နိုင်ငံတိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့ သူရှိကြပါတယ်။ အဲဒီယဉ်ကျေးမှုတွေမပျောက်ပျက်အောင် ထိန်းသိမ်းရမှာ ကလည်း အဲဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်မတို့ရဲ့လူမျိုး၊ ကျွန်မတို့ရဲ့ရိုးရာ ယဉ်ကျေးမှုတွေကို ပျောက်ပျက်မသွားအောင် နိုင်ငံသားအားလုံ

 

နိုင်ငံတိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့ သူရှိကြပါတယ်။ အဲဒီယဉ်ကျေးမှုတွေမပျောက်ပျက်အောင် ထိန်းသိမ်းရမှာ ကလည်း အဲဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်မတို့ရဲ့လူမျိုး၊ ကျွန်မတို့ရဲ့ရိုးရာ ယဉ်ကျေးမှုတွေကို ပျောက်ပျက်မသွားအောင် နိုင်ငံသားအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဖို့လိုမှာ ဖြစ်ပါတယ်

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲများကို   နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ   အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များ၏ ဝမ်းမြောက်စွာပြောကြားသည့် စကားသံများကိုလည်း ပြန်လည်မျှဝေလိုက်ရပါသည်-

အလင်္ကာကျော်စွာမြင်းမူမောင်နိုင်မိုး

ကွက်စိပ်အကဲဖြတ်အဖွဲ့ခေါင်းဆောင်

ကွက်စိပ်အနေနဲ့က   ဒီနေ့ဆိုရင် ယုန်မင်းဇာတ်ပေါ့လေ။ သီလမြဲတဲ့ယုန်မင်းရဲ့ဇာတ်ထုပ်ကို ဦးပုညဝတ္ထုအထဲက   ပါဝင်ခဲ့တဲ့ဇာတ်ကောင်အကြောင်းဖြစ်ပါတယ်။ တကယ်တော့ အလှူအတန်းသီလ၊ သမာဓိရှိမှုအတွက်ကို  သိကြားမင်းက ပုဏ္ဏားယောင်ဖန်ဆင်းပြီးတော့ မြေခွေးရယ်၊ ဖျံရယ်၊ မျောက်ရယ်၊ ယုန်ရယ်လေးဦးတောအုပ်ထဲကိုအလှူခံတဲ့ဇာတ်ပါပဲ။ ယုန်မင်းရဲ့ စေတနာမှန်၊ မေတ္တာမှန်တွေ ရန်သည်မရှိ ချုပ်ငြိမ်းဘိအတိုင်းပဲ သူ့ရဲ့စေတနာ၊ မေတ္တာ၊ သဒ္ဓါတရားထက်သန်တဲ့အခါမှာ မီးပုံထဲကိုခုန်ဆင်းတာတောင်မှ မီးမလောင်ဘဲနဲ့ သီတာရေစင်ကဲ့သို့  အေးမြတယ်ဆိုတဲ့အကြောင်းလေးကို ဖော်ကျူးထားတာဖြစ်ပါတယ်။  ဒိုင်လူကြီးတွေအနေနဲ့ လည်း  နှစ်စဉ်နှစ်စဉ်အတွေ့အကြုံရှိတဲ့ ဒိုင်လူကြီးအကဲဖြတ်ပြီးတော့မှ သူတို့ရဲ့ အဆို၊ အငို၊ အပြောပေါ့လေ။ ကွက်စိပ်ဖြစ်တဲ့အတွက်ကြောင့်  တစ်ဦးထဲပဲဆို၊ တစ်ဦးထဲပဲငို၊   တစ်ဦးထဲပဲပြောပေါ့။

တကယ်တော့ မင်းသားလည်းသူ၊  မင်းသမီးလည်းသူ၊  ဇာတ်ပို့လည်းသူ၊ ဇာတ်ရံလည်းသူဆိုသလိုပါပဲ။    ကွက်စိပ်ရဲ့ သဘာဝက အင်မတန်မှ ခက်ခဲနက်နဲပြီးတကယ်တမ်းလည်းပဲ နားထောင်ပြီးတော့ ကြည့်ရင် အင်မတန်အကျိုးများပါတယ်။ မြန်မာ့ယဉ်ကျေးမှုအနုပညာထဲမှာ ကွက်စိပ်ပညာဟာ အင်မတန်အရေးကြီးတဲ့ အနုပညာဖြစ်ပြီးတော့ နောင်မျိုးဆက်သစ်တွေအနေနဲ့လည်း ဒီပညာရပ်ကိုလေ့လာပြီး အခုလိုပဲ ပိုပြီးဝါသနာပါလေ့လာလိုက်စားတဲ့ လူငယ်တွေဖြစ်လာအောင် ဒီကွက်စိပ်ဘာသာရပ်ကို ထည့်သွင်းပေးတဲ့ အတွက်ကြောင့် နိုင်ငံတော်ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဟာ အခုဆိုရင် (၂၄)ကြိမ်မြောက်ရှိခဲ့ပါပြီ။

နောက်ထပ်နှစ်ပေါင်းများစွာထပ်ပြီးတော့ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတဆိုတဲ့အတိုင်းပဲအနုပညာရှင်တွေ  တော်တော်များများ စိတ်ဝင်စားကြတဲ့     ဒီပြိုင်ပွဲကြီးကို နှစ်စဉ် နှစ်စဉ်ဆက်လက်ပြီးကျင်းပနိုင်စေဖို့လည်း ကျွန်တော့်အနေနဲ့ ဆန္ဒပြုကြောင်းပြောလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

မကျော့ကျော့သဲ၊ ဝါသနာရှင်

(ဒုတိယတန်း) (အကပြိုင်ပွဲ)

ကျွန်မကတော့ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြုနဲ့ ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်ရှင်။ နိုင်ငံတော်က အခုလို  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကျင်းပပေးတဲ့အတွက် အထူးဝမ်းသာမိပါတယ်။

ကိုယ့်ရဲ့အနုပညာတွေကို ပြသခွင့်ရတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာမိပါတယ်။ သမီးက  အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်းတစ်ဦး ဖြစ်ပါတယ်။  ကျွန်မတို့   အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်မှာ ဆောင်ပုဒ်လေးတစ်ခုရှိပါတယ်။ အဲဒါကတော့ နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု ဖြစ်ပါတယ်။ ယဉ်ကျေးမှုတွေက နိုင်ငံကိုဂုဏ်ပြုထားတဲ့   လက်ဆောင်တစ်ခုဖြစ်တယ်လို့ မြင်မိပါတယ်။ နိုင်ငံတိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့ သူရှိကြပါတယ်။  အဲဒီယဉ်ကျေးမှုတွေ   မပျောက်ပျက်အောင် ထိန်းသိမ်းရမှာကလည်း အဲဒီနိုင်ငံမှာရှိတဲ့ နိုင်ငံသားအားလုံးမှာ  တာဝန်ရှိပါတယ်။  ကျွန်မတို့ရဲ့လူမျိုး၊   ကျွန်မတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပျောက်ပျက်မသွားအောင် နိုင်ငံသားအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဖို့လိုမှာဖြစ်ပါတယ်။ အဲဒီရိုးရာယဉ်ကျေးမှုတွေကို ကျွန်မတို့ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်ကျောင်းကြီးက   ဆက်လက် ထိန်းသိမ်းနေသလို ကျွန်မတို့လို မျိုးဆက်သစ်တွေကလည်း ဆက်လက်ထိန်းသိမ်းကြဖို့   တိုက်တွန်းပြောကြား လိုပါတယ်။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်တွေအနေနဲ့   အနောက်တိုင်းယဉ်ကျေးမှုတွေ   စိတ်ဝင်စားတာကို လက်ခံပါတယ်။   ဒါပေမဲ့ ကိုယ်ရဲ့ရိုးရာယဉ်ကျေးမှုတွေကိုလည်း တန်ဖိုးထားတတ်ကြဖို့ အသီးပေါ်အရွက် မဖုံးမိစေဖို့လည်း လိုမှာဖြစ်ပါတယ်ရှင်။ 

ဦးပစ်တိုင်းထောင်၊ အတီးဒိုင်

(ဆိုင်းဝိုင်းတစ်ဦးချင်း)

အခုလာရောက်ယှဉ်ပြိုင်ကြတဲ့ လူငယ်လေးတွေရဲ့   ကြိုးစားအားထုတ်မှုကို ကျွန်တော့်အနေနဲ့  ကျေနပ်ပါတယ်။ နောက်အလျဉ်းသင့်ရင်လည်း ဒီတစ်ပွဲတည်း တစ်ပွဲတိုးမဟုတ်ဘဲနဲ့ အစဉ်အဆက်ထိန်းသိမ်းသွားရင်  ပိုကောင်းမယ်ဗျ။ လူငယ်အများစုက    မြန်မာ့ဂီတဆိုရင် သိပ်ပြီးစိတ်မဝင်စားချင်ကြဘူး။ အဲဒါကြောင့် အခုပြိုင်ပွဲဝင်တဲ့လူငယ်တွေကို ကျေးဇူးတင်တယ်။ စိတ်ဝင်တစားနဲ့လုပ်ခဲ့ တဲ့ ကလေးတွေဖြစ်တဲ့အတွက် ကျွန်တော်က မြန်မာ့ဂီတမြတ်နိုးတဲ့နေရာကနေ ကြည့်တာပါ။ မြန်မာ့ဂီတကို အခုလိုစိတ်ဝင်စားတဲ့  လူငယ်လူရွယ်လေးတွေ မျိုးဆက်သစ်တွေများများပေါ်ထွက်လေ ကျွန်တော်တို့ဂီတက မပျောက်ကွယ်မှာဖြစ်တယ်။ တည့်တည့်ပြောရရင် အဲလိုမဟုတ်ရင်ပျောက်ကွယ်မှာပဲ။ အခုက ဗဟိုအဆင့် ဆိုတော့ အားလုံးအရည်အချင်းရှိကြတဲ့ ကလေးတွေပါ။  မြို့နယ်အဆင့်/ခရိုင်အဆင့်က  တက်လာတဲ့ ကလေးတွေပါ။

ကလေးတွေမညံ့ပါဘူး။   တော်တော်တော်ကြပါတယ်။ တစ်ခါတလေ ကျွန်တော်တို့တောင် မထင်မှတ်တဲ့ အကွက်လေးတွေ တွေ့ရပါတယ်။ ဆရာတွေရဲ့ သင်ကြားပို့ချမှုတွေ စနစ်ကျတာလည်းပါတာပေါ့။ အကဲဖြတ်တဲ့နေရာမှာ လက်ကျ၊ စည်းဝါးနိုင်နင်းမှု၊ ပတ်လုံးတွေကို  တီးမှုခတ်မှုတွေပေါ့။ ကျွန်တော်တို့ မြန်မာ့အနုပညာကတော်တော် ခက်တယ်။ ပတ်လုံးတစ်လုံးကိုတီးရတာ စည်းဝါးနဲ့ကိုက်အောင်လည်း တီးရတယ်။ သီချင်းနဲ့လည်းကိုက်အောင်တီးရတယ်။ လက်ကွက်လည်း သူများနဲ့မတူအောင် ဆန်းသစ်တဲ့လက်ကွက်လေးလည်းပါရမယ်။ ဆရာ့ဆရာကြီးတွေကထားခဲ့တဲ့ အမွေအနှစ်တွေကိုလည်း ထိန်းသိမ်းတာလည်းပါတယ်။ သုံးမျိုးသုံးစားပေါ့။ အခုလိုပြိုင်ပွဲတွေကျင်းပပေးတာဟာ မြန်မာ့အနုပညာကို ထုတ်ဖော်ပေးတဲ့အတွက်  နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။ အဓိကကတော့ မဟာဂီတပါ။ မဟာဂီတဟာ ကြာလေကြာလေ    ပျောက်ကွယ်လုဖြစ်နေတဲ့အချိန်မှာ ဒီလိုပြိုင်ပွဲတွေက ထုတ်ဖော်ပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲ တွေကိုလည်း ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ အခုလို မျိုးဆက်သစ်တွေကလည်း ထိန်းသိမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

လင်းကြည်လင်း