တိုင်းတစ်ပါးယဉ်ကျေးမှုတွေ အရိုးပေါ်အရွက်မဖုံးရလေအောင် ခေတ်ရေစီးကြောင်းကို လိုက်လျောညီထွေစွာ နေထိုင်ကြပြီး ကိုယ့်ယဉ်ကျေးမှုကိုလည်း မမေ့မပျောက်အောင် ထိန်းသိမ်းရမယ့်တာဝန်ကလည်း လူငယ်တိုင်းမှာ ရှိတယ်ဆိုတာ မမေ့ကြဖို့လိုပါတယ်။

 

တိုင်းတစ်ပါးယဉ်ကျေးမှုတွေ အရိုးပေါ်အရွက်မဖုံးရလေအောင် ခေတ်ရေစီးကြောင်းကို လိုက်လျောညီထွေစွာ နေထိုင်ကြပြီး ကိုယ့်ယဉ်ကျေးမှုကိုလည်း မမေ့မပျောက်အောင် ထိန်းသိမ်းရမယ့်တာဝန်ကလည်း လူငယ်တိုင်းမှာ ရှိတယ်ဆိုတာ မမေ့ကြဖို့လိုပါတယ်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်များ၊ ပြိုင်ပွဲဝင်များ၏ ဝမ်းမြောက်စွာပြောကြားသည့်စကားသံများကိုလည်း ပြန်လည်မျှဝေလိုက်ရပါသည်-

ဦးဌေးအောင်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ရန်ကုန်တိုင်းပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ

ဥက္ကဋ္ဌ

လက်ရှိကျင်းပနေတဲ့ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲကို   နိုင်ငံတော်အကြီးအကဲကနေ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေမပျောက်ပျက်အောင် အဓိကရည်ရွယ်ပြီး ကျင်းပတဲ့    ပြိုင်ပွဲကြီးဖြစ်ပါတယ်။  ကျွန်တော်တို့ ရန်ကုန်တိုင်းအနေနဲ့လည်း နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင်လာခဲ့တာ ၂၄ နှစ် အထိရောက်ရှိခဲ့ပါပြီ။ ဒီနှစ်(၂၄)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ရန်ကုန်တိုင်းအနေနဲ့ ဘာသာရပ်အားလုံးကို ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မှုအနေနဲ့ အဆိုမှာ ၂၄ ဦး၊ အကမှာ ၁၄၆ ဦး၊ အရေးမှာ လေးဦး၊ အတီးမှာ ၂၁၄ ဦး စုစုပေါင်း ၃၈၈ ဦးဟာ ဘာသာရပ်အားလုံးမှာ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း ၅ နှစ် ၁၀ နှစ်ကလေးကနေ ဝါသနာရှင် ပထမတန်းအထိ အသက်အရွယ်မျိုးစုံနဲ့ မျိုးဆက်သစ်လူငယ်လေးတွေပါသလို ရွက်ပုန်းသီးပညာရှင်တွေလည်း အများကြီးပါဝင်ပါတယ်။ ရန်ကုန်တိုင်းအနေနဲ့ ယမန်နှစ်ကလည်း ရွှေတံဆိပ် ၇၉ ဆုနဲ့ ပထမရရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ယမန်နှစ်က အလားတူ ရွှေတံဆိပ်တွေ ရရှိဖို့အတွက် လေ့ကျင့်ရေးစခန်းတွေဝင်တာတွေ၊ မြို့နယ်၊ ခရိုင်၊ တိုင်းအသီးသီးကနေ  ပထမရတဲ့သူတွေရွေးချယ်ခဲ့တာတွေကို သေချာစိစစ်ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်မှုတွေကို   သေချာပြင်ဆင်လာခဲ့ပါတယ်။   ဒီနှစ်ပြိုင်ပွဲကြီးမှာ ဘာသာရပ်အားလုံးပါဝင်ယှဉ်ပြိုင်တဲ့နေရာမှာ မနေ့ညကပဲ မဟော်သဓာဇာတ်တော်ကြီးကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ပါတယ်။   ရုပ်စုံသဘင်၊ ရှမ်းယိမ်းအပါအဝင်  ပြိုင်ပွဲအားလုံးကို ကြိုးစားပြီး   ဆောင်ရွက်ထားကြောင်း ပြောကြားလိုပါတယ်။

မောင်မင်းမျိုးရာဇာ၊ အခြေခံပညာအဆင့်

(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)

ခေတ်ဟောင်းကာလပေါ် (အဆို)ပြိုင်ပွဲ

ပဲခူးတိုင်းဒေသကြီးကနေ လာရောက်ယှဉ်ပြိုင်တာပါ။ လေ့ကျင့်ချိန်အနေနဲ့က အချိန်နှစ်လလောက် ဆရာတွေနဲ့ လေ့ကျင့်ခဲ့ရပါတယ်။ ပြိုင်ပွဲမှာ မဲကျတာကတော့ ဘဘကြီး ရွှေတိုင်ညွန့်ရဲ့ အရွယ်သုံးပါး ခေတ်ဟောင်း   ကာလပေါ်သီချင်းနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ ယဉ်ကျေးမှုဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ပြယုဂ်တစ်ခုပါ။  အခုလို   မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက်    မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုဖြစ်နေတဲ့ ရိုးရာယဉ်ကျေးမှုတွေ ပြန်လည်အသက်သွင်းဖော်ဆောင်နိုင်တဲ့အပြင်    ရိုးရာအမွေဆို တာကလည်း ကျွန်တော်တို့လို လူငယ်တွေအနေနဲ့ ကိုယ်တိုင်ထိန်းသိမ်းမှသာ   မပျောက်မပျက်တည်ရှိနိုင်မှာ ဖြစ်ပါတယ်။ အခုလို ပွဲတွေကို ကျင်းပပေးတဲ့အတွက်လည်း   အထူးကျေးဇူးတင်ပါတယ်။  ရိုးရာအမွေ ဆိုတာကလည်း လက်ဆင့်ကမ်းထိန်းသိမ်းရမှာကလည်း ကျွန်တော်တို့လို လူငယ်တွေမှာ အများကြီး တာဝန်ရှိတယ်လို့ မြင်မိပါတယ်။

ဒါကြောင့် နောင်နှစ်တွေမှာလည်း အခုလို မျိုးပြိုင်ပွဲတွေကို  လာရောက်ယှဉ်ပြိုင်ကြပါလို့ဖိတ်ခေါ်ချင်ပါတယ်။

မောင်ဆန်းနေအောင်၊ ဝါသနာရှင် ပထမတန်း၊

(အက)ပြိုင်ပွဲ

ယခင်နှစ်ပြိုင်ပွဲမှာကတော့ တတိယဆုရရှိခဲ့ပါတယ်။ မြန်မာ့ရိုးရာအကအလှကို မြတ်နိုးတန်ဖိုးထားတဲ့အတွက်  ရန်ကုန်ပန်တျာကျောင်းမှာ တက်ရောက်သင်ကြားခဲ့ပါတယ်။ ယနေ့ခေတ်လူငယ်ပိုင်းတွေက ခေတ်နဲ့ လိုက်လျောညီထွေစွာ ဖြတ်သန်းတဲ့ လူငယ်တွေက များလာပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုတွေ ဖုံးလွှမ်းသွားမှာကို စိုးရိမ်လာရတဲ့အဆင့်ဖြစ်လာပါတယ်။ နိုင်ငံတော်အနေနဲ့ အခုလို မြန်မာ့ရိုးရာကို  ထိန်းသိမ်းတဲ့အနေနဲ့  ဆိုကရေးတီးပြိုင်ပွဲ နောက်ပိုင်း ဇာတ်တော်ကြီးတွေပါမကျန် ကျင်းပပေးတဲ့ အတွက်ကြောင့် ကျေးဇူးတင်လို့မဆုံးပါဘူး။ နှစ်စဉ်နှစ်တိုင်းပြုလုပ်ပေးတဲ့အတွက်     မြန်မာ့ရိုးရာယဉ်ကျေးမှုကို  လေ့လာလိုက်စားဝါသနာပါတဲ့လူငယ်တွေ များများပေါ်ထွန်းလာလေ့ရှိပါတယ်။

ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ    ဆိုကရေးတီးပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြတဲ့      လူငယ်တွေ အတွက်ကတော့  အများကြီးအကျိုးရှိပါတယ်။    အခုမှလာရောက်ယှဉ်ပြိုင်တဲ့ လူငယ်တွေအတွက်ကတော့ အောင်မြင်ခြင်းလမ်းစတစ်ခုပါ။

ဆုတွေရခဲ့ရင်လည်း ဘဝမှတ်တိုင်တစ်ခုလို့ပြောလိုပါတယ်။ ကျွန်တော်တို့အတွက်ကျတော့  ဒီလိုပြိုင်ပွဲတွေ ပြိုင်လာတာနဲ့အမျှ  အတွေ့အကြုံတွေ   အများကြီးရပါတယ်။ ဆုရသည်မရသည်က အဓိကမဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ ရိုးရာယဉ်ကျေးမှုကိုယ်စီရှိကြပါတယ်။    ကိုယ့်နိုင်ငံမှာ  တိုင်းတစ်ပါးယဉ်ကျေးမှုတွေ အရိုးပေါ်အရွက်မဖုံးရလေအောင် ခေတ်ရေစီးကြောင်းကို  လိုက်လျောညီထွေစွာ နေထိုင်ကြပြီး ကိုယ့်ယဉ်ကျေးမှု ကိုလည်း မမေ့မပျောက်အောင်   ထိန်းသိမ်းရမယ့်   တာဝန်ကလည်း  လူငယ်တိုင်းမှာရှိတယ်ဆိုတာ မမေ့ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

ဝင်းညီညီထွန်း (ဝါသနာရှင်အဆင့်၊

ဒုတိယတန်းအိုးစည် (အတီး)ပြိုင်ပွဲ

ပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီးကနေ လာရောက်ယှဉ်ပြိုင်တာပါ။ ကျွန်တော်တို့ အနေနဲ့ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အချိန်တစ်လကျော်လောက် နည်းပြ တွေရဲ့သင်ကြားပေးမှု    သေချာလေ့လာ ပြင်ဆင်ခဲ့ရပါတယ်။ အခုလိုဗဟိုအဆင့်ပြိုင်ပွဲဆိုတာက ပြည်နယ်နှင့်တိုင်းဒေသကြီးက အကောင်းဆုံးတွေ လာရောက်ယှဉ်ပြိုင် တာဖြစ်တဲ့အတွက် အတော်ကြိုးစားယှဉ်ပြိုင်ခဲ့ရပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုဆို တာက အတော်နက်ရှိုင်းတဲ့ပညာရပ်ဖြစ်တဲ့အတွက် လေ့လာလို့မကုန်နိုင်ပါဘူး။ အခုလို (၂၄)ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲကျင်းပပေးတဲ့အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ယနေ့ခေတ်လူငယ်တွေ ထိန်းသိမ်းရမယ့်တာဝန်ဖြစ်ပြီး ပြိုင်ပွဲမှာ အိုးစည်အတီးပြိုင်ပွဲတွေ   ထည့်သွင်းကျင်းပပေးပြီး  မြေတောင်မြှောက်ပေးတဲ့ အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။

မဝေလျံလင်း၊ အခြေခံပညာအဆင့်

(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)

စောင်း(အတီး)ပြိုင်ပွဲ

ရန်ကုန်တိုင်းကိုယ်စားပြုပြီး လာရောက်ယှဉ်ပြိုင်တာပါ။      (၂၄)ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ဖို့အတွက် အချိန် ခုနစ်လလောက်အချိန်ယူ လေ့ကျင့်ပြင်ဆင်ရပါတယ်။ စောင်းတူရိယာက မြန်မာ့ဂီတတွင် အမြတ်တနိုးသုံးသော ကြိုးတပ်တူရိယာပစ္စည်းတစ်ခုဖြစ်ပါတယ်။

မြန်မာတို့ရဲ့  ကိုယ်ပိုင်ရိုးရာတူရိယာပါ။

အခုလို ဆိုကရေးတီးပြိုင်ပွဲတွေမှာ မြန်မာ့ရိုးရာအမွေအနှစ်ထဲက ပျောက်ကွယ်လုဖြစ်နေတဲ့ ရိုးရာတူရိယာတွေကို ပြန်လည်ဖော်ထုတ်ထည့်သွင်း ကျင်းပပေးတဲ့အတွက် တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ယခင်နှစ် (၂၃)ကြိမ်မြောက် ဆို က ရေး တီးပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့ပါတယ်။အခု (၂၄)ကြိမ်မြောက် ဆို က ရေး တီး ပြိုင်ပွဲမှာလည်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ထားပါတယ်။     ။

လင်းကြည်လင်း ကျော်လွင်