဆောင်ရေး ယာဉ်အမျိုးအစားများကိုလည်း ထုတ်ဖော်ပြသလိုက်ပါသေးတယ်။

ပထမတစ်ခုက ရှေ့နှစ်ဘီး၊ နောက်တစ်ဘီးနဲ့  ဘီးသုံးလုံးပါ ယာဉ်မျိုးဖြစ်ပြီး အလွယ်တကူ ခေါက်သိမ်းနိုင်တဲ့အတွက် ကားနောက်ခန်းထဲမှာ ထည့်ပြီး သယ်သွားနိုင်ပါတယ်။

သူ့ကိုတော့  Land   Hopper  လို့နာမည်ပေးထားပါတယ်။ Land   Hopperကိုမောင်းနှင်မယ်ဆိုရင် ယာဉ်မောင်းလိုင်စင်တွေ တကူးတက မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်  သူ့ရဲ့ပုံစံက  စက်ဘီးတစ်စီးလို ဖြစ်နေလို့ပါပဲ။

ဒုတိယတစ်ခုက လျှပ်စစ်ဘီးတပ်ကုလား ထိုင်ပုံစံမျိုးပါ။  နာမည်ကိုတော့ JUUလို့ ပေးထားပါတယ်။   သမားရိုးကျ ဘီးတပ်ကုလားထိုင်တော့ မဟုတ်ပါဘူး။ လှေကားတွေကိုလည်း  တက်နိုင်ဆင်းနိုင်တဲ့ ဘီးတပ်ကုလားထိုင်ဖြစ်ပါတယ်။  အဓိကကတော့ ခြေထောက်မသန်သူတွေ၊   ကိုယ်အင်္ဂါချို့တဲ့သူတွေအတွက် ဖန်တီးထားတာပါ။

JUU  မှာ မောင်းနှင်မှုစနစ်အတွက် မော်တော်ကားတွေမှာ အသုံးပြုထားတဲ့ မောင်းနှင်မှုစနစ်ကိုပဲ အသုံးပြုထားတာဖြစ်တယ်လို့ တိုယိုတာက ဆိုပါတယ်။

ဒါမှသာလျှင် JUU က သက်သောင့်သက်သာဖြစ်စေတဲ့    အနေအထားကို ဟန်ချက်ညီ ထိန်းညှိပေးနိုင်မှာဖြစ်ပြီး ၁၆ စင်တီမီတာအမြင့်ရှိတဲ့ လှေကားထစ်တွေကိုလည်း တက်နိုင်မှာဖြစ်ပါတယ်။

တိုယိုတာက နောက်ထပ်ထုတ်ဖော်ပြသလိုက်တဲ့ စိတ်ကူးတစ်ခုကတော့ Neo Steer လို့ခေါ်တဲ့   စတီယာရင်ပုံစံ အမျိုးအစားအသစ်ဖြစ်ပါတယ်။

သူ့ပုံစံက မော်တော်ဆိုင်ကယ်တွေမှာပါတဲ့ လက်ကိုင်တွေကို ပုံစံတူယူထားတာပါ။ ဘရိတ်နဲ့လီဗာတွေကို စတီယာရင်မှာ ထည့်သွင်းပေးထားပါတယ်။

နောက်ပိုင်းမှာ   ကားတွေက ခြေနင်းတွေ မပါဝင်လာတော့မယ့် အချိန်မှာ Neo Steer လို့ခေါ်တဲ့  စတီယာရင်တွေက အစားထိုး နေရာယူလာနိုင်ဖွယ်ရှိပါတယ်။

ဒီစတီယာရင်ကို ဖန်တီးရခြင်းရဲ့ အဓိကရည်ရွယ်ချက်က  ခန္ဓာကိုယ်အောက်ပိုင်း မသန်တဲ့သူတွေ  ယာဉ်မောင်းနှင်ရာမှာ အဆင်ပြေလွယ်ကူစေဖို့နဲ့  ဘေးကင်းစေဖို့ အတွက်ပါပဲ။

တိုယိုတာက ၁၀ မိနစ်အားသွင်းရုံနဲ့ မိုင်ပေါင်း ၆၂၁ မိုင်အထိ သွားနိုင်စွမ်းရှိစေမယ့် ဘက်ထရီများနဲ့ လျှပ်စစ်ကားများကို ထုတ်လုပ်ဖို့ ကတိပြုထားပါတယ်။

ဒါကြောင့် မကြာခင် ကျင်းပတော့မယ့် Japan Mobility Show ဆိုတဲ့ မော်တော်ကားပြပွဲမှာ တိုယိုတာအနေနဲ့ သူကတိပေးထားတဲ့ နည်းပညာအသစ်တွေကို ထုတ်ဖော်ပြသနိုင်တော့မလား ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: IE