နိုင်ငံ့အကြီးအကဲတွေက မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတတ်အောင်၊ မပျောက်ပျက်အောင်နဲ့ မြန်မာ့ယဉ်ကျေးမှုရဲ့ တန်ဖိုးကိုသိအောင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အခုလိုကျင်းပပေးနေတာ ဖြစ်ပါတယ်။

 

နိုင်ငံ့အကြီးအကဲတွေက မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတတ်အောင်၊ မပျောက်ပျက်အောင်နဲ့ မြန်မာ့ယဉ်ကျေးမှုရဲ့ တန်ဖိုးကိုသိအောင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အခုလိုကျင်းပပေးနေတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို  ဦးတည်ချက် (၄)ရပ်ဖြင့် အောက်တိုဘာလ ၂၄ ရက်မှ ၃၀ ရက်အထိ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီး၌   ကျင်းပလျက်ရှိရာ စတုတ္ထမြောက်နေ့၏ဘာသာရပ်အလိုက်၊ အဆင့်အလိုက်ပြိုင်ပွဲများကို  ယနေ့နံနက်ပိုင်းတွင်  ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုပြိုင်ပွဲများတွင် အကဲဖြတ်ကြီးကြပ်ခဲ့သည့် ဗဟိုဒိုင်အဖွဲ့ဝင်များနှင့်  ပြိုင်ပွဲဝင်များ၏ ရင်တွင်းစကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်-

စည်သူအကယ်ဒမီ ဒေါ်နွဲ့နွဲ့စန်း၊

အကပြိုင်ပွဲ၊ ဗဟိုဒိုင်

အခုနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကလေးတွေအားလုံးက တော်ကြပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး တိုးတက်လာပါတယ်။    အရင်ကမတိုးတက်တဲ့ ပြည်နယ်၊ မတိုးတက်တဲ့ခရိုင်တွေတောင်မှ ဒီနှစ်မှာတော်တော်လေးကောင်းလာပါတယ်။

အဲဒါကလည်း ကလေးတွေက သူတို့ရဲ့ခံယူချက်တွေကို နားလည်လာပြီလို့ ပြောရမှာပေါ့။  မြန်မာလူမျိုးရဲ့ အနုပညာနဲ့  ရိုးရာယဉ်ကျေးမှုတွေဟာ  ဘယ်လောက်အထိတန်ဖိုးရှိတယ်၊ ဘယ်လောက်အထိ လေးနက်တယ်ဆိုတာနဲ့ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို နားလည်လာပြီလို့ ယူဆပါတယ်။ မြန်မာ့ရိုးရာအနုပညာတွေကို ကလေးတွေက မသိရင်တောင်မှ ကျွန်မတို့အနေနဲ့ သူတို့သိအောင် လုပ်ပေးရမှာပါ။ အခု ကလေးတွေကသိပြီးတော့  ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ကြတယ်ဆိုတော့ ပိုကောင်းတာပေါ့၊ ကလေးတွေ နားမလည်ရင် နားလည်အောင်သင်ပေးရပါမယ်။   အနုပညာရဲ့ နက်ရှိုင်းပုံ၊ အလေးထားရပုံနဲ့ တန်ဖိုးရှိပုံတွေကို နားလည်အောင်သင်ပြရပါတယ်။ အခု သူတို့ နားလည်လာကြပြီဆိုတော့ ဝမ်းသာစရာပါပဲ။  ကိုဗစ်-၁၉  ရောဂါကြောင့် ပြိုင်ပွဲကြီးကို ကြားထဲမှာ ခဏရပ်နားခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်ခဲ့တဲ့ ကပ်ရောဂါဖြစ်တာကြောင့်သာ ရပ်နားခဲ့တာဖြစ်ပါတယ်။ မဟုတ်ရင်မရပ်ပါဘူး။ သဘင်ပညာက နယ်ပယ် ကျယ်ပြန့်ပါတယ်။

ဇာတ်သူ၊ ဇာတ်သား၊ အရပ်သူ၊ အရပ်သားအားလုံးက အနုပညာရဲ့လေးနက်ပုံ၊ တည်ကြည်ပုံ၊ တန်ဖိုးထားရပုံတွေကို နားလည်လာတဲ့အတွက် အရမ်းဝမ်းသာရမှာ၊ လက်ကမ်းကြိုဆိုရမှာ ဖြစ်ပါတယ်။ နားမလည်သေးတဲ့ ကလေးတွေကိုလည်း နားလည်အောင်သင်ပြပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုသင်ပြ ပေးခဲ့တဲ့အတွက် ရွက်ပုန်းသီးမျိုးဆက်သစ်တွေ အများကြီးထွက်လာပါတယ်။ အဲဒီမျိုးဆက်သစ်တွေက အရမ်းကိုကောင်းလာကြပါတယ်။   နိုင်ငံ့အကြီးအကဲတွေက မြန်မာ့ယဉ်ကျေးမှုကို  ထိန်းသိမ်းတတ်အောင်၊ မပျောက်ပျက်အောင်နဲ့ မြန်မာ့ ယဉ်ကျေးမှုရဲ့တန်ဖိုးကိုသိအောင်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အခုလိုကျင်းပပေးနေတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီး စတင်ကျင်းပကတည်းကနေ အခုအချိန်အထိ ပြိုင်ပွဲကြီးမှာ  ပါဝင်အားဖြည့်လာခဲ့တာ အခုဆိုရင် (၂၄)ကြိမ်မြောက်အထိရှိလာခဲ့ပါပြီ။ နောင်အခါမှာလည်း   အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့    မျိုးဆက်သစ်တွေအနေနဲ့ အနုပညာရဲ့တန်ဖိုးကို တတ်သိနားလည်ဖို့အတွက် ဆက်ပြီးလုပ်နေမှာ ဖြစ်ပါတယ်။

ဦးမျိုးမျိုး(ခ)ဦးမျိုးသူ၊ ချင်းပြည်နယ်၊ အရေးပြိုင်ပွဲ၊

ဝါသနာရှင်(ပထမတန်း)

ဉ္စမအကြိမ်မြောက်  အဆို၊  အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကနေစပြီး အခုအချိန်အထိ နှစ်စဉ်ပါဝင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ကြိုဆိုရေး၊ တည်းခိုရေး၊ စားသောက်ရေး၊ သွားရေး၊ လာရေးကအစ ပြိုင်ပွဲဝင်တွေအတွက် အစစအရာရာပြည့်ပြည့်စုံစုံ စီစဉ်ပေးထားပါတယ်။ အခုလိုပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက်      မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာရောက်သလို မျိုးဆက်သစ်လူငယ်တွေအတွက်လည်း အတွေ့အကြုံအသစ်တွေ၊ အခွင့်အလမ်းအသစ်တွေကို ရရှိစေမှာဖြစ်ပါတယ်။ ပြိုင်ပွဲကြီးမှာပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီးကောင်းလာကြတာကို တွေ့ရတဲ့အတွက် ပြိုင်ဆိုင်မှုတွေ ပိုပြီးအားကောင်း လာတယ်လို့ ပြောလို့ရပါတယ်။    ကျွန်တော်က ယဉ်ကျေးမှု ဝန်ကြီးဌာနက ပင်စင်ယူထားတဲ့ နိုင်ငံ့ဝန်ထမ်းဟောင်း တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးဌာနက  ကြီးမှူးပြီးကျင်းပတဲ့ ပြိုင်ပွဲကြီးမှာ အခုလိုနှစ်စဉ် ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အရမ်းလည်းဂုဏ်ယူမိပါတယ်။ နောင်လာမယ့်နှစ်တွေမှာ ကျင်းပမယ့်ပြိုင်ပွဲတွေမှာလည်း ဆက်လက်ပါဝင်နိုင်ဖို့အတွက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေအနေနဲ့လည်း  မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ  မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက်  မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ   ပါဝင်ယှဉ်ပြိုင်ပြီး ကိုယ့်ရဲ့အရည်အချင်းတွေကို  ထုတ်ဖော်ပြသကြပါလို့  တိုက်တွန်းလိုက်ရပါတယ်။

မရွှန်းလဲ့လဲ့ရွှေရည်ဝင်း၊ ရှမ်းပြည်နယ်၊ အက၊

ဝါသနာရှင်(ဒုတိယတန်း)(အမျိုးသမီး)

ဒီပြိုင်ပွဲကြီးကို  အခုနှစ်မှ   စတင်ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပထမဆုံးအတွေ့အကြုံဖြစ်တဲ့အတွက် အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ်ဝမ်းသာဂုဏ်ယူမိပါတယ်။ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပြိုင်ပွဲဝင်တွေရဲ့ အကအလှတွေကို လေ့လာခွင့်ရသလို ဒေသအသီးသီးက တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ နဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့  ရိုးရာယဉ်ကျေးမှုတွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။  သူတို့ဆီကနေ ကိုယ်မသိသေးတဲ့ပညာတွေနဲ့ အခြားဗဟုသုတရစရာတွေအများကြီးကို လေ့လာခဲ့ရပါတယ်။ အကပညာကို တက္ကသိုလ်ပထမနှစ်ကတည်းကစပြီး ဝါသနာပါခဲ့တာဖြစ်ပါ တယ်။ ပြိုင်ပွဲဝင်တဲ့ အတွေ့အကြုံကတော့ ဒါပထမဆုံးပါ။ ဒီပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ကျွန်မရဲ့ဆရာ ဦးစိုးကျော်ဖြူရဲ့ ဂရုတစိုက် စနစ်တကျ လေ့ကျင့်သင်ကြားပေးမှုတွေကို  တိတိကျကျလိုက်နာခဲ့ပြီး အပြင်းအထန် ကြိုးစားခဲ့ရပါတယ်။ အခြားပြိုင်ပွဲဝင်တွေကလည်း အရမ်းကိုကြိုးစားပြီး ပါဝင်ယှဉ်ပြိုင်ကြတာကို  တွေ့ရပါတယ်။ ညီမအနေနဲ့လည်း   အစွမ်းကုန်ကြိုးစားပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှု ရှိပါတယ်။ အကောင်းဆုံးဆုကိုရရှိဖို့တော့ မျှော်မှန်းထားပါတယ်။ နောင်နှစ်တွေမှာ ကျင်းပမယ့် ပြိုင်ပွဲတွေကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိပါတယ်။  မျိုးဆက်သစ်  ညီငယ်၊  ညီမငယ်တွေအနေနဲ့ နိုင်ငံတော်က ကျင်းပပေးတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ  လာရောက်ယှဉ်ပြိုင်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုကို တစ်ဖက်တစ်လမ်းကနေ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြဖို့ ဆန္ဒပြုဖိတ်ခေါ်လိုက်ပါတယ်။

စောစိုင်းညီဖြိုး၊ ကရင်ပြည်နယ်၊

အဆိုပြိုင်ပွဲ၊ မဟာဂီတ၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုးသား)

ဒီပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ပြိုင်ပွဲအဆင့်ဆင့်ကို ကြိုးစားဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော့်ကို သင်ပြပေးတဲ့ဆရာကလည်း အရမ်းကိုစေတနာထားပြီး သင်ပြပေးခဲ့တဲ့အတွက် အခုအဆင့်အထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဖို့ပြင်ဆင်တဲ့အခါမှာ အဓိကကြုံတွေ့ရတဲ့ အခက်အခဲကတော့   ပြိုင်ပွဲဝင်မယ့်သီချင်းကို စောင်းနဲ့တီးရမှာ ဖြစ်တဲ့အတွက် တော်တော်လေးအခက်အခဲ ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် သီချင်းလေ့ကျင့်ဖို့ အချိန်သိပ်မရခဲ့တဲ့  အခက်အခဲလေးတော့ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲဝင်ဖို့လာတဲ့အချိန်မှာ တစ်ခါမှမတွေ့ဖူးသေးတဲ့  တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက သူငယ်ချင်းအသစ်တွေကိုလည်း အများကြီးတွေ့ရတဲ့အတွက် ပျော်ရွှင်ရပါတယ်။  ပြိုင်ပွဲမှာ အမြင့်ဆုံး ဆုတံဆိပ်ကိုရဖို့အတွက်   အကောင်းဆုံး ကြိုးစားသွားပါမယ်။  မနှစ်ကလည်း ဒီပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင် ဖူးတဲ့အတွက် ဒီနှစ်ကတော့ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ပြိုင်ပွဲဝင်ခါနီးမှာ နေမကောင်းဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်ကလိုမဖြစ်အောင် အစစအရာရာ  ကြိုတင်ပြင်ဆင် ထားပြီးတော့ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အခုလို ပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် ကျွန်တော်တို့လို မျိုးဆက်သစ်ဝါသနာရှင်တွေအတွက် အတွေ့အကြုံတွေအခွင့်အလမ်းတွေ  အများကြီးရရှိစေပါ

တယ်။  နောင်လာမယ့်နှစ်တွေမှာလည်း ဆက်လက်ပြီးတော့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အတွက် အကောင်းဆုံး ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။

မနှင်းရွှေရည်လင်း၊ မန္တလေးတိုင်းဒေသကြီး၊ အတီးပြိုင်ပွဲ၊

ဆိုင်းတစ်ဦးချင်း၊ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)(အမျိုးသမီး)

ပြိုင်ပွဲဝင်ဖို့အတွက် လွန်ခဲ့တဲ့တစ်လလောက်ကတည်းက အပြင်းအထန်ကြိုးစား လေ့ကျင့်ခဲ့ရပါတယ်။   ဆရာကလည်း ဂရုတစိုက်နဲ့ သေသေချာချာ သင်ပေးခဲ့ပါတယ်။   ဒီနေ့ပြိုင်ပွဲမှာ  လွမ်းပိုအောင်သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အခက်အခဲ ကြီးကြီးမားမားတော့ မကြုံခဲ့ရပါဘူး။  အတူတူပြိုင်ပွဲဝင်ကြတဲ့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက  ပြိုင်ပွဲဝင်တွေအားလုံးကလည်း သေသေချာချာ လေ့ကျင့်ပြင်ဆင်လာခဲ့ကြတဲ့ သူတွေဖြစ်တဲ့အတွက် အမှားအယွင်းမဖြစ်အောင်   အတော်လေးဂရုတစိုက်နဲ့ တီးခတ်နိုင်ခဲ့ပါတယ်။  ဒီပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ရတဲ့အတွက်  ဆိုင်းနဲ့ပတ်သက်ပြီး ကိုယ်မသိသေးတဲ့အချက်တွေ၊ ဗဟုသုတတွေ၊ အတွေ့အကြုံတွေ အများကြီးရရှိခဲ့ပါတယ်။  သမီးတို့လို မျိုးဆက်သစ်တွေအနေနဲ့ အခုလိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ရတဲ့အတွက်   အားအင်တွေအများကြီး ဖြစ်စေပါတယ်။ နောက်နှစ်မှာလည်း အခုလိုပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ သမီးတို့လို အခြားမျိုးဆက်သစ် ဝါသနာရှင်တွေ အနေနဲ့လည်း နိုင်ငံတော်ကနှစ်စဉ်ကျင်းပပေးနေတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ပြီး ကိုယ့်ရဲ့အစွမ်းအစတွေကို ထုတ်ဖော်ပြသကြဖို့ တိုက်တွန်းလိုပါတယ်။ 

ပြည့်ဖြိုးဦး