မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ

မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ

 

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မျိုးဆက်သစ်အားကစား သမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲ   ဖွင့်ပွဲကို   နိုဝင်ဘာလ ၃ ရက်က ကန့်ဘလူမြို့နယ် မြို့မအားကစားကွင်း  (ဘောလုံးကွင်း)၌ ကျင်းပသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစားသမား များက ကွင်းအတွင်းနေရာယူပြီး အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြကာ    ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌအား အလေးပြုကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က အားကစားသမား ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ကျောင်းသား၊   ကျောင်းသူများအနေဖြင့် အားကစားပြိုင်ပွဲ၏ ရည်ရွယ်ချက်များနှင့် အညီ  ယှဉ်ပြိုင်ကြစေလိုကြောင်း၊ အားကစားကဏ္ဍအလိုက် တာဝန်ယူ ကျင်းပကြမည့်ကော်မတီဝင် အသီးသီးတို့ကလည်း မိမိတို့ကျရာ တာဝန်ကို    စနစ်တကျကြီးကြပ် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဘောလုံးပြိုင်ပွဲကို စတင် ကျင်းပရာ အ.ထ.က(၁)နှင့် အ.ထ.က (၂)အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ   ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲတွင် ဘောလုံး(အမျိုးသား)၊ ဘော်လီ ဘော(အမျိုးသား၊ အမျိုးသမီး)၊ ပိုက်ကျော် ခြင်း(အမျိုးသား)၊ ပြေးခုန်ပစ်(အမျိုးသား၊ အမျိုးသမီး)နှင့် စားပွဲတင်တင်းနစ်(အမျိုး သား၊ အမျိုးသမီး)ပြိုင်ပွဲများကို နိုဝင်ဘာလ ၃ ရက်မှ ၉ ရက်အထိ သက်ဆိုင်ရာနေရာ အသီးသီး၌ ကျင်းပလျက်ရှိကြောင်း သိရ သည်။

အဖွင့်ပွဲစဉ်အဖြစ်     ယှဉ်ပြိုင်သော အ.ထ.က (၁) အသင်းနှင့် အ.ထ.က (၂) အသင်းတို့တွင် အ.ထ.က (၁)အသင်းက ၄ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။