ရန်ကုန်မြို့လေထု အရည်အသွေး အညွှန်းကိန်း တစ်လအတွင်း ခြောက်ဆ အထိမြင့်တက်လာ

ရန်ကုန်၊ သဘာဝပတ်ဝန်းကျင်

ရန်ကုန်မြို့၏ လေထုအရည်အသွေး အညွှန်းကိန်း ခြောက်ဆ အထိမြင့်တက်လာပြီး ကမ္ဘာ့ထိပ်ဆုံး ငါးနေရာသို့ ပြန်လည်ရောက်ရှိနေကြောင်း Nature Advocacy မှ ကမ်ပိန်း ဒါရိုက်တာ ဦးငြိမ်းဇော်ကို၏ပြောပြချက် အရ သိရသည်။

''ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေး အညွှန်းကိန်းက တစ်ပတ်အတွင်း လေထုညစ်ညမ်းမှု သုံးဆလောက်မြင့် တက်သွား တယ်။ သီတင်းကျွတ် မတိုင်မီ စက်တင်ဘာလက အစိမ်းရောင်အဆင့်ပဲရှိတယ်။

အောက်တိုဘာလ နောက်ပိုင်းမှာ လေထု အညွှန်းကိန်းခြောက်ဆအထိ မြင့်တက်လာတယ်။ အခုအချိန်မှာ အနီရောင်အဆင့် ဖြစ်သွားပြီ။ နိုဝင်ဘာ ၁၉ ရက်က ၁၉၂ ဖြစ်သွားတာကိုကြည့်မယ် ဆိုရင် တစ်လအတွင်း  လေထုအညွှန်းကိန်း ၃ဝ ကနေ ၁၉ဝ အထိ ဆိုတော့ ခြောက်ဆလောက်မြင့်တက်သွားတယ်''ဟု ဦးငြိမ်းဇော်ကိုက ပြောသည်။

COVID-19 ရောဂါကာလအတွင်း ယာဉ်အသွားအလာနှင့် စက်ရုံအလုပ်ရုံ လည်ပတ်မှုများ သာမန်ထက်လျော့နည်း နေသော် လည်း အမှိုက်ကို  စနစ်တကျ မစွန့်ပစ်ဘဲ မီးရှို့ခြင်းများကြောင့် လေထု ညစ်ညမ်းမှု ပိုမိုဖြစ်‌ပေါ် စေကြောင်း ၊ လေထု အခြေအနေသည် ဆောင်းရာသီတွင် အညစ်ညမ်းဆုံးဖြစ်ပြီး အမှိုက်၊ သစ်ရွက်ခြောက် မီးရှို့ ခြင်း နှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။

Harvard တက္ကသိုလ်၏ သုတေသန စစ်တမ်းအရ ညစ်ညမ်းသော လေကို ရှုရှိုက်နေရသူများ COVID-19 ရောဂါ လက္ခဏာ ပိုမိုပြင်းထန် လေ့ရှိပြီး သေဆုံး သည့်နှုန်း ၈ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု ဖော်ပြ ထားကြောင်း သိရသည်။

ဆုလာဘ်