တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်တွင်လည်းကောင်း၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ညောင်တုန်းမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင်လည်းကောင်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်တွင်လည်းကောင်း၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ညောင်တုန်းမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင်လည်းကောင်း ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၃

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင်အခြေပြု၍ ဒေသခံပြည်သူ ၂၅၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၅ ဦး၊ ခွဲစိတ်ရောဂါ ၃၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၂၃ ဦး၊ အရိုးရောဂါ ၃၀ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၅ ဦး၊ မျက်စိရောဂါ ၄၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၉ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် တာဝန်ရှိသူများက ခွဲစိတ်ကုသမှုခံယူပြီးသော လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၌ ၂၀၁၉ ခုနှစ်၊ မတ် ၁၈ ရက်နေ့တွင် မွေးဖွားပေးခဲ့သည့် သားငယ်သံလွင်မောင်အား ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီးကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်းမှ ကလေးငယ် များအား ကလေးအထူးကုပါရဂူက တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောပေးပြီး တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု များကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ မြို့နယ်၊ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိ နေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ   ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် အဖျောက်မြို့၊ လောကမာန်အောင်ဘုရားကြီး(မဟာသံတန်ဆောင်းတော်)၌ အခြေပြု၍ အဖျောက်မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၂၆ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၂၇ ဦး၊ ခွဲစိတ်ရောဂါ ၇၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၂၁ ဦး၊ အရိုးရောဂါ ၃၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၅ ဦး၊ မျက်စိရောဂါ ၁၈၇ ဦးနှင့် သွားရောဂါ ၃၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၂၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၂ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့‌ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့မှ ကျန်းမာရေး ဆောင်ရွက်ပေး မှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဦးအဂ္ဂဝံသ၊ သာသနာ့မဏ္ဍိုင်ကျောင်း(ကိုကိုးကျွန်း)

ဘုန်ဘုန်းက နယ်လှည့်ဆေးကုသရေးအဖွဲ့လာလို့ ဒီကိုလာပြီးတော့ ကျောက်ကပ်တို့ ဆီးချိုတို့လာရောက်စစ်ဆေးပြီး ဆေးကုသမှုခံယူတာပါ။ အခုလိုဆေးကုမှုခံယူတဲ့အခါမှာ စိတ်ချမ်းသာကိုယ် ချမ်းသာနဲ့အားလုံးဆေး ကုသခွင့်ရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ပြည်သူပြည်သားတွေ ကလည်း ဝမ်းပမ်းတသာနဲ့ကြိုဆိုကြပါတယ်။ ဆေးကုသတဲ့အခါမှာလည်း လိုအပ်တာမှန်သမျှ အားလုံးပြည့်ပြည့်စုံစုံ ဆေးဝါးကအစအကူအညီပေးတဲ့ အတွက်အထူးဝမ်းသာပီတိဖြစ်မိပါတယ်။ နယ်လှည့်ဆေးကုရေးအထူးအဖွဲ့က ကိုကိုးကျွန်းမြို့ကိုမကြာခနလာရောက်ဆေးကုသပေးစေလိုပါတယ်။ နိုင်ငံတော် အကြီးအကဲနဲ့တကွ နယ်လှည့်ဆေးကုသအဖွဲ့သားများအားလုံး ဒီနေ့မှစလို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး စိတ္တသုခ ကာယသုခ သုခနှစ်ဖြာပြည့်စုံပြီး လိုအင်ဆန္ဒပြည့် ဝကာ ဘေးအပေါင်း ရန်အပေါင်မှကင်းဝေးပြီး မိမိတို့လိုအင် ဆန္ဒပြည့်ဝစွာဖြင့်တိုင်းပြည်တာဝန်ကိုထမ်းဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဦးအရှိတ်၊ အမှတ်(၄)ရပ်ကွက်၊ အဖျောက်မြို့

ကျွန်တော်မှာဘယ်ဘက်ကပ်ပယ် အိပ်မှာအဆီအကြိက်အဖုရှိတဲ့အ တွက် လာရောက်ပြီတော့ပြသကုသမူခံယူတာပါအခုနှစ်ပိုင်းမှာလျင်မြန်စွာနည်းနည်း ကြီးထွာစလာတဲ့အတွက်လန့်ပါတယ်စိုးရိမ်ပါတယ်။ ဒါပေမယ့် အပြင်မှာ ကျွန်တော်ခွဲစိတ်ကုသဖို့လိုအပ်တယ်လို့တိုက်တွန်းကြပေမယ့်။ ငွေရေးကြေးရေး အခက်အခဲလေးရှိနေတဲ့အတွက်အခုလောက်ကြန့်ကြာသွားတာပါ။ နယ်လှည့် ဆေးကုသရေးသင်္ဘောကြီးလှည့်လည်ကုသနေတဲ့အနေအထားကို ကျွန်တော်တို့ TV သတင်းတွေမှာမကြာမကြာတွေ့ရပါတယ်။ အင်မတန်လည်း မျော့်လင့် တောင့်တ ပါတယ်။ ပြည်သူပြည်သားတွေအနေနဲ့ အင်မတန်မျော်လင့်အားကိုး နေတဲ့အနေအထားတစ်ခုဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွန့်မူကို ခံယူပြီးတော့ပြည်သူတွေအပေါ်မှာ စိတ်စေတနာအပြည့်နဲ့ စွမ်းဆောင်နိုင်သမျှ ဆောင်ရွက်နေတယ်လို့လည်း အစကတည်းကလည်း ယုံကြည်ပါတယ်။ အခုမျက်ဝါးထင်ထင်လည်းတွေ့ရပါတယ်။ ဒိအတွက်လည်း တပ်မတော်ကာကွယ်ရေးဦးချုပ်ကြီးနှင့်တကွ တပ်မတော်မိသားစုအားလုံးကို ကျွန်တော်တို့အနေနဲ့လှိုက်လဲစွာကျေးဇူးတင်ရှိပါတယ်။ ဂါဝရလည်းပြုပါတယ် လို့ ပြောလိုပါတယ်။