ယဉ်ကျေးမှုဆိုသည်မှာ သိမ်မွေ့ပြေပြစ် သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကား လာသော လူမှုအဆင့်အတန်း၊ အစဉ်အလာ အားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့စရိုက် စသည်ဖြင့် မြန်မာ့အဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆို ထားသည်။ မြန်မာတို့သည် ရှေးကာလကပင် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားကြောင်း ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ သုဝဏ္ဏဘူမိ စသောရှေးဟောင်း မြို့ပြနိုင်ငံများတွင်တွေ့ရသည်။ ထို့နောက် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်တို့တွင် ယဉ်ကျေးမှုများ ဆက်လက်ထွန်းကားခဲ့သည်။ မြန်မာနိုင်ငံ၌ ဗိသုကာအနုပညာသည် ရှေးအကျဆုံး အနုပညာဟုဆိုနိုင်ပါသည်။ ထိုဗိသုကာ အနုပညာပေါ်တွင် မွမ်းမံမှု အဆင်တန်ဆာ ခြယ်သခြင်းသည်ပင် မြန်မာ့ရိုးရာယဉ်ကျေး မှုတစ်ရပ်အဖြစ် ရပ်တည်ဖြစ်ထွန်းစေခဲ့ပါသည်။ ထိုသို့သော ယဉ်ကျေးမှုအနုပညာ လက်ရာများစွာတွေ့မြင်နိုင်သည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ များတွင် ရှေးဟောင်းမြန်မာဘုန်းတော်ကြီးကျောင်းများသည် သမိုင်းဝင်ကဏ္ဍ တစ်ခုအနေဖြင့် ရှေ့ဆုံးက ပါဝင် နေပေသည်။
ကမ္ဘာ့မြေပေါ်ရှိ လူသားမျိုးနွယ်၏ ဖြစ်တည်မှုအစောဆုံးဖြစ်သည့် လွန်ခဲ့သော နှစ်သန်း ၄ဝ က ပရိုင်းမိတ် ရုပ်ကြွင်း အစိတ် အပိုင်းများကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ မြိုင်မြို့နယ်အတွင်းတွေ့ရှိခဲ့ရာမှ ''လူသားမျိုးနွယ်အစ မြန်မာက''ဟုထင်ရှား ခဲ့သည်။ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်သည် မြန်မာ့သမိုင်းအမွေ အနှစ်များ ပေါကြွယ်ဝ ရုံမျှမက စာဆိုပညာရှင်များပေါ်ထွန်းရာ ဒေသတစ်ခုလည်းဖြစ်သည်။ ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်သည့် စာရင်း များအရ မြိုင်မြို့နယ်အတွင်း ဘုရားပုထိုး စေတီပေါင်း ၁၃၇၉ ဆူနှင့် ဘုန်းတော်ကြီး ကျောင်း ၃၉၁ ကျောင်းရှိသည့်အနက် တည်ဆောက်မှုမှတ်တမ်းအရ လွန်ခဲ့သည့် နှစ်ပေါင်း ၂၈ဝ ကတည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံး ရှေးဟောင်းသစ်သားကျောင်းကြီးဖြစ်သည့် ''မနောရမ္မာရွှေအုံတုံဘုန်းကြီးကျောင်း''သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
မနောရမ္မာရွှေကျောင်းတော်ကြီးသည် မြိုင်မြို့၏အရှေ့တောင်ဘက် ၄ မိုင်အကွာ သနပ်ပင်အုပ်စု၊ ပခုက္ကူမှ မြိုင်သို့သွားရာ ကားလမ်း၏ လက်ယာဘက်အတွင်း ၁ မိုင် ခန့်အကွာ ဗိမ္မာန်မကျေးရွာ၌တည်ရှိသည်။ မနောရမ္မာရွှေကျောင်း၏ အဓိပ္ပာယ်မှာ ''မနော-စိတ်ကို၊ ရမ္မတိ-မွေ့လျော်စွာ၏'' ဟုဖြစ်သဖြင့် မနောရမ္မာ ဟူသည် ရှုမြင်ရသူ တိုင်း၏စိတ်ကို ကြည်နူးမွေ့လျော်ဖွယ်ရာ ဖြစ်စေ၏ဟုအဓိပ္ပာယ်ရရှိပြီး အရပ်ဒေသက ''အုံတုံပင်'' ရွှေကျောင်းတော်ကြီးဟု ခေါ်ကြသည်။ ကမ္ပည်းမှတ်တမ်းများအရ မနောရမ္မာရွှေကျောင်းကို မြန်မာ သက္ကရာဇ် ၁၁ဝဝ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁၅ ရက်၊ ခရစ်သက္ကရာဇ် ၁၇၃၈ ခုနှစ်၊ မေလ ၆ ရက် စနေနေ့တွင် ဗိမ္မာန်မရွာနှင့် ကပ်လျက် တစ်ချိန်ကတည်ရှိခဲ့သည့် စိန့်ကန်(စဉ့်ကန်)ရွာနေ ကျောင်းဒကာ ဦးဆုသာ ဇနီး ဒေါ်ဇံဖြိုးနှင့် သားသမီးဆွေမျိုးအပေါင်း တို့မှစုပေါင်းပြီး ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်း မဟာဓမ္မရာဇာဓိပတိ လက်ထက်တွင် စတင်တည်ဆောက်ခဲ့သည်။
မြန်မာသက္ကရာဇ် ၁၁ဝ၄ ခုနှစ်၊ ဒုတိယဝါဆို လဆန်း ၁၂ ရက် (ခရစ်နှစ် ၁၇၄၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်) သောကြာနေ့တွင် ဆောက်လုပ်ပြီးစီး၍ လေးနှစ်နှင့်နှစ်လကြာ မျှအချိန်ယူဆောက်လုပ်ခဲ့သည်။ ထိုကျောင်း တော်ကြီး ဆောက်လုပ်ပြီးစီးသည့်နေ့မှာပင် အရှင်ဥတ္တမာလင်္ကာအား လှူဒါန်းခဲ့သည်။ ထိုကျောင်းတော်ကြီး၏ သက်တမ်းသည် ယနေ့ဆိုလျှင် နှစ်ပေါင်း ၂၈၂ နှစ်ကျော်ကြာ အောင်တည်ရှိခဲ့ပြီးဖြစ်ပါသည်။ မြန်မာ့ သမိုင်း ခေတ် အဆက်ဆက်ဆောက်လုပ်ခဲ့ သမျှ သစ်သားကျောင်းများတွင် နှစ်အရှည် ကြာဆုံးတည်တံ့အောင် ထိန်းသိမ်း နိုင်ခဲ့ သော လက်ရာမြောက်လှသည့် ကျွန်းသား ကျောင်းကြီးတစ်ကျောင်းပင်ဖြစ်ပါသည်။ ထိုကျောင်း တော်ကြီးသည် မြန်မာနိုင်ငံ၏ အသည်းနှလုံးအမွေအနှစ်ဖြစ်၏။ အထူး ခြားဆုံးနှင့်ရှေးအကျဆုံး သမိုင်းဝင် အမွေ အနှစ်များထားရှိရာ ကျောင်းတော်ကြီး လည်းဖြစ်၏။ ကျောင်းတော်ကြီးရှိ ကမ္ပည်း မှတ်တမ်းတို့အရ မနောရမ္မာကျောင်းကြီးကို တည်ဆောက်ခဲ့စဉ်က ရှေးမြန်မာဘုန်းတော် ကြီးကျောင်းများ ဆောက်လုပ်မှုဗိသုကာ ပုံစံ အတိုင်း ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်မကြီးနှင့် ဘောဂဆောင်စသည့် စုလစ်မွမ်းချွန်တို့ဖြင့် အလွန်တင့်တယ် လှပစွာ တည်ဆောက်ထား ခဲ့ဟန်ရှိသည်။ ကျောင်းတော်ကြီးမှာ အလျားခုနစ်ပင် ခြောက်ခန်းနှင့် အနံခြောက်ပင် ငါးခန်းဖွဲ့ကာ တည်ဆောက်ထားသည်။ အခန်းတစ်ခန်းလျှင် ၄ တောင်(၆ပေ) အကျယ်ထားလျက် ကျွန်းတိုင်ပေါင်း ၂၅၂ လုံးဖြင့် တည်ဆောက် ထားခဲ့သည်။
ကျောင်းတော်ကြီး၏အမိုးမှာ ဘုံသုံးဆင့် ရှိပြီး မြေပြင်မှ အမိုးထိပ်အထိ ပေ ၄ဝ ကျော်ရှိသည်။ ကျောင်းကြီး၏ အောက်ခြေမှ ခါးပန်းအထိ အမြင့် ၇ ပေရှိသည်။
သို့သော် မပြုပြင်မီအခြေအနေအရ ၅ ပေ ခန့်သာရှိတော့၏။ ကျောင်းကြီးအကာနှင့် ကြမ်းခင်းတို့ကို ထု( ၁ ဒသမ ၅ လက်မ)၊ ဗြက် ၆ လက်မခန့်ရှိသော ပျဉ်ပြားဖြင့်ကာရံ ခင်းထားပြီး အားလုံးကိုကျွန်းများဖြင့် တည်ဆောက် ထားသည်။ ကျောင်းကြီး အတွင်း ကျက်သရေခန်းမုခ်ကို ရွှေပိန်းချ သီဟာသနပလ္လင်တင်၍ ခန်းဆီးများကိုမူ ဟင်္သာရုပ်များ၊ ပန်းကွက်၊ ပန်းပြောက်များ၊ သစ်သားပန်းပု၊ ရုပ်ကြွတို့ဖြင့်ကွက်ဖော်ထား သည့်အပြင် မျက်နှာကြက် များကို ရွှေရည် သုတ်ထားသည့်အကွက်များဖြင့် အလှဆင်ထားသည်။ ဂဠုန်၊ နဂါး၊ သစ်သားပုံများ
အစုံစုံ အထူးထူးသော အနုပညာလက်ရာမွန် တို့ဖြင့်ထုဆစ်ထားပြီး ရွှေရည်သုတ်လိမ်းကာ ရွှေပိန်းချထားသည်။
ကျောင်းကြီး၏ အကာပျဉ်များ၏အပြင် ဘက်တွင် ရှေးဟောင်းလက်ရာ သစ်ထွင်း ပန်းပုလက်ရာ များ(ဒေါင်းအမျိုးမျိုး၊ ခြူးပန်း၊ ခြူးနွယ်များ) အား ဖော်ကျူးထားသည်ကို တွေ့ရ၏။ ဝင်ထွက်ပေါက်တံခါး တို့ကို တံကဲ ပုံပန်းအလှဖော်ထား၏။ တံကဲပတ်လည်ကို ကနုတ်ပန်းကွက်များဖြင့် ပေါင်ခတ်ထားပြီး ထိပ်တွင်ပြာ သာဒ်ပုံအား ထည့်သွင်းထား၏။
တံကဲမှန်ကင်းအလယ်တွင် ဥဒေါင်းများကို ဟန်အမျိုးမျိုးဖြင့် ထည့်သွင်းထုလုပ်ထားသည်မှာ အလွန်လက်ရာ မြောက်လှ၏။ ကျောင်းအတွင်းပိုင်းတွင် ပန်းပုရုပ်ကြွရုပ်လုံးပညာရှင်များ၊ သစ်စေးဟင်္သာပြဒါးကိုင်ကြရသူများ၊ ရွှေဆိုင်းပညာရှင်များ၊ ပန်းပွတ်ပညာရှင်များ၊ ရွှေဇဝါရေးပညာရှင်များ၊ စာတိုက်သေတ္တာ လုပ်ပညာရှင်များ၊ သရိုးပန်းချီ ပညာရှင်များ၊ ပေစာရေးသူများ၊ ပန်းပဲသမားများဖြင့် တည်ဆောက်ခဲ့ကြသည်။ ဘာသာ၊ သာသနာ၊ ပညာနှင့် အနုပညာလက်ရာတို့တွင် ရှေးက ပခန်းနယ်၊ ယခုမြိုင်မြို့နယ်သည် ခေတ်ရှေ့ ဆောင်ဆိုရ မလောက်ထွန်းတောက်ခဲ့သည်။
ထိုသို့ အလွန်ခံ့ညားထည်ဝါသည့် ကျောင်းတော်ကြီးမှာ အရွယ်ငယ်သော်လည်း မင်းဧကရာဇ်တို့တည် ဆောက် သည့် ကျောင်းများနှင့်မခြား ခံ့ညားလှသည်။
ကျောင်းကြီးတည်ဆောက်ခဲ့သည့်အချိန်သည် ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးဘုရင် မဟာဓမ္မရာဇာဓိပတိ (ခရစ်နှစ် ၁၇၃၃-၁၇၅၂) စိုးစံနေချိန်ဖြစ်သည်။
ယင်းအချိန်တွင် မြန်မာနိုင်ငံကို ကသည်း တို့တိုက်ခိုက်မှုများကြောင့် ချင်းတွင်းမြစ် ရိုးတစ်လျှောက်နှင့် မူးမြစ်ဝှမ်း ဒေသများတွင် အခြေအနေများ ယိမ်းယိုင်နေခဲ့ကာ ယင်းနယ်များတွင် ဘုရင့်သြဇာသက်ရောက် မှုနည်းပါးချိန်ဖြစ် သည်။ ထိုခံ့ညားထည်ဝါ လှသောကျောင်းတော်ကြီးကို မင်း၏ခွင့်ပြု ချက်တောင်းရန်မလိုသောအခြေအနေနှင့် စစ်နှင့် ဝေးကွာခဲ့သည့်အရပ်တွင် တည်ရှိခဲ့သဖြင့် အလှူရှင်များက ကျောင်းကြီးအား စိတ်တိုင်းကျတည်ဆောက်ခဲ့ ဟန်ရှိသည်ဟု သမိုင်းပညာရှင် ဒေါက်တာတိုးလှက သုံးသပ်ခဲ့သည်။
ထိုခေတ်ထိုအခါက ဘုန်းတော်ကြီး ကျောင်းများကို လူအများစုပေါင်းလှူဒါန်းမှု ရှိသကဲ့သို့ တစ်ဦးချင်း ဆောက်လုပ်လှူဒါန်း သည်ကိုလည်းတွေ့ရသည်။ ထိုခေတ် ဘုန်းတော်ကြီးကျောင်းများတွင် စာပေပိဋ ကတ် အလွန် တတ်ကျွမ်းသော ပုဂ္ဂိုလ်များရှိပြီး ပြည်သူတို့ကို အသိပညာ၊ စာပေများသင်ကြား ပို့ချပေးရုံမျှမက နောင်သံသရာအတွက်ပါ လမ်းညွှန်ပြသပေးသော သူတော်စင်များ ဖြစ်ကြသည်။ ထို့ကြောင့် ဘုန်းတော်ကြီး ကျောင်းများသည် သံသရာအကျိုးအတွက် နည်းလမ်းပြသွန်သင်ပေးသော သူတော်စင် တို့နေထိုင်ရာဖြစ်သည်။
ဗုဒ္ဓဘုရားရှင်၏ သာသနာတော်ကြီး စည်ပင်ထွန်းကားရန် အားထုတ်ကြကုန် သော ဘုရားသားတော်၊ သံဃာ တော်တို့ သီတင်းသုံးနိုင်ရန်ရည်သန်လျက် မနောရမ္မာ ကျောင်းတော်ကြီး(ခေါ်) အုံတုံပင်ရွှေကျောင်း တော်ကြီးကို ငွေ ၂၈၂၅ ကျပ်ကိုထုတ်စွန့် ကာ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်သည်။
ထိုခေတ်ထိုအခါက ငွေကြေးတန်ဖိုးအရ ငွေ ၂၈၂၅ ကျပ်ဆိုလျှင် ရွှေ ၁၇၆ ဒသမ ၆ ကျပ်သားရရှိပြီး ရွှေတစ်ကျပ်သား တန်ဖိုး မှာ ငွေ ၁၆ ကျပ်ဖြစ်သည်။ ယနေ့ခေတ် တန်ဖိုးငွေနှင့် နှိုင်းယှဉ်မိပါက သိန်းပေါင်း ၂၂၉၅ သိန်းကျော်ရှိ၏။ ထိုခေတ်အခါအရ ကြီးမားသည့်ကုန်ကျစရိတ်ပင်ဖြစ်ပြီး သဒ္ဓါ တရားကြီးမားရက် ရောလှသည်ကို အထင်း သားတွေ့ရပေသည်။
အလှူရှင်ဇနီးမောင်နှံသည် မိမိ၏အလှူမှတ်တမ်းကို ကျောင်းတော်ကြီး၏ အရှေ့မြောက်ထောင့်ရှိ လူမမီသော အပေါ် ထုပ်တန်းတွင် ကျောင်းတော်ကြီးနှင့်ဆိုင်သော အချက်အလက်များကို စာကြောင်းရေ ၁၃ ကြောင်းဖြင့် ရွှေဇဝါရေး ကမ္ပည်းမှတ်တမ်း ရေးသားကာ အလှူမော်ကွန်းရေးထိုးခဲ့ သည်။ အလှူရှင်သည် ရတနာသုံးပါးကိုး ကွယ်ယုံကြည်မှု၊ စာပေကျမ်းဂန်အရပ်ရပ် နှံ့စပ်ကျွမ်းကျင်မှု၊ အမြော်အမြင်ရှိမှုတို့မှာ ချီးကျူးဖွယ်ပင်ဖြစ်သည်ကို အလှူမော်ကွန်းနှင့် ကျောင်းတော်ကြီးက သက်သေပြနေသည်။ ဦးဆုသာမိသားစုနှင့် နှစ်ဖက်ဆွေမျိုး တို့က မနောရမ္မာရွှေကျောင်းကြီးကို ညောင်းရမ်းခေတ်နှောင်း နိုင်ငံမငြိမ်မသက်ဖြစ်နေစဉ် တည်ဆောက်လှူဒါန်း ခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံပြိုလဲနေသောအချိန်တွင် အလှူရှင်တို့ တစ်သက်တာ စုဆောင်းခဲ့ရသည့်ဥစ္စာတို့အား ရန်သူမျိုးငါးပါးက လက်မဦးမီ သာသနာတော် အတွက် လက်ဦးမှု ရယူလိုက်ခြင်းဖြစ်သည်။ ခေတ်ပျက်စပြုနေချိန်တွင် သံသရာ ပါနိုင် အောင်ဆောင်ရွက်ခြင်းဟုလည်း ဆိုနိုင် စရာရှိသည်။
သမိုင်းဆိုသည်ကား သိသင့်သောအရာ တစ်ခုဖြစ်ပြီး သမိုင်းထဲမှ အတွေ့အကြုံများ၊ သင်ခန်းစာများသည် ဘဝကိုမြင်တတ် စေသည့် ပညာများကိုပေးသည်။ မြန်မာ နိုင်ငံ၏ ရှည်လျားသည့်သမိုင်းကြောင်းနှင့် အတူဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် လေ့လာ စရာနေရာများသည် အလျှံအပယ်ပင်ရှိသည်။ မနောရမ္မာ ရွှေကျောင်း တော်ကြီးတွင် ကျွန်တော်တို့ ဘိုး၊ ဘွားတို့၏ တန်ဖိုးမဖြတ် နိုင်သည့် ရှေးဟောင်းအမျိုးသားယဉ်ကျေးမှု အမွေအနှစ်များစွာတို့ရှိပါသည်။ သမိုင်း တန်ဖိုးကိုသိသူ၊ ယဉ်ကျေးမှုတန်ဖိုးကိုသိသူ၊ ချစ်မြတ်နိုးသူတို့အဖို့ တန်ဖိုး မဖြတ် နိုင်သည့် ရတနာတစ်ပါးပင်ဖြစ်ပြီး မနောရမ္မာ ရွှေကျောင်းတော်ကြီးသည် ရှေးခေတ်မြန်မာ လူမျိုးတို့၏ ကောင်းမြတ်သောယဉ်ကျေးမှု အမွေစစ်စစ်ဖြစ်ပါသည်။ ကျောင်းအတွင်း၌ ကျောင်းနှင့်အတူလှူဒါန်းခဲ့သော အသုံး အဆောင်များကို စနစ်တကျထားရှိကာ ပြည်တွင်းပြည်ပပညာရှင်များ လာရောက်လေ့လာနိုင်အောင် ဒေသ ယဉ်ကျေးမှုပြတိုက် အဖြစ် ပြုလုပ်ဖွင့်လှစ်ထားသင့်ပါသည်။ ထိုမျှသက်တမ်းရှိသော ကျွန်းသားဖြင့် တည်ဆောက် ထားသည့် ဘုန်းတော်ကြီး ကျောင်းမျိုးသည် မြန်မာနိုင်ငံတွင် မည်သည့် ဒေသတွင်မျှမရှိချေ။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ထိုအမွေခံကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ထားရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင် သဘာဝအလျောက်တည်ရှိနေသော ယဉ်ကျေးမှု ပတ်ဝန်းကျင်၊ လူသားတို့ ဖန်တီးမှုကြောင့် ဖြစ် ပေါ်လာ သော ယဉ်ကျေးမှု ပတ်ဝန်းကျင်၊ သဘာဝ အလျောက်ဖြစ်ပေါ်မှုနှင့် လူတို့ဖန်တီးမှု ကြောင့် ဖြစ်ပေါ်မှု နှစ်မျိုး စလုံးရောယှက် နေသော ယဉ်ကျေးမှုပတ်ဝန်းကျင်ဟူ၍ သုံးမျိုး သုံးစားခွဲခြားသတ်မှတ်ပြီး ယဉ်ကျေးမှု ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အမွေအနှစ်ဟူ သည် နှစ်ပေါင်းတစ်ရာကျော်ပါက ရှေး ဟောင်းသမိုင်းအမွေအနှစ် တစ်ခုဖြစ်လာတတ်ကြသည်။
မနောရမ္မာရွှေကျောင်းတော်ကြီးသည် သိသူနည်းပြီး လူသူအရောက် အပေါက် လည်းကျဲသည့် နေရာဒေသတွင် ရှိ၏။ လေ့လာအတုယူစရာယဉ်ကျေးမှုလက်ရာ တို့သည် မြန်မာ့သမိုင်းအတွက် အထောက်အကူရရှိစေပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်ကို ထိုတိုင်းပြည် ၌နေသူတို့သည် အမြတ်တနိုးတန်ဖိုးထား ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ တပ်မတော် အကြီးအကဲအနေဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းသူပီပီ နှစ်ပေါင်း ၂၈၂ နှစ်ရှိပြီဖြစ်သည့် မနောရမ္မာ ရွှေကျောင်းတော်ကြီး၏ သမိုင်းကြောင်း အခြေအနေကိုသိရှိသောအခါ ယဉ်ကျေးမှု အမွေအနှစ် မပျောက်စေလိုသော ဆန္ဒဖြင့် ထိန်းသိမ်းပြုပြင်ရန် ကြိုးပမ်းခဲ့သည်။ တပ်မတော် အနေဖြင့် မနောရမ္မာ ရွှေကျောင်းတော်ကြီးအားပြုပြင်ရန်အတွက် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာ ၂၃ ရက် တွင် မြေပြင်ကွင်းဆင်းခြင်းစတင်ဆောင် ရွက်ခဲ့သည်။ ကျောင်းတော်ကြီးဆောက် လုပ်စဉ်က အဆောင်ပေါင်း ၁၂ ဆောင်ပါရှိပြီး အရှေ့အနောက် ၁၇ ခန်း၊ တောင်မြောက် ၁၃ ခန်းရှိသော်လည်း ကွင်းဆင်း ဆောင်ရွက်သည့်အခါ အရှေ့ အနောက် ခြောက်ခန်း၊ တောင်မြောက် ငါးခန်းသာ ကျန်ရှိပြီး အလျား ၄၁ ဒသမ ၆ ပေ၊ အနံ ၂၇ ဒသမ ၆ ပေရှိကြောင်း တွေ့ရှိရပါသည်။ ကျောင်းတော်ကြီး၏ ကြမ်းခင်းများ မှာ နှစ်ကာလကြာမြင့်မှုကြောင့် ဆွေးမြည့် ခြင်းနှင့် အခင်းများကျိုးပဲ့ပြီး အပေါက်များ ဖြစ်ပေါ်လျက်ရှိပါသည်။ ထုတ်လျောက် များမှာလည်း နှစ်ကာလကြာမြင့်စွာ အမိုးဒိုင်းမြှားများ၏ ဝန်ကို ထမ်းထားရခြင်းကြောင့် အဆက်နေရာများတွင် ကွာဟ ပျက်စီး နေခြင်း၊ ထုတ်ယောက်အချို့ ကွဲအက်ပျက်စီးနေ ခြင်းနှင့် ဆွေးမြေ့ပျက်စီးနေခြင်း၊ တိုင်နှင့် ကြမ်းခင်း ထိစပ်သော နေရာများတွင် ပြုတ်ထွက်ပျက်စီးနေခြင်း၊ ယခင်က သစ်သားပြား အမိုးများဖြင့်ဆောင်ရွက်ထားပြီး လွန်ခဲ့သော ၇ နှစ်ခန့်က ၎င်းသစ်သားပြားအမိုးအထက် တွင် နီညိုရောင်သွပ်အမိုးများဖြင့် ပြန်လည် အုပ်မိုးထားသော်လည်း ၎င်းသစ်သားပြား အမိုးအချို့ ဆွေးမြေ့ပျက်စီးနေလျက်ရှိပါ သည်။ ရွှေကျောင်းတော်ကြီး ၏ ၁ လက်မ ထုရှိ ကျွန်းသစ်များဖြင့် ပြုလုပ်ထားသည့် သစ်သားနံရံအချို့မှာလည်း ဆွေးမြေ့ပျက်စီး လျက်ရှိပါသည်။ ၎င်းအပြင် ကျောင်းတော်ကြီး အတွင်းရှိ တံခါးပေါက် ၅ ပေါက်အနက် တံခါးပေါက် နှစ်ပေါက်မှ တံခါးရွက်မှာ ပျောက်ဆုံးနေပြီး ကျွန်းတိုင်လုံးအချို့မှာလည်း ဆွေးမြေ့ပျက်စီးနေလျက်ရှိပါသည်။ ရွှေကျောင်း တော်ကြီး၏ ဘေးတွင် အုံတုံ ကျောင်းတိုက် အသစ်ဆောက်လုပ်စဉ်အခါက မူလရွှေကျောင်းတော်ကြီးရှိ လှေခါးများမှာ ကျောင်းဆောင်သစ်နှင့် လွတ်ကင်းမှုမရှိသဖြင့် ဖယ်ရှားခဲ့ပြီး ယခုအခါတွင် ရွှေကျောင်း တော်ကြီးအား ယာယီလှေခါးဖြင့်သာ တပ်ဆင်အသုံးပြုလျက်ရှိပါသည်။ ရွှေကျောင်း တော်ကြီးအတွင်း ရှေးဟောင်းရွှေဇဝါ ပန်းချီ၊ မြန်မာမှုလက်ရာဆေးရေးပန်းချီများ ဆောင်ရွက်ထားသော နေရာများမှအပ ကျောင်းတော်ကြီး ရေရှည်တည်တံ့ရန် အတွက် ရေနံချေးသုတ်ရန် လိုအပ်လျက် ရှိသည်ကိုကွင်းဆင်း တွေ့ရှိ ခဲ့ရသည်။
မနောရမ္မာရွှေကျောင်းတော်ကြီး ပြုပြင် ဆောင်ရွက်ရန် လိုအပ်ချက်များအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လမ်းညွှန် မှုပေးခဲ့ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ကြပ်မတ်မှု၊ ပခုက္ကူ တပ်နယ်မှူး၏ ဦးဆောင်မှုတို့ဖြင့် ဒေသခံဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ သစ်သားကြမ်းခင်း လဲလှယ် ပေးခြင်း၊ ကျွန်းတိုင်၊ နံရံနှင့်တံခါးများ လဲလှယ်တပ်ဆင်ခြင်း၊ အုတ်ဖိနပ်ပြုပြင်ခြင်း၊ ရှေးဟောင်း ပစ္စည်း တင်စင်ပြုလုပ်ပေးခြင်းနှင့် မီးဆလိုက်တပ်ဆင်ပေးခြင်း၊ မြန်မာမှု လက်ရန်းလှေခါးပြုလုပ်ပေးခြင်း၊ ကျွန်းသား အမိုးပြားများ လဲလှယ်ပေးခြင်း၊ ထုတ်၊ ယောက်၊ တိုင်ခွါ၊ တိုင်ကလပ်များပြုပြင် လဲလှယ်ပေးခြင်းနှင့် ကျောင်းဆောင် ရေနံချေး သုတ်ပေးခြင်း စသည့်လုပ်ငန်းစဉ်အလိုက် အဆင့်ဆင့်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သည့်အတွက် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင် ဘာလ ၅ ရက်တွင် ပြုပြင်ခြင်းလုပ်ငန်းများ ရာခိုင်နှုန်းအပြည့် ပြီးစီးခဲ့ပြီဖြစ်ပါသည်။
နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များအား ခေတ်စနစ် ထွန်းကားမှုကြောင့် ပျက်စီး ပျောက်ကွယ် မသွားစေရေး ထိန်းသိမ်းရာတွင် မူလ ရှေးဟောင်းလက်ရာများ ပျောက်ကွယ်မသွား အောင် အထူးအလေး ထားလုပ်ဆောင်သင့် သည့်အရာပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် ရှေးဟောင်း လက်ရာသမိုင်းအမွေအနှစ်များနှင့် သဘာဝ အလှအပ များအား လေ့လာလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ချင် အောင်ဆွဲဆောင်နိုင်သည့် သဘာဝအရင်း အမြစ်အလှအပ၊ သဘာဝယဉ်ကျေးမှု များစွာရှိသည်။ မန္တလေးသို့ လာရောက် လည်ပတ်သော ဧည့်သည်များသည် သာသနိက အဆောက်အအုံများနှင့် မှတ်တမ်း ကျောက်စာများ၊ ခေါင်းလောင်းစာများကို အထူးအလေးထား လေ့လာလေ့ရှိပါသည်။
မန္တလေးနန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်သည်လည်း စိတ်ဝင်စား ဖွယ်ရာဖြစ်ပြီး ရှေးခေတ်ဘုရင် များ၏ လုပ်ငန်းဆောင်တာများနှင့် နေရာချထား မှုကိုလေ့လာနိုင်သော နေရာဖြစ်သည်။ နန်းမြို့အတွင်းတွင် ကုန်းဘောင် ခေတ်တွင် အသုံးပြုခဲ့သည့် ရှေးဟောင်းအမြောက် ၂၄ လက်၊ ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံ ထုတ် အမြောက် ၅ လက်နှင့် အမေရိကန် နိုင်ငံထုတ် အမြောက် ၁ လက်တို့အား ဖြန့်ကြဲပြသ ထားလျက် ရှိပါသည်။
ထိုသို့ဖြန့်ကြဲပြသခြင်းအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်သည့် မြနန်း စံ ကျော် ရွှေနန်းတော် ပရဝဏ်အတွင်းရှိ ရှေးဟောင်း အမွေနှစ် သမိုင်းဝင်အမြောက်များအား တစ်နေရာ တည်းတွင် တစုတစည်းတည်း အများပြည်သူများ လေ့လာနိုင်စေရန် ရည်ရွယ်ကာ မန္တလေးနန်းမြို့တွင်း၌ အလျား ၉၆ ပေ၊ အနံ ၇၇ ပေ၊ အမြင့် ၅၂ ဒသမ ၆ ပေ၊ RC တစ်ထပ်အဆောက်အဦ ၃၅၃၄၉၉၂ဝဝ ကျပ်တန်ဖိုးရှိ အမြောက်ပြတိုက်ကို ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၁၉ ရက် နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂.၆.၂ဝ၂ဝ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။
၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ တွင်ဖွင့်လှစ်ပေးခဲ့ပြီး ၎င်းပြတိုက်ကို ရှေးဟောင်းသုတေသနနှင့် အမျိုး သား ပြတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ ပါသည်။
မြန်မာ့ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ် အဆောက်အဦများကို တန်ဖိုးထား ထိန်းသိမ်းထားရှိပြီး ပြည်တွင်း၊ ပြည်ပ နှင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များကို လာရောက်လည်ပတ်စေခြင်းဖြင့် ဒေသခံတို့ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ပြီး ဝင်ငွေရရှိစေမည် ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းမှ တစ်ဆင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာလူမှုတန်ဖိုးနှင့် စီးပွားရေး တန်ဖိုးတို့ကို သတိပြုမိလာစေမည် ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးစီမံကိန်းများဖွံ့ဖြိုးတိုးတက်လာပြီး ခရီးသွားဧည့်သည်များနှင့် ဒေသခံ များအကြား ယဉ်ကျေးမှုချင်းဖလှယ်နိုင်သည့် အခွင့်အလမ်းများရရှိစေနိုင်ပါသည်။ လူထုအခြေပြု ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် နိုင်ငံတော်အတွက် အေးချမ်းမှု၊ တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှု တို့ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေမည်ဖြစ်ပါသည်။
မြန်မာမှုအဆင်တန်ဆာများနှင့် တင့်တယ်ထည်ဝါခဲ့သည့် မနောရမ္မာရွှေကျောင်းတော်ကြီးအားကြည့်ခြင်းအားဖြင့် ရှေးမြန်မာလူမျိုးတို့၏ဉာဏ်အမြင်၊ အနုပညာစွမ်းရည်၊ အတွေးအခေါ်နှင့် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားမှုကို တွေ့နိုင်သည်။ နောင်မျိုးဆက် သစ်လူငယ်များ အတွက်ကား တန်ဖိုးမဖြတ် နိုင်သောယဉ်ကျေးမှု အမွေအနှစ်များ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ပါသည်။ တာဝန်ရှိသည်ဆိုသည် ထက် အမျိုးသား အမွေအနှစ်ဟူသော အသိဖြင့်သာ ထိထိ ရောက်ရောက်လုပ်ဆောင်ပါက အမျိုးဂုဏ်၊ ဇာတိဂုဏ် မပျောက်ဘဲ ယဉ်ကျေးမှုအမွေ အနှစ်စစ်စစ်များ မြန်မာပြည်အတွင်း ထာဝစဉ် တည်ရှိနေမည်သာဖြစ်ပါ တော့သည်။
ဇော်မင်းထွန်း(ရေနံချောင်း)၊ မောင်မျိုးအောင်(ပန်းဧရာ)