မိုးညှင်းဒေသမှထွက်ရှိသည့် ငါးပေါက်သီးမှတစ်ဆင့် ငါးပေါက်ယိုလုပ်ငန်းများအကြောင်းသိကောင်းစရာ

 

မိုးညှင်းဒေသမှထွက်ရှိသည့် ငါးပေါက်သီးမှတစ်ဆင့် ငါးပေါက်ယိုလုပ်ငန်းများအကြောင်းသိကောင်းစရာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော  တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများကို မိုးညှင်းခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည်။

ကချင်ပြည်နယ်   မိုးညှင်းခရိုင်တွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းအရေအတွက်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိအကြီးစား ၂၂ ခု၊ အလတ်စား အခု ၅၀ နှင့် အငယ်စား  ၇၅၁ ခု စုစုပေါင်း ၈၂၃ ခုတို့  မှတ်ပုံတင်ထားကြောင်း ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှသိရှိရသည်။  

အဆိုပါ မှတ်ပုံတင်ထားသည့် လုပ်ငန်းများမှ    မိုးညှင်းဒေသတွင်   သဘာဝအလျောက် ပေါက်ရောက်ပြီး ငါးပေါက်သီးမှတစ်ဆင့်   ငါးပေါက်ယိုလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မွှေးမွေးခင် ငါးပေါက်သီးယို လုပ်ငန်းရှင်တစ်ဦးနှင့်    တွေ့ဆုံမေးမြန်းမှုများကို  ရေးသားဖော်ပြလိုက်ရပါသည်-

မေး။ လုပ်ငန်းစတင်လည်ပတ်မှုနဲ့ ယခုလက်ရှိအခြေအနေများကို ရှင်းပြပေးပါဦးရှင့်။ 

ဖြေ။ ကျွန်မတို့ ငါးပေါက်ယိုလုပ်ငန်းကို ၂၀၁၃   ခုနှစ်မှစတင်၍   ယနေ့အချိန်အထိ  လုပ်ဆောင်ခဲ့ပါတယ်။   အခုဆို လုပ်ငန်းဆောင်ရွက်ခဲ့တာ  ၁၀ နှစ်ထိရှိလာခဲ့ပါပြီ။ လုပ်ငန်းစတင်လည်ပတ်မှု အခြေအနေကတော့  တော်သလင်းလနဲ့ သီတင်းကျွတ်လတွေမှာ စတင်ဆောင်ရွက်လျက်ရှိပါတယ်။အဲ့လတွေမှာဆိုရင် ငါးပေါက်သီးတွေ စပေါ်တဲ့အချိန်ပေါ့။ အဲ့ဒီအချိန်မှာတစ်နှစ်စာအတွက် ငါးပေါက်သီး ကုန်ကြမ်းရှာစုဆောင်း ရပါတယ်။ ငါးပေါက်သီးကုန်ကြမ်းရပြီဆိုရင် ငါးပေါက်ဆန်လေးတွေ ခြောက်ပြီးချောင်သွားအောင် နေပူလှန်းပေးရပါတယ်။ မိုးရွာတဲ့အခါဆိုရင် မိုးမမိအောင်ပြန်သိမ်း၊ နေပူရင်ပြန်လှန်းပေးရပါတယ်။  ငါးပေါက်ဆန်လေးတွေခြောက်ပြီး ချောင်သွားပြီဆိုရင်တော့ ငါးပေါက်သီးကိုခေါက်ပြီး  ငါးပေါက်ဆန်ထုတ် ရပါတယ်။ ငါးပေါက်ဆန်ကို အဆန်ချည်းပဲ ထုပ်ပိုးပြီးရောင်းချသလို  အုန်းသီး၊ သကြား၊ထောပတ်တို့နဲ့ ယိုထိုးပြီးလည်းရောင်းချပါတယ်။ ငါးပေါက်သီးကို ကိုယ်တိုင်ထွင်ပြီး စားချင်သူတွေအတွက်လည်း  နို့ဆီဘူးသို့မဟုတ် ပြည်တောင်းနဲ့ချိန်ပြီး ရောင်းချပါတယ်။  ငါးပေါက်ယိုထိုးရတာကတော့လူလည်းပင်ပန်းသလို အဆင့်ဆင့်လုပ်ဆောင်ပုံတွေကလည်း များပါတယ်။

မေး။ တိုးချဲ့ထုတ်လုပ်နိုင်မှုအခြေအနေလေးကိုလည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ တိုးချဲ့ထုတ်လုပ်နိုင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး အခုလောလောဆယ်တော့ဆိုင်ခွဲဖွင့်လှစ်ထားမှု  မရှိသေးပါဘူး။ရောင်းရမှုအခြေအနေပေါ်မှာ မူတည်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။မေး။ ပြည်ပပို့ကုန် တင်ပို့နိုင်မှု အခြေအနေလေးကို ပြောပြပေးပါဦးရှင့်။

ဖြေ။ ကျွန်မတို့ ပြည်ပထိတော့တင်ပို့ရောင်းချနိုင်မှုတော့မရှိသေးပေမယ့်  အခုလက်ရှိအခြေအနေမှာတော့ မိုးညှင်းဘူတာအရှေ့ဆိုင်ခန်းမှာဆိုင်ဖွင့်ထားပြီး ရောင်းရာကနေ ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် အပါအဝင်တခြားနယ်မြို့တွေကိုလည်း တင်ပို့ရောင်းချနေပါတယ်။

မေး။ ငါးပေါက်ဆန်စားခြင်းရဲ့အကျိုးကျေးဇူးတွေကိုလည်း ဆက်လက်ရှင်းပြပေးပါဦးရှင့်။

ဖြေ။ ငါးပေါက်ဆန်စားခြင်း၏ အကျိုးကျေးဇူးတွေကတော့ လူ့ခန္ဓာကိုယ်ရဲ့ဦးနှောက်ကို အဓိက အကျိုးပြုတဲ့အစားအစာဖြစ်ပါတယ်။ ငါးပေါက်ဆန် ၊ ငါးပေါက်ယိုစားခြင်းဖြင့် ဦးနှောက်ကိုလန်းဆန်းစေပြီး မှတ်ဉာဏ်ကိုပိုမိုကောင်းမွန်စေတာကြောင့်  ကလေးသူငယ်တွေ၊ ကျောင်းသား၊  ကျောင်းသူတွေနဲ့ လူငယ်လူရွယ်တွေအပြင် လူကြီးတွေပါမကျန် အချိန်အခါမရွေး ရာသီမရွေးစားသုံးလျက်ရှိကြပါတယ်။

မေး။ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေနဲ့ ရည်ရွယ်ချက်တွေကို သိလိုပါတယ်ရှင့်။

ဖြေ။ ဆက်လက်ဆောင်ရွက်မယ့်အခြေအနေတွေနဲ့ရည်ရွယ်ချက်တွေကတော့  မြန်မာနိုင်ငံနေရာအနှံအပြားမှာ    ကျွန်မတို့ငါးပေါက်သီး၊ ငါးပေါက်ဆန်နဲ့  ငါးပေါက်ယိုတွေဝယ်ယူစားသုံးနိုင်ဖို့ကို  ပထမဆုံးလုပ်ဆောင် သွားပါမယ်။ ဒုတိယအနေနဲ့ကတော့ မန္တလေးမြို့မှာ ဆိုင်ခွဲဖွင့်လှစ်နိုင်ဖို့အတွက် ကျွန်မတို့ရည်ရွယ်ထားပါတယ်။

မေး။ နည်းပညာရပ်တွေ ဖြန့်ဝေပေးနိုင်မှုကိုလည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ ဒီငါးပေါက်ယိုလုပ်ငန်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ပူးပေါင်းကာ   နည်းပညာ သင်တန်းတွေနဲ့ အရည်အသွေးတွေကို  ပိုမိုကောင်းမွန်အောင် သင်ကြားပြီး ဖြန့်ဝေပေးသွားဖို့အတွက်တော့ စီစဉ်ဆောင်ရွက်ထားပါတယ်။ နိုင်ငံတကာ အရည်အသွေးပြည့်မီတဲ့အထိ လုပ်ဆောင်သွားဖို့အတွက်  နည်းပညာရပ်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံးထိကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ပြပွဲပြသမှု အခြေအနေတွေကိုလည်း  ဆက်လက်ပြောပြပေးပါဦးရှင့်။

ဖြေ။   ပြပွဲပြသမှုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်တိုင်တိုင်နေပြည်တော်မှာ အသေးစားစက်မှုလက်မှုထုတ်ကုန်နဲ့ ထုပ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများပြပွဲ၊ ပြိုင်ပွဲနဲ့ ဈေးရောင်းပွဲတော်အပြင် MSME လုပ်ငန်းနဲ့ပတ်သက်ပြီး အခြားသောနယ်တွေမှာလည်း  ဝင်ရောက်ပြသ

ရောင်းချခဲ့ပါတယ်။ လူစိတ်ဝင်စားမှုတွေ များပြားခဲ့သလို ရောင်းအားလည်းကောင်းခဲ့ပါတယ်။

မေး။ ကုန်ကြမ်းနဲ့ ဈေးကွက်အခြေအနေတွေလည်း သိလိုပါတယ်ရှင့်။

ဖြေ။ ကျွန်မတို့အနေနဲ့ကတော့ ငါးပေါက်သီးကုန်ကြမ်းဆိုတာမျိုးက တောထဲကနေရယူရတာဖြစ်တဲ့အတွက် အခုအခြေအနေအရ အခက်အခဲလေးတွေ အနည်းငယ်တော့ရှိပါတယ်။ ဈေးကွက်အခြေအနေနဲ့ ပြောရမယ်ဆိုရင်လည်း ပစ္စည်းအဆင့်ဆင့်ကနေ ထုတ်လုပ်မှုအခြေအနေနဲ့ ထုပ်ပိုးမှုကုန်ကျစရိတ်တွေက ကြီးမြင့်လာတာနဲ့အမျှ စားသုံးသူတွေလည်း စိတ်ကျေနပ်မှုရှိစေမယ့် အခြေအနေတွေနဲ့   စားသုံးရတဲ့အရသာလည်း လျော့ကျမသွားအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး  ထုတ်လုပ်နေပါတယ်။ အခုလက်ရှိကျွန်မတို့ကလည်း  လူတန်းစားအလိုက်ဝယ်ယူစားသုံးနိုင်အောင် အကောင်းဆုံးကြိုးစားပြီး ထုတ်လုပ်ရောင်းချနေပါတယ်။

ဆက်လက်ပြီး    ကျွန်မတို့အနေနဲ့ ငါးပေါက်ဆန်ကို ယိုထိုးပြီးရောင်းချရုံသာမကငါးပေါက်ဆန်ကြော်၊  ငါးပေါက်သီးလုံး၊ ချဉ်စော်ခါးသီးယိုလုပ်ငန်းနဲ့  ရဲယိုသီးယိုလုပ်ငန်းစတဲ့လုပ်ငန်းတွေကိုလည်း တွဲဖက်ပြီး ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်ဟု ပြောကြားလိုပါတယ်ရှင့်။

သို့ဖြစ်ပါ၍   မိုးညှင်းခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနက် ငါးပေါက်ယို လုပ်ငန်းသည် မိသားစုအတွက်ဝင်ငွေများ တိုးပွားလာသည်သာမက  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုသည့် လုပ်ငန်းဖြစ်သောငါးပေါက်ယို  လုပ်ငန်းများအကြောင်းကိုရေးသား

တင်ပြလိုက်ရပါသည်။

တွေ့ဆုံမေးမြန်းသူ-နွယ်နွယ်အေး

ဓာတ်ပုံ-ရွှေမိုးညှင်း